Skip to content

“အ​ချင်း​ချစ်​သူ၊ မ​ကောင်း​သော​နည်း​ကို မ​လိုက်​နှင့်၊ ကောင်း​သော​နည်း​ကို​သာ လိုက်​လော့။ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်၏။ မ​ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​မူ​ကား၊ ဘု​ရား​သ​ခင်​ကို မ​သိ​မ​မြင်​ရ​ပြီ။”
ရှင်ယောဟန်ဩဝါဒစာတတိယစောင် ၁း၁၁
“Beloved, do not imitate evil but imitate good. Whoever does good is from God; whoever does evil has not seen God.”
3 John 1:11

မကောင်းတာ(evil)နဲ့ကောင်းတာ(good) ဘယ်ဟာပိုများပြီး ပိုအလေးသာလဲဆိုတာ ချိန်ခွင်နဲ့ချိန်လို့မရသလို၊ မှန်ထဲကြည့်လည်းမမြင်ရပါဘူး။ သို့သော် သိနိုင်သည်မှာ ကိုယ်ဟာ ဘယ်တခုနောက်ကို “ပိုပြီးလိုက်နေသလဲ” (imitate) ဆိုတဲ့အကျင့်အားဖြင့်ပါပဲ။ ကောင်းသောအကျင့်ကိုကျင့်တဲ့သူဟာ ဘုရားသခင်နှင့်စပ်ဆိုင်ပြီး(from God)၊ မကောင်းသောအကျင့်ကိုကျင့်တဲ့သူဟာ ဘုရားသခင်ကိုမသိမမြင်ရသေးတဲ့လူ(has not seen God)လို့ ရှင်ယောန်ကဆိုပါတယ်။
စဉ်းစားကြည့်ပါ။ ချစ်သောလူငယ်တို့ ဘုရားသခင်ကိုတွေ့ချင်တယ်၊ မျက်မှောက်တော်ထဲမှာမွေ့လျော်ချင်တယ်၊ အမြဲနေချင်တယ်၊ ရှိချင်တယ်၊ ဘယ်အရာနဲ့မှမလဲနိုင်ပါဘူးလို့ဆိုနေပြီး အသက်တာက မကောင်းသောနည်းကိုလိုက်နေသေးတယ်ဆိုရင် ဘုရားနဲ့စပ်ဆိုင်ပြီးဘုရားကိုသိမြင်တဲ့သူဟုတ်ပါ့မလား။ “ဒီလိုပြောကြေးဆို ခရစ်ယာန်တယောက်မှ ဘုရားနဲ့စပ်ဆိုင်တဲ့သူရှိတော့မှာမဟုတ်ဘူး” လို့သင်ပြောကောင်းပြောပါလိမ့်မယ်။

နှုတ်ကပတ်တော်က ရှင်းပါတယ်။
ပထမဆုံး ကောင်းသော(good)နည်းကိုလိုက်ပြီး မကောင်းသောနည်း(evil)ကိုမလိုက်ဖို့ပြောပါတယ်။ ဘာကြောင့်လဲဆိုရင် ဤလောကကြီးဟာ နေ့စဉ်နဲ့အမျှ တိုးတက်ပြီး ပြောင်းလဲနေသလို၊ ထိုတိုးတက်ပြောင်းလဲခြင်းတွေနဲ့အတူ ဆိုးညစ်သောအရာတွေကလည်း နေ့စဉ်နဲ့အမျှ တိုပွါးလာလျက်ရှိပါတယ်။ ဒါကြောင့်နေ့စဉ်အသက်ရှင်နေရချိန်တိုင်းမှာ ကိုယ်ဟာအမြဲတမ်း ကောင်းသောအရာတွေကိုပဲမြင်နေရမှာမဟုတ်ပါဘူး။ ကိုယ့်ကိုဆွဲချမယ့်အရာတွေ၊ သခင်ဘုရား၌ရှိသောကိုယ့်ရဲ့ဖြစ်ခြင်း “စံ”ကိုအပေးအယူလုပ်နိုင်တဲ့အရာတွေ၊ စုံစမ်းသွေးဆောင်ခြင်းတွေ၊ ပြောရင်မကုန်နိုင်လောက်အောင် အများကြီးပါပဲ။ ဒီလိုအရာတွေထဲမှာ လဲပြိုနေတဲ့လောကီသားတွေနဲ့အတူ ကိုယ်တိုင်ကနှစ်သက်အတုယူလဲပြိုနေမယ်ဆိုရင်တော့ စဉ်းစားစရာပါပဲ။ ဒါကြောင့် ဘုရားသခင်ရဲ့သားသမီးမှန်လျှင် မကောင်းသောလောကမှာအသက်ရှင်လှုပ်ရှားနေရသော်လည်း ကောင်းသောနည်းကိုလိုက်သော(imitate)သူတွေဖြစ်ဖို့ အင်မတန်မှသတိပြုရပေမည်။ လောကနှင့်မဆိုင်ဘဲ လောကရဲ့အလင်းနဲ့ဆားအဖြစ်လောကမှာ အသက်ရှင်ဖို့ရန် ချစ်သောလူငယ်တို့သတိပြုပါလေ။

ဒုတိယအနေနဲ့ ကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ဟာဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်ပြီး(from God) မကောင်း​သော​အ​ကျင့်​ကို ကျင့်​သော​သူ​ဟာ ဘု​ရား​သ​ခင်​ကိုမ​သိ​မ​မြင်​ရ​ပြီ(has not seen God) လို့ဆိုပါတယ်။ သခင်ခရစ်တော်လူ့ဇာတိကိုခံယူပြီး လောကမှာအသက်ရှင်လှုပ်ရှားခဲ့စဉ်ကာလပတ်လုံး အပြစ်ဒုစရိုက်ကိုမပြုခဲ့ပါ။ သူဟာ ခမည်းတော်ထံကလာသောသူ၊ ဘုန်းကိုထင်ရှားစေသောသူ၊ အပြစ်နဲ့ကင်းတဲ့သိုးသူငယ်၊ ဤလောကရဲ့ကယ်တင်ရှင်ဖြစ်တယ်။ သခင်ခရစ်တော်ဟာ ခမည်းတော်ကိုမြင်တွေ့ရသလို ယခုပင်လျှင်ခမည်းတော်၏လက်ယာဘက်မှာထိုင်လျက် အမှုဆောင်လျက်ရှိပါတယ်။ ပြောချင်တာက သခင်ခရစ်တော်ဟာ ကောင်းကင်ကလာသောသူ တနည်းဆိုရလျှင် ခမည်းတော်ထံမှလာသောသူဖြစ်တယ်ဆိုတာ သူရဲ့ဒုစရိုက်နဲ့ကင်းစင်ခြင်း၊ ဒုစရိုက်ကိုမပြုခြင်းတို့အားဖြင့်သိနိုင်သလို၊ “ယေရှု”ဆိုတဲ့ နာမည်ရဲ့အနက် “မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည့်သူ” ဆိုသည့်အရာအားဖြင့်အရှင်းအလင်းသိနိုင်ပေသည်။ ဒါကြောင့် သခင်ယေရှုခရစ်တော်ဟာ ဘုရားသခင်နှင့်စပ်ဆိုင်သလို ဘုရားသခင်ကိုသိမြင်ရသောသူဖြစ်ပါတယ်။ ဘုရားသခင်နှင့်လူတို့စပ်ကြားမှာ “လူ”ဖြစ်သော “ယေရှုခရစ်”တည်းဟူသော”အာမခံ”တဦးတည်းရှိတယ်ဆိုတာဘယ်လိုမှငြင်းလို့ မရပါဘူး။ ဘယ်လောက်ပင်ကောင်းတဲ့သူ၊ မြင့်မြတ်တဲ့သူဖြစ်နေပါစေ ဘုရားသခင်နှင့်ကျွန်ုပ်တို့ရဲ့ကြားမှာ အာမခံပေးသူဟာ သခင်တပါးတည်းပဲရှိပါတယ်။ ထိုသခင်ကိုအစဉ်မျှော်ကြည့်ခြင်းကသာ ကောင်းသောအကျင့်ကိုကျင့်ဖို့ရန်၊ ဘုရားသခင်ကိုသိမြင်ဖို့ရန် တခုတည်းသောလမ်းဖြစ်ပါတယ်။

“ကိုယ်​ကု​သိုလ်​ကြောင့် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​မ​ဟုတ်။ သို့​ဖြစ်၍ အ​ဘယ်​သူ​မျှ ဝါ​ကြွား​စ​ရာ အ​ခွင့်​မ​ရှိ။- အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။”
ဧဖက်ဩဝါဒစာ ၂း၉-၁၀

“ကိုယ်​တော်​သည် ငါ​တို့၏​အ​ပြစ်​များ​ကို ဆောင်​သွား​ခြင်း​ငှာ ထင်​ရှား​ပေါ်​ထွန်း​တော်​မူ​သည်​ကို သင်​တို့ သိ​ကြ၏။ ကိုယ်​တော်၌​လည်း အ​ပြစ်​မ​ရှိ။- ကိုယ်​တော်၌​တည်​နေ​သော​သူ မည်​သည်​ကား၊ ဒု​စ​ရိုက်​ကို မ​ပြု​တတ်၊ ဒု​စ​ရိုက်​ကို ပြု​တတ်​သော​သူ မည်​သည်​ကား၊ ကိုယ်​တော်​ကို​မ​သိ မ​မြင်​ရ​သေး။”
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၃း၅-၆

ဒုစရိုက်နှင့်ကင်းစင်သော သခင်ယေရှုအားဖြင့်၊ ဤလောကရဲ့အပြစ်ကိုဆောင်သွားသော သိုးသငယ်အားဖြင့် ကောင်းသောနည်းကိုလိုက်လျက်၊ ကောင်းသောအကျင့်ကိုကျင့်လျက် ဘုရားသခင်ကိုသိမြင်လျက် သခင့်ရဲ့သန့်ရှင်းခြင်း၊ဖြောင့်မတ်ခြင်းတို့ကိုယူတင်ဝတ်ဆောင်အသက်ရှင်သောလူငယ်တို့ဖြစ်မည်အကြောင်း

မေတ္တာဖြင့်