Skip to content

သခင်​ယေရှုခရစ်​တော်ကို ဖမ်းပြီးသည့်​နောက်တွင် လူများသည် ​ယေရှုကို အပြစ်တင်ခြင်း၊ ​ရိုက်ပုတ်ခြင်း၊ စော်ကားခြင်းများစွာလုပ်​ဆောင်​ပြောဆိုကြသည်။ ဘုရားသခင်၏သား​တော်မှန်လျှင် ကားတိုင်​ပေါ်ကဆင်းခဲ့ပါလားဟု​သော ခနဲ့​သောစကားများ၊ ရွဲ့​သောစကားများကိုလည်း ​ပြောဆိုကြသည်ကို​တွေ့ရ​ပေသည်။

သို့​သော် သခင်​ယေရှုသည် ဘုရားသခင်၏သား​တော်မှန်​သော်လည်း ထိုသူတို့​ပြောသကဲ့သို့ မလုပ်​ဆောင်ခဲ့ပါ။ အဓိကရည်ရွယ်ချက်ကိုသာ ဦးစား​ပေးခဲ့သည်ကို​တွေ့ရသည်။ အကယ်၍သာ သခင်​ယေရှုသည် ကားတိုင်မှဆင်း၍ သက်​သေပြခဲ့မည်ဆိုလျှင် ကားတိုင်တက်၍ အ​သေခံခြင်းအစီအစဥ်ပျက်ကာ လူသားတို့အတွက် ကယ်တင်ခြင်းအစီအစဥ် ​​ရွေ့​လျော့ပြောင်းလဲသွား​ပေမည် မဟုတ်ပါလား။

တခါတ​လေတွင် ကျွန်ုပ်တို့လူသားတို့တွင်လည်း ထိုသို့​သော အရာမျိုးကို ရင်ဆိုင်ရတတ်သည်။ “ဘာမှန်ရင် ဘာလုပ်ပြ၊ သတ္တိရှိရင် ထွက်ခဲ့” စသဖြင့်​သော အရာများကိုလည်း ​တွေ့ကြုံရတတ်သည်။ သို့​သော် သခင်​ယေရှုက​တော့ ဘုရားသခင်၏သား​တော်မှန်​သော်လည်း မလိုအပ်ဘဲ လုပ်​ဆောင်ပြခဲ့ခြင်းမရှိပါ။ အဓိကအရာကိုသာဦးစား​ပေးခဲ့ခြင်းတို့သည် ကျွန်ုပ်တို့အတွက်လည်း ဆင်ခြင်စရာပင်ဖြစ်​ချေသည်။

သခင်​ယေရှုသည် တံ​တွေး​ထွေးခံရခြင်း၊ ရိုက်ပုတ်ခြင်း၊ ခနဲ့သလို ရိသလို​ပြောဆိုခြင်းများကို များစွာခံခဲ့ရသလို မတရားစွပ်စွဲခံရခြင်း၊ ညှဥ်းဆဲခြင်းများကိုလည်းခံခဲ့ရ​ပေသည်။ ကားတိုင်လမ်းတ​လျှောက်ကိုကြည့်လျှင်လည်း ​သွေးများစီးကျကာ ဒဏ်ရာများနှင့် လူမဆန်စွာ ဆက်ဆံခံရခြင်း၊ ရိုက်ပုတ်ခြင်းများသည် စိတ်နှလုံး​ကြေကွဲစရာမြင်ကွင်းပင်ဖြစ်​ချေသည် မဟုတ်ပါလား။

ရှင်မဿဲခရစ်ဝင် ၂၇:၄၃
သူသည် ဘုရားသခင်ကိုကိုးစားပြီ။ ငါသည် ဘုရားသခင်၏သားဖြစ်၏ဟုဆိုပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် သူ၌ အလိုတော်ရှိလျှင် ယခုပင် ကယ်တင်တော်မူပါလေစေဟု ပြက်ယယ်ပြု၍ ပြောဆိုကြ၏။

သို့​သော် “ကားတိုင်​ပေါ်မှဆင်းပါ၊ သက်​သေပြပါ၊ ကိုယ့်ကိုကိုယ်ကယ်တင်ပါ” စသဖြင့်​သော စကားတို့ကို လစ်လျှူရှုကာ နာကျင်ခံစားရသည့်လမ်းကိုသာ​ဆက်​လျှောက်ခဲ့ခြင်း၊ အ​မှောင်မိုက်ဆုံး​သောကာလကိုဖြတ်သန်းခြင်းသည် မည်သည့်အတွက်များဖြစ်ပါလိမ့်မည်နည်း။

ရှင်မဿဲခရစ်ဝင် ၂၇:၄၅
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။

​မြေပြင်တစ်ခုလုံး​မှောင်မိုက်အတိဖြစ်သည့်အချိန်ကို ကိုယ်​တော်တပါးတည်းသာ အ​ဖော်မဲ့စွာ ဖြတ်သန်းရခြင်း၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟုခံစားရခြင်းတို့သည် မည်သူ့အတွက်ကြောင့်များဖြစ်လိမ့်မည်နည်း။

သခင်​ယေရှုသာ ထိုအ​မှောင်ထုကို မရင်ဆိုင်ဘဲ ကားတိုင်​ပေါ်မှဆင်းနိုင်သည်ဟုသက်​သေပြခဲ့လျှင်၊ သခင်​ယေရှုပေါ်တွင် လူသားတို့၏အပြစ်များကို မတင်​ဆောင်ဘဲ ခမည်း​တော်၏စွန့်ပစ်ခြင်းသာ မရှိခဲ့လျှင်၊ ထိုသို့ သခင်တပါးတည်းသာ အထီးကျန်စွာ အ​မှောင်ထုကို မဖြတ်သန်းခဲ့လျှင်​တော့ ကျွန်ုပ်တို့လူသားများအတွက် ကယ်တင်ခြင်းသည် အဆင်​ပြေမည်မဟုတ်ပါ။

ကျွန်​တော်တို့သည်လည်း နာကျင်​နေရခြင်း၊ ငို​ကြွေး​နေရခြင်း၊ စိတ်နှလုံး​ကြေကွဲခြင်းများစွာကို ကြုံ​တွေ့​ရနိုင်သလို မြင်​တွေ့ရနိုင်​ပေသည်။ လူများ၏ငြင်းပယ်ခြင်း၊ မတရားစွပ်စွဲခံရခြင်းများလည်း ကြုံ​တွေရနိုင်သကဲ့သို့ ညှဥ်းဆဲခံရခြင်း၊ နှိပ်စက်ခံရခြင်းများလည်း ရှိနိုင်​ပေလိမ့်မည်။ ကျွန်ုပ်တို့သည်လည်း အ​မှောင်ထုကိုဖြတ်သန်းရသည့်ကာလတစ်ခုရှိနိုင်သည်ဖြစ်​သော်လည်း ကျွန်ုပ်တို့တစ်ဦးတည်းမဟုတ်ဘဲ ထို​မှောက်မိုက်အထဲတွင်လည်း သခင်​ယေရှုအတူရှိသည်ဆိုသည်ကို သိမှတ်ဖို့ရန်ဖြစ်သည်။

သခင်​ယေရှုဖြတ်သန်းခဲ့ရ​သော မတရားခြင်းများ၊ အဓမ္မအမှုများ၊ ရက်စက်စွာ နှိပ်စက်ခြင်း၊ ညှဥ်းဆဲခြင်းများစသဖြင့်တို့နှင့် အထီးကျန်စွာဖြတ်သန်းခြင်း၊ အ​မှောင်ထုကိုရင်ဆိုင်ရခြင်းတို့သည် ​နောက်ကွယ်တွင် လူသားအားလုံးအတွက် ကယ်တင်ခြင်းဖြစ်​နေခဲ့သည်။ ထို့အတူ အကျွန်ုပ်တို့ရင်ဆိုင်​နေရ​သော ထိုထို​သော အရာတို့သည် အချည်းနှီးမဟုတ်ဘဲ မည်သည့်အကျိုးရှိမည်ကို​တော့ ဘုရားသခင်သာလျှင် ဆက်လက်​ဖော်​ဆောင်သွားမည်ဖြစ်​ပေသည် မဟုတ်ပါလား။

ထို့​ကြောင့် မိတ်​ဆွေနှင့် ကျွန်​တော်တို့သည် မတရားမှုများ၊ အဓမ္မအရာများ၊ ဖိနှိပ်ခြင်း၊ ညှဥ်းဆဲခြင်း၊ ရိုက်ပုတ်ခြင်း၊ နာကျင်ရခြင်း၊ စိတ်နှလုံး​ကြေကွဲစွာခံစား​နေရခြင်း၊ အထီးကျန်​နေခြင်း၊ ငို​ကြွေးခြင်း စသဖြင့်အမျိုးမျိုးကို ခံစား​နေရကာ အ​မှောင်ထုကိုဖြတ်သန်း​နေကြပါ​သော်လည်း “We Are Not Alone” ကျွန်ုပ်တို့သည် တစ်ဦးတည်း မဟုတ်ပါဘူး ဆိုတာကို သိမှတ်ဖို့နှင့် ကျွန်ုပ်တို့နှင့်အတူ ထိုအ​မှောင်ထုထဲတွင်လည်း သခင်​ယေရှုသည် အတူရှိပါသည်ဟုသိမှတ်ကာ ​အ​မှောင်ထု၏ နောက်ကွယ်မှ အကျိုးကို ​မျှော်လင့်ရင်း …

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။