လုပ်ငန်းခွင်ထဲတွင်ဖြစ်စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ၊ အသင်းတော်တွင်ဖြစ်စေ ပဋိပက္ခတွေကို မြင်တွေ့ရတတ်ပေသည်။ ထိုအရာများကို လူများသည် မနှစ်သက်ကြချေ။ သို့သော်လည်း ရင်ဆိုင်ကြုံတွေ့ကြရသည် မဟုတ်ပါလား။
လူ့သဘောသဘာဝအရတော့ အရာရာ အဆင်ပြေချောမွေ့နေခြင်းကိုတော့ လူတိုင်းကြိုက်နှစ်သက်ကြသည်။ အဆင်မပြေသော ပဋိပက္ခများကို ရင်ဆိုင်ရမည်ကို စိုးရိမ်ကြပါသည်။ သို့သော်လည်း ရင်ဆိုင်ကြုံတွေ့ကြရပေသည်။ ထိုပဋိပက္ခအပေါ် ရှုမြင်သော အမြင်နှင့် ရင်ဆိုင်သောသွင်ပြင်လက္ခဏာအပေါ်တွင် မူတည်၍ ရလဒ်များနှင့် ဆုံးရှုံးမှုများသည် ကွာခြားသွားချေသည်။
ကြုံတွေ့ကြရသော ပဋိပက္ခတွေကို အချို့ကလည်း သဘောမတွေ့သလို စိတ်ခံစားချက်ပေါ်လိုက်၍ ဖြေရှင်းကြသည်။ ပဋိပက္ခကို ပြဿနာတစ်ခုလိုရှုမြင်ကာ ရှောင်ပြေးခြင်း၊ ဖြစ်သလို ရင်ဆိုင်ခြင်း၊ ခံစားချက်ဖြင့် ဖြေရှင်းခြင်း၊ အမျက်ဒေါသဖြင့် ဖြေရှင်းခြင်းများကိုလည်း လုပ်ဆောင်တတ်ကြသည်။ ထိုသို့နှင့် ရင်ဆိုင်ရသော ပြဿနာသည် ပိုကြီးထွားသွားခြင်း၊ မခေါ်မပြောနိုင်ဖြစ်ရခြင်း၊ မိတ်ပျက်သွားခြင်း စသဖြင့် ဆုံးရှုံးမှုများကိုရင်ဆိုင်ရနိုင်ပေသည်။
ထိုပဋိပက္ခကို ကိုင်တွယ်ရန် အမျက်ထွက်ခြင်းသည် အနှောက်အယှက်တစ်ခုဖြစ်နိုင်သည်။ စိတ်ဆိုး ဒေါသထွက်ခြင်းသည် မိဿဟာယကိုပျက်စေသည်။ အသင်းတော်၏ ရူပါရုံသို့သွားရာလမ်းတွင် ဆူးညှောင့်ခလုပ်ဖြစ်စေသကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေခြင်းများကိုဖြစ်စေသည်။ ယုံကြည်သူများသည်လည်း လူဖြစ်သည့်အတွက် စိတ်ဆိုးဒေါသထွက်နိုင်ပါသည်။ သို့သော် ထိုအရာကို မတိုးပွားစေရန် သတိပြုကာ ပဋိပက္ခများကို ကိုင်တွယ်ကြရမည်။ စိတ်ဆိုးအမျက်ထွက်သည်ကို အခွင့်ပေးခြင်းသည် စာတန်၏ ဝါးမျိုနှောက်ယှက်ခြင်းကို တဖြေးဖြေးဖြစ်စေသည့်အတွက် ပဋိပက္ခမှသည် ပျက်ပြားစေခြင်းသို့ ဦးတည်သွားတတ်သည်ကို သတိပြုကာ ထိုသို့သော အခွင့်ကို မပေးမိစေရန် သတိပြုဆင်ခြင်သင့်ပေသည်။
ဧဖက်ဩဝါဒစာ ၄:၂၆-၂၇
အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။
အမျက်မပြေဘဲ နေမဝင်စေနှင့်။ မာရ်နတ်ကို အခွင့်မပေးကြနှင့်။
ထို့ကြောင့် ပဋိပက္ခများဖြစ်ရာတွင် အမျက်ဒေါသဖြင့် ကိုင်တွယ်ဖြေရှင်းခြင်းသည် အသင်းတော်တွင်ဖြစ်စေ၊ အဖွဲ့အစည်း၊ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်၊ လူနေမှုဘဝထဲတွင် မိတ်ပျက်ကာ ဆုံးရှုံးခြင်းကိုသာ ဦးတည်တတ်သည်။ ပဋိပက္ခများအပေါ်သို့ ကျွန်ုပ်တို့၏ ရှုမြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းသည့်အပေါ်တွင်လည်း များစွာ မူတည်နေပါကြောင်း အနည်းငယ် ဝေမျှခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။