Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၂၃)

“ညီ​အစ်​ကို​တို့ အား​လျော့​စိတ်​ပျက်​ခြင်း​မ​ရှိ​ဘဲ ကောင်း​သော​အ​ကျင့်​ကို ကျင့်​ကြ​လော့။”
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် ၃း၁၃
“As for you, brothers, do not grow weary in doing good.”
2 Thessalonians 3:13

လူငယ်အများစုဟာ ကောင်းသောအရာထက် မကောင်းသောအရာကိုလုပ်ဆောင်ကျင့်ကြံဖို့ရန်သာ အားသန်အားထုတ်မှုပိုများပါတယ်။ အထူးသဖြင့် ၂၁ရာစုကမ္ဘာ့ရွာကြီးမှာ အဖက်ဖက်၌တိုးတက်လာသော်လည်း အရာရာတိုင်း(ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ)ကိုလက်ခံအားပေးထောက်ခံလာကာ အပြစ်ကိုပေါ်တင်ပြုလုပ်နေကြခြင်းပါ။ အရင်ခေတ်ကာလများကို ပြန်ကြည့်လျှင် လူမမြင်နောက်ကွယ်၌သာပြုတတ််သောအရာများဟာ ခုချိန်မှာဆို လူမြင်ကွင်းပင်မရှောင် ပေါ်ပေါ်ထင်ထင် ပြုမူလာနေကြသည်။ ချစ်သောလူငယ်တို့ ကောင်းသောအရာတွေကို လုပ်ဆောင်နေပြီလား။ လုပ်ဆောင်ဖို့ရောစိတ်ပြင်းပြနေပြီလား။ ဒါမှမဟုတ် မကောင်းသောအရာတွေကိုသာ လုပ်ဆောင်ဖို့ဆန္ဒပိုပြင်းပြနေပါသလား။

အသက်တာပြောင်းလဲစ လူငယ်တချို့ရဲ့ ပြဿနာလေးတွေကို ပြောပြချင်ပါတယ်။ အထူးသဖြင့် မူးယစ်သေစာ အသိုင်းအဝိုင်းမှ ပြောင်းလဲလာတဲ့ လူငယ်တချို့မှာဖြစ်တတ်တဲ့အရာတွေပါ။ တော်တော်များများက ပြောင်းလဲလာတဲ့အခါ ပြင်းပြတဲ့ဆန္ဒတွေနဲ့တက်တက်ကြွကြွနဲ့ ပါဝင်လာတတ်ကြပါတယ်။ ဒါပေမယ့်တချို့သောလူငယ်တွေဟာ အချိန်ကြာလာတာနဲ့အမျှ အမှုတော်ကိုသစ္စာရှိစွာနဲ့ပါဝင်နေတဲ့သူတွေကိုတွေ့တဲ့အခါ သူတို့အတွက်အတုယူအားတက်စရာဖြစ်မလာဘဲ သိမ်ငယ်ကာ အသက်တာဟောင်းကိုလှည့်ပြန်တတ်ကြပါတယ်။ ဒီလိုမျိုး ကောင်းသောအမှုကိုပြုခြင်းငှါအားလျော့စိတ်ပျက်ခြင်းက မဖြစ်သင့်ပါ။ ဖြစ်လာလျှင်လည်း နောက်သို့ပြန်မလှည့်ဘဲ မိမိဝိညာဉ်ရေးကို တည်ဆောက်ပေးနိုင်သော ဆရာသမား၊ ညီအစ်ကိုတဦးဦးနှင့်တိုင်ပင်ဆွေးနွေးခြင်းကသာ အသင့်တော်ဆုံးပါ။

“ငါလည်းကြိုးစားတာပဲကွာ ဒါပေမယ့်တိုးတက်မှုမရှိသလိုပဲ၊ အားမရဘူး” ဆိုတဲ့စကားမျိုး စာရေးသူ ခဏခဏ ကြားဖူးပါတယ်။ အပြစ်သားဘဝကနေ လာခဲ့ရသူတွေ၊ အပြစ်နဲ့ပြည့်တဲ့လောကမှာနေထိုင်ရတဲ့လူသားတွေဖြစ်သောကြောင့် အပြစ်နဲ့ဒုစရိုက်ဆိုတဲ့အရာတွေဟာလုပ်ဆောင်ရ လွယ်ကူနေပြီး၊ ကောင်းသောအရာတွေဟာ လုပ်ဆောင်ဖို့ရာ တခါတရံခက်ခဲတယ်ဆိုတာ စာရေးသူလည်း လူသားတဦးမို့ကိုယ်ချင်းစာပါတယ်။
“အ​ဘယ်​ကြောင့်​နည်း​ဟူ​မူ​ကား၊ ငါ​တို့​သည် ကောင်း​သော​အ​ကျင့်​တို့​ကို ကျင့်​ရ​မည်​အ​ကြောင်း၊ ယေ​ရှု​ခ​ရစ်၌ ပြု​ပြင်၍ ဖန်​ဆင်း​တော်​မူ​ရာ ဖြစ်​ကြ၏။ ထို​ကောင်း​သော အ​ကျင့်​တို့၌ ငါ​တို့​သည် ကျင်​လည်​ရ​မည် အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ကို ပြင်​ဆင်​တော်​မူ​နှင့်​ပြီ။”
ဧဖက်ဩဝါဒစာ ၂း၁၀

သို့သော်လည်း ကယ်တင်တော်မူသောသခင်၏အသစ်ပြုပြင်ဖန်ဆင်းတော်မူခြင်းက ကောင်းသောအကျင့်ကိုပြုသောအသက်တာ၌ကျင်လည်ဖို့ရာ ဘုရားသခင်သည်ပြင်ဆင်ထားနှင့်သောကြောင့် အိုချစ်သောလူငယ်တို့ … ဝမ်းမြောက်စရာပင်။ ဒါကြောင့် အသက်တာတွေပြောင်းလဲပြီဆိုပြီး နေချင်သလိုနေ နေခြင်းက ယုံကြည်အားနည်းသူတို့အဖို့ ထိမိ၍ တည်ဆောက်စရာဘယ်လိုနည်းနဲ့မှဖြစ်မလာနိုင်ပါ။ ခရစ်တော်၌ရှိသောအသက်တာမှန်ဖြင့် ကောင်းသောအကျင့်တို့၌ကျင်လည်ကာ၊ ထိုသို့ကျင့်ခြင်းငှါလည်း အားမလျော့စိတ်မပျက်ဘဲ အစဉ်သခင့်ကိုမြော်လင့်လျက် တည်ကြည်ပါမည်အကြောင်းနှိုးဆော်လိုပါတယ်။

ချစ်သောလူငယ်တို့ သခင်အလိုရှိသော၊ သခင်နှစ်သက်သော ကောင်းသောအကျင့်တို့ကို ကျင့်ခြင်းငှါ အားလျော့စိတ်ပျက်ခြင်းမရှိဘဲ၊ ရှိလာလျှင်လည်း သခင့်၏အသစ်ပြုပြင်ပေးခြင်းကျေးဇူးကို အောက်မေ့သတိရလျက် ဝန်ခံအသက်ရှင်သောသူတို့ဖြစ်ပါမည်အကြောင်း

မေတ္တာဖြင့်