Skip to content

စပျစ်ဥယျာဥ်သိမ်းယူခြင်းမှ သင်ခန်းစာ

နာဗုတ်၏ ပိုင်ဆိုင်​သော စပျစ်ဥယျာဥ်ကို ရှင်ဘုရင်အာဟပ်သည် အင်မတန်မျက်စိကျသဖြင့် ​​ရောင်းရန်တောင်းဆိုခဲ့သည်။ ထိုဥယျာဥ်သည် နန်း​တော်နားတွင်ရှိသဖြင့် ရှင်ဘုရင်အင်မတန်မှ လိုချင်​လေသည်။ ထိုဥယျာဥ်ကို ​ပေးလျှင် သာ၍​ကောင်း​သောဥယျာဥ်ကို​ပေးမည် သို့မဟုတ် ထိုအတွက် အခ​ကြေး​ငွေကို​ပေးမည်ဟုပင်ဆိုသည်။

သို့​သော် နာဗုတ်သည် သူ၏ ဘိုးဘွားပိုင်​စပျစ်ဥယျာဥ်ဖြစ်​သော​ကြောင့် မ​ရောင်းနိုင်​ကြောင်း​​ပြောဆိုကာ ငြင်း​လေသည်။ ထိုအတွက် ရှင်ဘုရင်အာဟပ်သည် မအိပ်မစား မရွှင်မပျဖြစ်ကာ အလိုမကျဖြစ်​နေ​ပေ​တော့သည်။ ထို့​သို့ဖြစ်​နေသည်ကို မြင်​သော သူ၏ခင်ပွန်း ​ယေဇ​ဗေလသည် အကျိုးအ​ကြောင်းကို ​မေး၍ သိ​သောအခါတွင် သူပြင်ဆင်​လေ​တော့သည်။

“အာ​ဟပ်​မင်း၏ အ​ခွင့်​နှင့်​စာ​ရေး၍ တံ​ဆိပ်​တော်​နှင့်​ခတ်​ပြီး​မှ၊ နာ​ဗုတ်​နေ​ရာ​မြို့၌ သူ​နှင့်​အ​တူ​နေ​သော အ​သက်​ကြီး​သူ​နှ​င့် မှူး​မတ်​များ​ထံ​သို့” ပို့​ဆောင်သည်။ ထိုစာထဲတွင် ပါ​သောအ​ကြောင်းအရာများမှာ သူတို့၏ အကြံအစည်၊ မတရားသိမ်းယူရန် မဟာဗျူဟာများပင်ဖြစ်​ချေ​သည် မဟုတ်ပါလား။

တနည်းဆိုရလျှင် ထိုအရာသည် စနစ်တကျအစီအစဥ်ဆွဲ၍ကြံစည်ကာ ပြင်ဆင်​သော အကြမ်းဖက်ခြင်း “Structural Violence” ဟုလည်း​ခေါ်​ပေသည်။ သူ၏အစီအစဥ်မှာ အစာ​ရှောင်ရာ​နေ့ကို ​ကြေညာ​စေပြီးလျှင် အဓမ္မလူနှစ်ဦးကို ထား၍ လူများ​ရှေ့တွင် နာဗုတ်သည် ထာဝရဘုရားနှင့် ရှင်ဘုရင်ကိုစွန့်ပယ်ပြီဟု မမှန်​သောသက်​သေကိုလည်း ခံစေပြီး နာဗုတ်အား ​​ကျောက်ခဲနှင့်​ပေါက်သတ်​​စေခဲ့​ပေသည်။

ကျွန်​တော်တို့မသိမသာ လုပ်​ဆောင်မိ​လေ့ရှိကြ​သော စနစ်တကျအကြံအစည်တို့သည် လူမ​သေ​စေ​သော်လည်း “Structural Violence” ဘက်သို့​ရောက်​နေပါသလား။ မိမိရာထူးအတွက်၊ စည်းစိမ်၊ ဂုဏ်၊ အာဏာ၊ အခြားအခြား​သော တပ်မက်ခြင်းအမျိုးမျိုးအတွက် သူတပါးကို ​လှေကားထစ်သဖွယ်လုပ်ကာ မတရားနင်း၍ အဓမ္မလမ်းစဥ်ဖြင့် မတရားမှုကိုစနစ်တကျကြံစည်မိလျှင် ထိုအရာတို့သည် အစီအစဥ်တကျအကြမ်းဖက်ခြင်းဖြစ်​နေသလား၊ သို့မဟုတ် သမ္မာအာဇီဝဖြင့် ဓမ္မလမ်းစဥ်ကျပါရဲ့လားဆိုတာကိုလည်း ယ​နေ့ဆင်ခြင်ကြပါစို့။

ဓမ္မရာဇဝင် တတိယစောင် ၂၁:၁၉
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကိုသတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။ တစ်ဖန် မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်အသွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မှာထားတော်မူ၏။

ထိုအမှုအရာအတွက် ဧလိယအား ​ထောက်ပြ​ပြောဆိုရန် ​ထာဝရဘုရားစေလွှတ်ခဲ့သည်။ အာဟပ်သည် ရှင်ဘုရင်ဖြစ်​သော်လည်း ဧလိယ ဂရုမစိုက်ခဲ့။ ​ပြောရမည့်သတင်းစကား၊ ​ထောက်ပြရမည့်အရာကိုသာ ပြတ်သားစွာ ​ပြောဆို​ပေသည်။ “လူ့အသတ်ကိုသတ်ပြီး သူတပါးဥစ္စာကို သိမ်းယူပြီလား၊ ​​ခွေး​တွေ နာဗုတ်​သွေးကိုလျက်တဲ့အရပ်မှာ မင်းရဲ့​သွေးကိုလည်း ​ခွေး​တွေလျက်ကြလိမ့်မယ်” စသဖြင့် မျက်နှာမ​ထောက်ဘဲ ​ပြော​သည်ကိုလည်း​တွေ့ရသည်။

သက်ဦးစံပိုင်ရှင်ဘုရင်၊ လက်ညှိုးညွှန်ရာ ​ရွှေဖြစ်ပြီး သတ်ချင်​သောသူကို သတ်နိုင်​သော လက်ရှိအာ​ဏာ​တော်တည်ရာဘုရင်ဖြစ်​သော်လည်း ဂရုမစိုက်ဘဲ အဓမ္မအရာကို​ဖော်ပြခိုင်း​သော ထာဝရဘုရား၏အမိန့်​တော်ကိုသာ ဧလိယ လိုက်နာခဲ့သည်။ အဓမ္မလမ်းစဥ်နှင့် သိမ်းယူထား​သော နာဗုတ်၏စပျစ်ဥယျဥ်အ​ကြောင်းသည် သာမာန်အတိုင်းဖတ်သွားလျှင် မသိသာ​သော်လည်း စနစ်တကျ​တွေး​ခေါ်ကြည့်မည်ဆိုလျှင် ကြံစည်သူမှာ တစ်ဦး၊ လုပ်​ဆောင်သူမှာတစ်ဦး၊ အ​ကောင်အထည်​ဖော်သူတို့သည် တစ်ဦးဖြစ်​သော်လည်း အာဟပ်ဘာမျှမလုပ်ပါ။ တံဆိပ်​တော်ကိုထု၍ စာ​ရေးသူမှာလည်း သူမဟုတ်​ချေ။ အာဟတ်၏ အလိုဆန္ဒမှာ​တော့ ထိုအရာကို လိုချင်​နေသည်၊ ဘယ်လိုနည်းဖြင့် ရပါ​စေဟုပင် သူ​တွေး​ပေလိမ့်မည်။ ထို့​ကြောင့် ထိုသူတို့ကို အခွင့်​ပေး၍ လုပ်​ဆောင်​စေသည်ဆိုလျှင်လည်း မမှား​ချေ။

သို့​သော် ထိုသို့မ​တွေးဘဲ အာဟပ်သည် နာဗုတ်​သေ​စေမည့်ကိုအရာကိုသိသည်ဖြစ်​စေ မသိ​​သည်ဖြစ်​စေ မတရားယူမည့်အစီအစဥ်ကို​တော့ သိသည်။ မတရားမှုကိုသိ​သော်လည်း ကိုယ်ကျိုးစီးပွားအတွက် နှုတ်ဆိတ်​နေခြင်းသည် အလိုတူ၊ အလိုပါဖြစ်​နေသည်ဟုပင်  ဆိုနိုင်​ပေသည် မဟုတ်ပါလား။ မတရား​သောအမှု၊ အဓမ္မအမှုတို့ကို ကိုယ်တိုင်မလုပ်၊ အစီအစဥ်မဆွဲ​သော်လည်း နှုတ်ဆိတ်​နေခြင်းသည်ပင်လျှင် အတူတကွဒုစရိုက်ကိုလုပ်​ဆောင်ခြင်းဖြစ်​ပေလိမ့်မည်။

အချုပ်အားဖြင့်ဆိုရ​သော် အချို့​သောသူတို့သည် ကိုယ်ကျိုးအတွက်​သော်လည်း​ကောင်း စီးပွား​ရေးအတွက်​သော်လည်း​ကောင်း မတရားမှုကို သိ​သော်လည်း ​ဆွေမျိုးမကင်း၍ နှုတ်ဆိတ်​နေကြသည်၊ အချို့တို့သည် မတရားမှုကို မသိချင်​ယောင်​ဆောင်ကြသည်၊ အချို့တို့သည် မဆိုင်သလို​နေတတ်ကြသည်၊ သို့​သော် မတရားမှုကို မတရားမှုမှန်းသိလျက်နှင့် နှုတ်ဆိတ်​နေခြင်း ရပ်တန့်ရန် မ​ပြောဆိုခြင်းတို့သည် ထိုသူတို့နှင့်အတူတကွ မတရားမှုကိုကျူးလွန်ခြင်း သို့မဟုတ် ထိုမတရားမှုကို အား​ပေးအား​မြှောက်လုပ်ခြင်း “Corporate Evil” ဖြစ်​နေကြခြင်းပင် ဖြစ်​ပေ​တော့သည်။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။