“Emotional Supervision” ကိုစိတ်ပိုင်းဆိုင်ရာ ခံစားချက်များအား ကြီးကြပ်ပေးခြင်း၊ ကြည့်ရှုပေးခြင်းဟုဆိုကြပါစို့။ “Educational Supervision, Theological Supervision, Emotional Supervision” အစရှိသဖြင့်တို့သည် အသင်းတော်တိုင်း၊ အမှုတော်မြတ်လုပ်ငန်း (Ministry) တိုင်းအတွက်လိုအပ်ပေသည်။ ယခုတွင်မူ “Emotional Supervision” အကြောင်းကို အနည်းငယ်ရေးသားဝေမျှချင်ပါသည်။
လက်ရှိကာလသည် ခက်ခဲရာကာလတစ်ခုလည်းဖြစ်သကဲ့သို့ လူတိုင်းလူတိုင်း စိတ်ထိခိုက်ရာကာလလည်းဖြစ်ချေသည်။ ထို့ကြောင့် လူတို့၏စိတ်ပိုင်းဆိုင်ရာအခြေအနေများသည် ပုံမှန်ထက် အကဲဆတ်နေခြင်း၊ စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ထိတ်လန့်နေခြင်း၊ ကြောက်ရွံ့တုန်လှုပ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားရခြင်းများလည်း ခံစားကောင်းခံစားနေကြရမည်။ “Worry, Anxiety, Sorrow, Pain” အစရှိသဖြင့် “Emotional Problems” များကို ခံစားနေရသူများရှိကြပေလိမ့်မည်။
ထိုသူများအတွက် ကျွန်ုပ်တို့ယုံကြည်သူများ၊ အသင်းတော်များတွင် တာဝန်ရှိပေသည်။ တရားတစ်ခုတည်းဟောနေရုံဖြင့် မပြီးသကဲ့သို့၊ ဧဝံဂေလိတစ်ခုတည်းဝေငှနေရုံမျှဖြင့်လည်း မပြည့်စုံပေ။ ထိုဧဝံဂေလိတရားသည်ပင်လျှင် သက်သာခြင်းဖြစ်သည်မဟုတ်ပါလား။
ကပ်ရောဂါကြီး ပိုမိုဆိုးရွားလာသည်နှင့်အမျှ လူတိုင်းလူတိုင်း ခက်ခဲစွာဖြတ်သန်းလာကြရသည်။ ကိုဗစ်နှင့်အတူ ယှဥ်တွဲနေထိုင်လာကြပြီးနောက်တွင်လည်း လူတိုင်းတွင် ကျန်းမာရေးပြဿနာ၊ အလုပ်အကိုင်ပြဿနာ၊ စီးပွားရေး လူမှုရေး၊ နိုင်ငံရေးပါမကျန် ကြုံတွေ့ရင်ဆိုင်လာကြရပေသည်။ လက်ရှိကာလတွင်ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်များကြောင့်လည်း စိတ်ဒဏ်ရာရနေသူများ၊ ငိုကြွေးနေရသူများ၊ နာကျင်ခံစားနေကြရသည့်လူများ ဘယ်လောက်တောင် များနေလိမ့်မည်နည်း။ ထိုလူများထဲတွင်လည်း အသင်းတော်မှ လူများလည်းပါကောင်းပါနေပေလိမ့်မည်ဖြစ်သည်မဟုတ်ပါလား။ ထို့ကြောင့် “Emotional Supervision” သည် အသင်းတော်မှလူများအတွက်သာမက ထိုသို့ခံစားနေရသူ မည်သူမဆိုအတွက် လိုအပ်သည်ဟုဆိုကြပါစို့။
ကျွန်ုပ်တို့ဘယ်လိုများ ကူညီပေးနိုင်မည်နည်း၊ မည်သို့များ ဖေးမနိုင်မည်နည်း။ ထိုသူတို့အတွက် သက်သာခြင်းကိုမည်သို့ပေးနိုင်ပါမည်နည်း။ အသင်းတော်နှင့် ယုံကြည်သူများတွင် ထိုတာဝန်ရှိသည်မဟုတ်ပါလား။ စိတ်ပိုင်းဆိုင်ရာသက်သာစေခြင်းအမှုဖြစ်စေရန်အတွက် “Emotional Support” သည် ထိုသို့သောလူများအတွက် များစွာလိုအပ်လျှက်ရှိနေသော ဆေးတစ်ခွက်ဟုဆိုလျှင်လည်း မှားမည်မထင်ပါ။ ထိုသူတို့အတွက် နှုတ်ကပတ်တော်သမ္မာတရားနှင့် ဆွေးနွေးပေးခြင်း၊ နှစ်သိမ့်ပေးခြင်း၊ မျက်ရည်များကိုသုတ်ပေးခြင်းတို့သည် လိုအပ်ပေလိမ့်မည်။
ရောမဩဝါဒစာ ၁၂:၁၅
ဝမ်းမြောက်သောသူတို့နှင့်အတူ၊ ဝမ်းမြောက်ခြင်းကို၎င်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းကို၎င်း ပြုကြလော့။
ရှေးဦးစွာလိုအပ်သောအရာသည် ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်းဖြစ်ပေလိမ့်မည်။ လူများစွာ နာမကျန်းဖြစ်နေချိန်၊ လူများစွာ ငိုကြွေးနေကြချိန်၊ သေဆုံးနေကြချိန်တွင် ထိုသူတို့နှင့်အတူ ငိုကြွေးခြင်းသည် အလိုအပ်ဆုံးသောအရာတစ်ခုလည်း ဖြစ်ပေလိမ့်မည်။ တခါတရံတွင် ကျွန်ုပ်တို့ထံမှ မည်သည့်စကားမျှပြောရန်မလိုအပ်ဘဲ သူတို့၏စကားသံများကိုသာ နားထောင်ပေးခြင်းကို လိုအပ်သည်။ သူတို့၏ ခံစားချက်များကို လေးစားခြင်း၊ နားလည်ပေးခြင်း၊ ထပ်တူခံစားပေးခြင်းများသည် ထိုသူတို့အတွက် ဆေးတစ်ခွက်ပင်ဖြစ်သည်။ တခါတရံတွင်လည်း နွေးထွေးသော ထွေးပွေ့ခြင်းလည်းဖြစ်ပေလိမ့်မည်။ ထိုသူတို့၏ နာကျင်နေရသောခံစားချက်များအတွက် ကျွန်ုပ်တို့သည်ပင်လျှင် “Counselor” တစ်ဦးအလားဖြစ်ကာ ဆွေးနွေးနှစ်သိမ့်ပေးခြင်းကိုလိုအပ်ပေလိမ့်မည်။
ကျွန်ုပ်တို့အားလုံးသိကြသည့်အတိုင်းပင် သခင်ယေရှုခရစ်တော်ကတော့ အံ့ဩဖွယ် တိုင်ပင်ဖက် “Wonderful Counselor” ဖြစ်ပေသည်။ ကိုယ်တော်သည် သူမြင်သောသူတို့အပေါ်တွင် သနားခြင်းကရုဏာစိတ်အပြည့်ရှိသည်ကို (မဿဲ ၉:၃၅) တွင်အတိုင်းသားတွေ့ရပေသည်။ (လူအစုအဝေးတို့ကို မြင်တော်မူလျှင် သနားခြင်းစိတ် ရှိတော်မူ၏။ “Seeing the multitudes, He felt compassion for them.”)
နောက်ထပ်တစ်ဦးကိုဖော်ပြရမည်ဆိုလျှင်တော့ ရှင်ပေါလုပင်ဖြစ်သည်။ လူတော်တော်များများ၏ အမြင်တွင် ရှင်ပေါလုသည် သီဩလော်ဂျီသမား ဓမ္မပညာရှင်၊ ယုံကြည်ခြင်းကို ခုခံကာကွယ်သူဟုသာ မြင်မိတတ်ကြသည်။ သို့သော် လူတို့အပေါ်တွင် သနားကြင်နာတတ်သောသူဖြစ်ကြောင်းကိုတော့ သတိမထားမိခဲ့ကြချေ။ ဟုတ်ပါသည် … ကျမ်းစာထဲတွင်ကြည့်လျှင် ရှင်ပေါလု၏ လူတို့အပေါ် ဂရုစိုက်ခြင်း သနားကြင်နာခြင်းများကိုမြင်တွေ့ရမည်ဖြစ်သကဲ့သို့ ထိုသူတို့သည်လည်း ရှင်ပေါလု၏ ကရုစိုက်ခြင်းကို သိကြပေသည်။ (၂ကော ၆:၁၁) တွင်ကြည့်လျှင်လည်း လူတို့အပေါ်တွင် သူ၏နှလုံးသားကျယ်ကျယ်ဖွင့်ထားခြင်းကို မြင်တွေ့ရသည် မဟုတ်ပါလား။
ကျွန်ုပ်တို့သည်လည်း ထိုသို့သော တိုင်ပင်ဖော်၊ တိုင်ပင်ဖက် (Counselor) များဖြစ်ကြစေရန်အတွက် ထိုသို့သော စိတ်သဘောထားမျိုး၊ ထိုသို့သော နှလုံးသားမျိုးကိုလိုအပ်ပေသည်။ (၁သက် ၅:၁၄) မတရားသောသူများအား သတိပေးခြင်း၊ စိတ်အားငယ်သောသူများအား အားပေးခြင်း၊ အားနည်းသူများကိုလည်း ထောက်မခြင်း၊ ရှည်သောစိတ်ရှိခြင်းနှင့်တကွ ထိုသူတို့နှင့်အတူ ငိုကြွေးခြင်းသည် “Counselor” တစ်ဦးတွင်ရှိနေရမည့် အချက်များဟုဆိုလျှင်လည်း မှားမည်မထင်ပါ။
လက်ရှိကာလတွင် ကပ်ရောဂါကြောင့်ဖြစ်စေ၊ နိုင်ငံရေးအခြေအနေများကြောင့်ဖြစ်စေ၊ အခြားအခြားသော အဖြစ်အပျက် အခြေအနေတို့ကြောင့်ဖြစ်စေ စသဖြင့် လူတိုင်းနီးပါး၏စိတ်အခြေအနေသည် ဖျားနာနေကြသည်။ စိတ်ခံစားချက်များသည်လည်း အချိန်နှင့်အမျှ အတက်အကျရှိကာ ပုံမှန်မဖြစ်နေကြပါ။ ငိုကြွေးဝမ်းနည်းနေခြင်း၊ နာကျင်ခံစားနေရခြင်း၊ စိတ်ဓါတ်ကျမောပန်းနွမ်းနယ်နေခြင်း၊ စိတ်ပျက်အားငယ်နေခြင်း စသဖြင့်အမျိုးမျိုးသော “Emotional Problems” များနှင့် ရင်ဆိုင်ကြုံတွေ့နေကြရပေလိမ့်မည်။ ထို့ကြောင့် ထိုသူတို့အား နှုတ်ကပတ်တော်သမ္မာတရားနှင့်အညီဖေးမခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း၊ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်း၊ ဝမ်းမြောက်သောသူတို့နှင့်အတူ ဝမ်းမြောက်ခြင်းရှိဖို့ရန်လိုအပ်သည် မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။