ကျွန်တော်တို့သည် တစ်ခါတစ်ခါတွင် စိတ်မြန်လက်မြန်ပြုမူတတ်ကြသည်။ သတိထားနေပါသော်လည်း စိတ်မြန်လက်မြန်ပြောဆိုလိုက်ခြင်း၊ ပြုမူလိုက်ခြင်းတွေကြောင့် မလိုအပ်သော အရာများဖြစ်လာတတ်ကြသည်။ ထိုအရာများသည် ပဋိပက္ခများ၏ ဖြစ်တည်ရာ ရပ်ဝန်းတစ်ခုဟု ဆိုရရင်လည်း မမှားချေ။
လုပ်ငန်းခွင်မှာဖြစ်စေ၊ ပတ်ဝန်းကျင်မှာဖြစ်စေ၊ အပေါင်းအသင်းမိတ်ဆွေတွေ ကြားမှာဖြစ်စေ၊ ဘုရားကျောင်းမှာဖြစ်စေ စသဖြင့် အမျိုးမျိုးသော နေရာတွေမှာလည်း ထိုသို့ပြုမူပြောဆိုခြင်းတွေကြောင့် မလိုအပ်သော ပြဿနာများ၊ အဆင်မပြေမှုများကို ဖြစ်ပေါ်လာစေတတ်ကြသည်။
မိမိ၏ စိတ်ခံစားချက်အလိုက် ပတ်ခနဲ ပတ်ခနဲ ပြန်ပြောလိုက်ခြင်း၊ လျှင်မြန်စွာ ဆုံးဖြတ်၍ပြောဆိုခြင်း၊ ပြုမူခြင်းတွေ စသဖြင့်သောအရာတွေကို ကျွန်ုပ်တို့အသက်တာမှာ သတိထားကာ ဆင်ခြင်ရမည်ဖြစ်သည်။ ဒါ့ကြောင့် တစ်ဖက်မှပြောသောစကား၊ တစ်ဖက်မှအမြင်၊ တစ်ဖက်မှ ခံစားချက် စသဖြင့်တွေကို ထည့်သွင်းစဥ်းစားရမည်။ သို့မှသာ ထိုပဋိပက္ခဖြစ်တည်ရာ ရပ်ဝန်းကို အဖြေရှာနိုင်မည်မဟုတ်ပါလား။
တစ်ခါတစ်လေမှာ ကြားရသောစကားသည် စိတ်ဆိုးစရာ၊ စိတ်နာစရာ၊ စသဖြင့် ခံစားကောင်း ခံစားရနိုင်သည်။ ဒီလိုအရာတွေကို စိတ်ခံစားချက်အတိုင်း လျှင်မြန်စွာ ပြုမူခြင်း ပြန်တုန့်ပြန်ခြင်း၊ ဒေါသထွက်၍ အပြုအမူမှားယွင်းမိခြင်း၊ နှုတ်ဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလက်ရောက်သော်လည်းကောင်း မှားယွင်းသည်အထိ ဖြစ်သွားတတ်ကြသည်မဟုတ်ပါလား။ ထိုသို့ဖြစ်လျှင် ကောင်းမွန်သော အခြေအနေတစ်ခုဖြစ်မလာနိုင်သလို ပြဿနာ၏ အဖြေကိုလည်း ရနိုင်မည်မဟုတ်ချေ။
ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကားပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။
ဒါ့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများသည် မိမိတို့၏ စိတ်ခံစားချက်များအတိုင်းလိုက်၍ ပြုမူပြောဆိုမိခြင်းတွေကို သတိနှင့်ရှောင်သင့်ပေသည်။ သူတပါးပြောသော စကားများကိုလည်း သေချာစွာ နားထောင်တတ်သောသူ၊ ကြားရသောစကားများအပေါ်တွင်လည်း လျှင်မြန်စွာ တုန့်ပြန်သူ မဖြစ်စေဘဲ ဆင်ခြင်ပိုင်းခြားကာ တုန့်ပြန်တတ်သောသူဖြစ်စေပါ။ ထိုစကားများအပေါ်သို့လိုက်၍ မိမိစိတ်ခံစားချက်ကို ဦးစားပေးပြီး အမျက်ဒေါသထွက်ခြင်းငှာ အရှိန်ထိန်းနိုင်သော ဘရိတ်ရှိစေပါ။ ဆက်လက်၍လည်း ပဋိပက္ခဖြစ်တည်ရာ ရပ်ဝန်း၏ အဖြေကိုရှာနိုင်၍ ကောင်းမွန်သော ရလဒ်များကို ရယူနိုင်ပါစေဟု အနည်းငယ် တိုက်တွန်းခွန်အားပေးလိုက်ပါတယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။