Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၂၄)

“စိတ်​ရှည်​သော​သူ​သည် ခွန်​အား​ကြီး​သော​သူ​ထက်​လည်း​ကောင်း၊ မိ​မိ​စိတ်​ကို​ချုပ်​တည်း​သော​သူ​သည် မြို့​ကို​တိုက်​ယူ​သော သူ​ထက်​လည်း​ကောင်း သာ၍​ကောင်း၏။”
သုတ္တံကျမ်း ၁၆း၃၂
“Whoever is slow to anger is better than the mighty, and he who rules his spirit than he who takes a city.”
Proverbs 16:32

အဖက်ဖက်မှာတိုးတက်လာနေတဲ့ခေတ်ကြီးထဲ လှုပ်ရှားအသက်ရှင်ရတာ မလွယ်ကူပါဘူး။ စိန်ခေါ်မှုတွေများလွန်းတဲ့ လောကကြီးထဲမှာ ရင်ဆိုင်တွန်းလှန်ရတဲ့ လောကဓံ၊ အခက်အခဲ၊ မတရားမှုတွေကလည်း ဒုနဲ့ဒေးပါ။ ဒီအပြင် အသင်းတော်တွင်းမှာလည်း ဒီလိုအရာတွေကို ကြုံတွေ့နိုင်ပါတယ်။
များသောအားဖြင့် ဒီလိုအရာတွေကိုကြုံတွေ့ရတဲ့အခါ အကြိမ်ရေနည်းနေရင် မသိသာပေမယ့်၊ အကြိမ်ရေများလာတဲ့အခါ ကိုယ့်ရဲ့စိတ်ရှည်ခြင်း၊ စိတ်ကိုချုပ်တည်းနိုင်ခြင်းအရာတွေဟာ သိသိသာသာထင်ရှားလာတတ်ပါတယ်။

သုတ္တံဆရာကတော့ စိတ်ရှည်သောသူဟာ ခွန်အားကြီးသောသူထက်၊ ကိုယ့်ရဲ့စိတ်ကိုချုပ်တည်းနိုင်သူဟာလည်း မြို့ကိုတိုက်ယူတဲ့သူထက် သာ၍ကောင်းတယ်လို့ပြောပါတယ်။ ဒီနှုတ်ကပတ်တော်ကို ဆင်ခြင်မိတဲ့အခါ ယနေ့ကြားနေရတဲ့ တရားဟောချက်တွေက ကျွန်ုပ်တို့ကို “ခွန်အားကြီးသူတွေ” ဖြစ်တယ်ဆိုတဲ့အကြောင်း၊ “သိမ်းပိုက်ရယူအောင်မြင်သူတွေ” ဖြစ်တယ်ဆိုတဲ့အကြောင်း စတာတွေလောက်နဲ့သာ ကြားကောင်းစေနေပါတယ်။ အဲ့လိုကြားပြီး အဲ့လို အသက်ရှင်လာကြတဲ့အခါ ကိုယ်ပါဝင်တဲ့အသင်းတော်မှာတော့ စပယ်ရှယ် “ခွန်းအားကြီးအောင်မြင်သူ” ပုံစံအနေအထားနဲ့အသက်ရှင်ပြနေပေမယ့် ကိုယ့်ရဲ့အိမ်ထောင်မိသားစုနဲ့လုပ်ငန်းခွင်မှာတော့ စိတ်ရှည်ခြင်းနဲ့စိတ်ကိုချုပ်တည်းနိုင်စွမ်း ဆိုတာတွေကိုမတွေ့ရပါဘူး။
ဘာကြောင့်မတွေ့ရလဲ။ ဘာကြောင့်လဲဆိုရင် အဖြေကရှင်းပါတယ်။ စိတ်ရှည်ခြင်းငှါ၊ စိတ်ကိုချုပ်တည်းခြင်းငှါ မပြုချင်ကြလို့ပါပဲ။

ချစ်သောလူငယ်တို့ သခင့်အားဖြင့် သင်ဟာ ခွန်အားကြီးသောသူ၊ အောင်မြင်သောသူလို့ ခံစားရတာမှားတယ်လို့ စာရေးသူ မပြောလိုပါ။ သို့သော် နှုတ်ကနေ၊ ပါးစပ်ကနေတော့ ထိုအရာကိုအချိန်တိုင်းဟစ်ကြော်ဝန်ခံနေပြီး သာ၍ကောင်းသောအရာကို သခင့်နောက်လိုက်ရင်း ဆုံးရှုံးနေမယ်ဆိုရင်လည်း မဟုတ်သေးပါဘူး။

“စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။”
သုတ္တံကျမ်း ၁၄း၂၉
“Whoever is slow to anger has great understanding, but he who has a hasty temper exalts folly.”
Proverbs 14:29

ယနေ့ခရစ်ယာန်လူငယ်အများစုဟာ အင်မတန်မှ ဒေါသထွက်လွယ်လာတတ်ကြပြီး၊ ထိန်းချုပ်ခြင်းငှါ အားနည်းလာကြပါတယ်။ ထိုသို့ စိတ်လိုက်မာန်ပါဒေါသထွက်ကာ မချုပ်တည်းနိုင်ခြင်း၊ စိတ်ရှည်ခြင်းအလိုငှါ အားမထုတ်ခြင်းဟာ ကိုယ်ကဘယ်လောက်ပင် မှန်ကန်နေပါစေ၊ အများအမြင်မှာ “ရိုင်းလိုက်တာ” ဟုသာသမုတ်ခြင်းခံရပေမည်။
ဒါကြောင့် ချစ်သောလူငယ်တို့ ကိုယ့်ကို ဥာဏ်နီဥာဏ်နက်ဖြင့် တိုက်ခိုက်စော်ကားလာသူကို သင်တုန့်ပြန်နိုင်သည့်အကောင်းဆုံးသောအရာမှာ “စိတ်ရှည်”ပေးလိုက်ခြင်းပါပဲ။ ထိုသို့ စိတ်ရှည်ပေးလိုက်ခြင်းက သင့်အတွက်နာကျင်ကောင်း နာကျင်နိုင်ပေမယ့် ကိုယ်အကျိုးမယုတ်သွားဘဲ ပညာကိုတိုးစေမည်ဆိုတာကိုတော့ သဘောပေါက်စေချင်ပါသည်။

“ထို​ကြောင့် သင်​တို့​သည် ဘု​ရား​သ​ခင် ရွေး​ကောက်​သော​သူ၊ သန့်​ရှင်း​သော​သူ၊ ချစ်​အပ်​သော​သူ​ကဲ့​သို့၊ သ​နား​စုံ​မက်​ခြင်း၊ ကျေး​ဇူး​ပြု​ခြင်း၊ စိတ်​နှိမ့်​ချ​ခြင်း၊ နူး​ညံ့​သိမ်​မွေ့​ခြင်း၊ စိတ်​ရှည်​ခြင်း​တို့​ကို ယူ​တင်​ဝတ်​ဆောင် ကြ​လော့။-”
ကောလောသဲဩဝါဒစာ ၃း၁၂
“Put on then, as God’s chosen ones, holy and beloved, compassionate hearts, kindness, humility, meekness, and patience,”
Colossians 3:12

ချစ်သောလူငယ်တို့ ဘုရားသခင်ရွေးကောက်သော၊ သန့်ရှင်း၍ချစ်အပ်သောသူကဲ့သို့ အသက်တာမှာ ယူတင်ဝတ်ဆောင်ရမည့်အရာတွေ ရှိပါတယ်။ ထိုအထဲမှာ “စိတ်ရှည်ခြင်း”(patience)လည်းပါဝင်ပါတယ်။ လူတိုင်းကတော့ ငါ့ကိုဘုရားရွေးကောက်တယ် ချီးမြောက်တယ် စသည်ဖြင့်ဘယ်လိုပင်ဆိုနေပါစေ၊ အသက်တာမှာ ယူတင်စရာရှိသည့်အရာတွေကို မယူတင်သေးသ၍တော့ အပြောနှင့်အလုပ်က တခြားစီဖြစ်နေပါဦးမည်။ ဒါကြောင့် အသက်တာမှာ “စိတ်ရှည်ခြင်း” ဆိုတဲ့ ဒေါသကိုချုပ်တည်းတတ်သော၊ သည်းခံတတ်သော သဘောကိုယူတင်ဝတ်ဆောင်လျက် သခင့်ဘုန်းကိုထင်ရှားစေပါမည်အကြောင်း နှိုးဆော်ရင်း

မေတ္တာဖြင့်