ဆာလံဆရာ၏ စိတ်ခံစားချက်ကို ကျွန်တော်တို့ နားလည်နိုင်မည်ထင်ပါသည်။ ၁၃ ခု မြောက်သောဆာလံကို ဒါဝိဒ်၏သားဖြစ်သူ ပုန်ကန်ချိန် သို့မဟုတ် ရှင်ဘုရင်ရှောလု၏ လိုက်လံသတ်ဖြတ်ခြင်းခံနေရချိန်တွင် ရေးစပ်သည်ဟုဆိုကြသည်။ ထိုကာလသည် ဒါဝိဒ်အတွက် ခဲယင်းဆိုးယုတ်သည့်ကာလတစ်ခုဟုဆိုလျှင်လည်း မှားမည်မထင်ပါ။
အဖမ်းခံရမည်ကို စိုးရိမ်စိတ်၊ ရန်သူနှင့် အင်အားမမျှ၍ စိတ်ဓါတ်ကျခြင်း၊ ခဲယင်းလှသည့်အတွက် ပင်ပန်းနွမ်းလျခြင်း စသဖြင့် အမျိုးမျိုးသော ခံစားချက်များကြောင့် စိတ်ဒဏ်ရာများပင်ရနိုင်လောက်ပေသည်။ ဒါဝိဒ်၏ အမှားရယ်လို့ပင် မရှိသော်လည်း မတရားမှုတစ်ခုအလား ရင်ဆိုင်နေရခြင်းသည် ဒါဝိဒ်အတွက် မှောင်မိုက်ကာလတစ်ခုပင်ဖြစ်နေပေမည်။
ဆာလံကျမ်း ၁၃:၁
အိုထာဝရဘုရား၊ အကျွန်ုပ်ကို အလျှင်းမမှတ်ဘဲ အဘယ်မျှ ကာလပတ်လုံး မေ့လျော့တော်မူမည်နည်း။ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို ကွယ်ထားတော်မူမည်နည်း။
ထို့ကြောင့် ဒါဝိဒ်သည် ထိုကာလကို ဖြတ်သန်းနေစဥ်ကာလအတွင်းမှာပင် စိုးရိမ်ပူပန်မှုများရှိခဲ့သည်၊ ထိုအရာများအပေါ်တွင် မေးခွန်းများလည်းထုတ်ခဲ့လေသည်။ “အဘယ်မျှကာလပတ်လုံး” ဟူသည့်မေးခွန်းသည် ကျွန်ုပ်တို့ခရစ်ယာန်များလည်း အနည်းဆုံးတစ်ကြိမ်လောက်တော့ မေးဖူးသည့် မေးခွန်းမျိုးပင်ဖြစ်ပေလိမ့်မည်။
“အဘယ်မျှကာလပတ်လုံး ဘုရားသခင် မေ့လျော့နေမလဲ၊ အဘယ်မျှကာလပတ်လုံး မျက်နှာတော်ကို လွှဲထားမှာလဲ၊ အဘယ်မျှကာလပတ်လုံး တွေးတောပြီး စိုးရိမ်နေရမလဲ၊ အဘယ်မျှကာလပတ်လုံး ရန်သူတွေရဲ့ အုပ်စိုးခြင်းကိုခံနေရမှာလဲ” စသည့်မေးခွန်းများသည် ဒါဝိဒ်၏ စိတ်ခံစားချက်ကိုပြသနေပေသည်။ ဒါဝိဒ် စိုးရိမ်နေပြီ၊ ဒါဝိဒ် ပင်ပန်းနေပြီ၊ ဒါဝိဒ်နာကျင်လွန်းနေပြီ မဟုတ်ပါလား။ ဘုရားသခင်မျက်နှာတော် မလွှဲထားသော်လည်း သူ့အားဘုရားသခင် မျက်နှာလွှဲပြီဟု ခံစားနေရသည်။ သူ့အား ဘုရားသခင် မေ့နေပြီဟုပင် ခံစားနေရသည့် ခံစားချက်များဖြစ်ပွားနေပြီဟု မြင်တွေ့ရသည်။
ထိုသို့သောခံစားချက်များသည် လောက၌ဖြစ်ပေါ်လေ့ရှိသော အလှည့်အပြောင်းများအပေါ်တွင် မူတည်၍ ကျွန်ုပ်တို့လည်းခံစားရနိုင်ပေသည်။ လူမှုရေးအလှည့်အပြောင်း (ဥပမာ-အထီးကျန်ခြင်း)၊ စီးပွားရေး အလှည့်အပြောင်း (ဥပမာ-ဆုံးရှုံးခြင်း)၊ ကျန်းမာရေးအလှည့်အပြောင်း (ဥပမာ-ကိုဗစ်)၊ နိုင်ငံရေးအလှည်းအပြောင်း (ဥပမာ-နိုင်ငံ မတည်မငြိမ်ဖြစ်ခြင်း) စသဖြင့်အမျိုးမျိုးသော အလှည့်အပြောင်းများကို ကြုံတွေ့ခံစားနေရချိန်တွင် အဆင်မပြေသည့်အရာများ ပိုပိုများလာသည့်ကာလ၊ ပြန်လည်ကောင်းမွန်ခြင်းကို ကြာမြင့်စွာစောင့်ဆိုင်းရသည့်အချိန်မျိုးတွင် ထိုခံစားချက်များထွက်ပေါ်လာတတ်သည်။
“ဘုရားသခင် ငါ့ကိုများစွန့်ပစ်ထားသလား၊ ဘုရားသခင် ငါ့ကိုများမေ့လျော့နေသလား၊ ဘုရားသခင် ငါ့ကိုများမျက်နှာလွှဲထားပြီလား၊ ဒီလိုနဲ့ မတရားသောသူတွေ အနိုင်ရသွားမှာလား” စသဖြင့် ခံစားလာရတတ်သည်။ သို့သော် ထိုအရာသည် ကျွန်ုပ်တို့၏ တဖက်သတ်ခံစားချက်သာဖြစ်သည်။ ကျွန်ုပ်တို့မြင်သည့်အရာ၊ ခံစားမိသည့်အရာ၊ ဖြစ်ချင်စိတ်များ စသည့် ပြင်းပြသည့်ခံစားချက်များအပေါ်အခြေခံ၍ ဖြစ်ပေါ်တတ်သော ကျွန်ုပ်တို့ခံစားချက်များသည် ရာနှုန်းပြည့် မမှန်ကန်နိုင်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ခံစားချက်များသည် လွဲမှားလေ့ရှိတတ်သည်ကို သတိပြုမိရန်အင်မတန်အရေးကြီးသည်။
ဒါဝိဒ်၏ အခြေအနေကိုကြည့်လျှင် နိုင်ငံရေးအလှည့်အပြောင်းဟုဆိုနိုင်သည်။ ထိုအခြေအနေသည် သူ့အား “အဘယ်မျှကာလပတ်လုံး” ဆိုသည့်မေးခွန်းကိုထွက်ပေါ်လာစေခဲ့သည်။ ထိုကြာညောင်းလှသည့် ခက်ခဲပင်ပန်းခြင်းတို့သည် ဘုရားသခင်မေ့လျော့ပြီလား၊ မျက်နှာလွှဲပြီလားဆိုသည့် မေးခွန်းနှင့် ခံစားချက်များကိုဖြစ်ပေါ်လာစေခဲ့သည်မဟုတ်ပါလား။
ထိုအခြေအနေ၊ ထိုအဖြစ်အပျက်၊ ထိုခံစားချက်များသည် ကျွန်ုပ်တို့နှင့်များ တူနေမလား။ “ဘုရားသခင် အဖြေမပေးဘဲ ဘယ်လောက်ကြာနေဦးမှာလဲ၊ ဘုရားသခင် မတရားသောသူတို့ကို အုပ်စိုးစေတော့မှာလား၊ ဘုရားသခင် မျက်နှာလွှဲပြီလား၊ ဘုရားသခင် မေ့နေပြီလား” စသည့်မေးခွန်းများသည် ကျွန်ုပ်တို့လည်း ရင်းနှီးနေသလိုပင်ဖြစ်နေမည် မဟုတ်ပါလား။
သို့သော် ဒါဝိဒ်ကို ဘုရားသခင် မမေ့ထားသကဲ့သို့ သင်နှင့်ကျွန်ုပ်ကိုလည်း ဘုရားသခင် မမေ့လျော့သလို မျက်နှာမလွှဲပေ။ “မိန်းမသည် မိမိဖွားသောသားကို မသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍မေ့လျော့သော်လည်း၊ သင့်ကို ငါမမေ့လျော့။” ဟုဆိုသကဲ့သို့ ကျွန်ုပ်တို့ကို ဘုရားသခင် မမေ့လျော့ပါ။ လက်ရှိကာလတွင်လည်း မည်သည့်အလှည့်အပြောင်းမျိုးကိုမဆို ကြုံတွေ့ခံစားရသဖြင့် ငိုကြွေးမြည်တမ်းကာ စိတ်နှလုံးနာကျင်ကြေကွဲကြပါစေဦးတော့ … ဘုရားသခင်သည် မျက်နှာတော် မလွှဲထားသလို၊ မမေ့ထားဘူးဖြစ်ပါသည်။
ထို့ကြောင့် ဒါဝိဒ်သည် နောက်ဆုံးတွင် “အကျွန်ုပ်သည် ကရုဏာတော်ကို ယုံကြည်ပါ၏။ ကယ်တင်တော်မူခြင်းအရာ၌ နှလုံးရွှင်လန်းပါလိမ့်မည်။” ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့သည်လည်း ကြုံတွေ့နေရသည့် အလှည့်အပြောင်းများစွာကို ကျော်လွန်၍ ဘုရားသခင်၏ ကရုဏာတော်နှင့် ကယ်တင်ခြင်းအရာ၌ ယုံကြည်ကာ ရွှင်လန်းနိုင်လိမ့်မည်ဟု ဒါဝိဒ်၏အဖြစ်သည် ခွန်အားပေးနေပေသည် မဟုတ်ပါလား။ ထို့ကြောင့် ကျွန်ုပ်တို့၌ ကျေးဇူးပြုတော်မူသော ထာဝရဘုရားကို ထောမနာသီချင်း ဆိုကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။