Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၂၂)

လူတော်တော်များများဆီကနေ “အလိုတော်ပါပဲ” ဆိုပြီး သာမန်ကာလျှံကာပြောဆိုမှုမျိုးတွေကြားဖူးပါတယ်။ အလိုတော်လို့ဆိုလိုက်တာနဲ့ တချို့တွေက ခုထိဘာမှန်းမသိကြသေးပါ။ တခုခုဖြစ်လာ၊ ဖြစ်ပျက်ပြီးသွားမှ အလိုတော်ဝန်ခံရမှာပေါ့ ဆိုတာကြီးကလည်းမဟုတ်သေးပြန်ပါဘူး။

“ထို​ကြောင့် သ​တိ​မ​ရှိ​သော​သူ​မ​ဖြစ်၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​ရှိ​ရာ​ကို ပိုင်း​ခြား၍ သိ​သော​သူ ဖြစ်​ကြ​လော့။”
ဧဖက်ဩဝါဒစာ ၅း၁၇
“Therefore do not be foolish, but understand what the will of the Lord is.”
Ephesians 5:17 ESV

ဧဖက်အသင်းတော်ကို တမန်တော်ကြီးရှင်ပေါလုက “သတိမရှိ”(foolish)တဲ့သူတွေမဖြစ်ဘဲ သခင်ဘုရားရဲ့ “အလိုတော်”(will)ကိုပိုင်းခြား၍ “သိသော”(understand)သူတွေဖြစ်ဖို့ သတိပေးတိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ သတိရှိလျက် အလိုတော်ကို ပိုင်းခြားသိစေချင်သော အကြောင်းအရင်းကလည်း ဆိုးယုတ်သောကာလအချိန်ဖြစ်သောကြောင့် ရွေးနှုတ်တတ်စေချင်သောကြောင့်ပါ။ အချိန်ကာလရဲ့ဆိုးယုတ်မှုနဲ့အတူ ကိုယ်တိုင်ကလည်း ဆိုးယုတ်မှုနောက်ကို လိုက်နေမယ်၊ အသက်ရှင်နေမယ်ဆိုရင် သေချာတယ် ကိုယ်ဟာ သတိမရှိ၊ အလိုတော်ပိုင်းခြား၍သိချင်သောသဘောနဲ့ ကင်းနေပြီဆိုတာပါပဲ။

“အိမ်ထောင်မှာ”

“သား​သ​မီး​တို့၊ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​အ​ညီ မိ​ဘ​စ​ကား​ကို နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား ကို​နား​ထောင်​ခြင်း​အ​မှု​သည် တ​ရား​သော​အ​မှု ဖြစ်၏။”
ဧဖက်ဩဝါဒစာ ၆း၁

“အ​ဘ​တို့၊ ကိုယ်​သား​သ​မီး​ကို စိတ်​ဆိုး​စေ​ခြင်း​ငှာ မ​ပြု​ကြ​နှင့်။ သ​ခင်​ဘု​ရား၏ အ​လို​တော်​နှင့်​ညီ​သော ဆုံး​မ သွန်​သင်​ခြင်း​ကို​ပြု​လျက် ကျွေး​မွေး​ကြ​လော့။”
ဧဖက်ဩဝါဒစာ ၆း၄

ဆရာကြီးယုဒသန်က သခင်ဘုရား၏အလိုတော်နှင့်အညီ (in the lord)၊ သခင်ဘုရား၏အလိုတော်နှင့်ညီသောဆုံးမသွန်သင်ခြင်း (in the discipline and instruction of the lord) ဆိုပြီးလှပစွာ ပြန်ဆိုထားပါတယ်။ တကယ်တမ်း ဆင်ခြင်ကြည့်တဲ့အခါ သခင်ဘုရား၌ရှိသော အိမ်ထောင်တခုဟာ သခင်ဘုရား၏အလိုတော်၌မွေ့လျော်အသက်ရှင်တယ်ဆိုတာ နားလည်ရပါတယ်။ ကိုယ်က မစုံလင်(imperfect)ရင်တောင်မှ စုံလင်သောသခင်(Perfect Lord)ရဲ့အလိုတော်ကိုပိုင်းခြား၍သိချင်တဲ့ အသက်တာနဲ့ အသက်ရှင်ချင်သောဆန္ဒရှိဖို့ ချစ်သောလူငယ်တို့ သတိပြုပါလေ။

“အသက်တာမှာ”

“ဘု​ရား​သ​ခင်၏ အ​လို​တော်​ဟူ​မူ​ကား၊ သင်​တို့​သည် မ​တ​ရား​သော​မေ​ထုန်​ကို ကြဉ်​ရှောင်၍ သန့်​ရှင်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဘု​ရား​သ​ခင်​ကို​မ​သိ​သော သာ​သ​နာ​ပ​လူ​တို့​သည် ကိ​လေ​သာ တပ်​မက်​ခြင်း​ရှိ​သ​ကဲ့​သို့ မ​ရှိ၊ သင်​တို့​အ​ပေါင်း​သည် သန့်​ရှင်း​ခြင်း၊ အ​သ​ရေ​တင့်​တယ်​ခြင်း​နှင့် မိ​မိ​ကိုယ်​ကို​မိ​မိ ထိန်း​တတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။ ဘု​ရား​သ​ခင်​သည် ညစ်​ညူး​စေ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​တော်​မူ​သည်​မ​ဟုတ်၊ သန့်​ရှင်း​စေ​ခြင်း​ငှာ ခေါ်​တော်​မူ၏။ ထို​ကြောင့်၊ ငါ​တို့​ကို​ငြင်း​ပယ်​သော​သူ​သည် လူ​ကို​သာ ငြင်း​ပယ်​သည်​မ​ဟုတ်၊ ကိုယ်​တော်၏ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်​မူ​သော ဘု​ရား​သ​ခင်​ကို ငြင်း​ပယ်၏။”
သက်သာလောနိတ်ဩဝါဒစာပထမစောင် ၄း၃-၈

ငါ့အသက်တာအတွက် ဘုရားသခင်ရဲ့အလိုတော်က ဘာလဲမသိဘူး” လို့ပြောတတ်တဲ့ချစ်သောလူငယ်တို့ … အထက်ကကျမ်းစာရဲ့အစမှာ “ဘုရားသခင်ရဲ့အလိုတော်ဟူမူကား”(this is the will of God) လို့ အစပြုထားတာ သတိပြုမိပါရဲ့လား။ သတိပြုမိရင် အနောက်မှာဆက်ပြောထားတာကို ပိုပြီးသတိပြုစေချင်ပါတယ်။ မတရားသောမေထုန်ကိုရှောင်ပါ၊ သန့်ရှင်း၍အသရေနှင့်တင်တင့်သောအသက်တာဖြစ်စေလျက် သန့်ရှင်းသောဝိညာဉ်တော်ကို ပေးတော်မူသောဘုရားသခင်၏အလိုတော်ကိုပိုင်းခြား၍သိသောအသက်တာဖြင့်အသက်ရှင်ပါ။

“အ​စဉ်​မ​ပြတ် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ​လော့။ မ​ခြား​မ​လပ် ဆု​တောင်း​ပ​ဌ​နာ​ပြု​ကြ​လော့။ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ သင်​တို့​သည် ထို​သို့​ကျင့်​စေ​ခြင်း​ငှာ၊ ယေ​ရှု​ခ​ရစ်၌ ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ၏။”
သက်သာလောနိတ်ဩဝါဒစာပထမစောင် ၅း၁၆-၁၈

အစဉ်မပြတ်ဝမ်းမြောက်ခြင်း၊ မခြားမလပ်ဆုတောင်းပဌနာပြုခြင်း၊ အရာရာ၌ကျေးဇူးတော်ချီးမွမ်းခြင်း တွေကိုအသက်တာမှာပြုဖို့ ယေရှုခရစ်၌ဘုရားသခင်အလိုရှိပါတယ် ချစ်သောလူငယ်တို့။ ယေရှုခရစ်၌ရှိတယ်ဆိုပြီး ဝမ်းမြောက်ခြင်းဆိုတာ ဝမ်းမြောက်စရာရှိမှ၊ ဆုတောင်းတယ်ဆိုတာ အားတဲ့အခါမှ၊ ကျေးဇူးတော်ချီးမွမ်းတယ်ဆိုတာ ချီးမွမ်းစရာရှိမှဆိုတာမျိုးတော့မဖြစ်သင့်ပါ။ အလိုတော်ကိုဆောင်ချင်ရင်၊ ဝန်ခံချင်ရင် မပျင်းပါနဲ့။ ကိုယ့်အလိုကို ရှေ့တန်းမတင်မိပါစေနဲ့။

“ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။”
ရှင်ယာကုပ်ဩဝါဒစာ ၄း၇

ချစ်သောလူငယ်တို့ ဘုရားသခင်၏အလိုတော်သို့လိုက်ပါ(submit)။ စာတန်ကိုဆီးတားတဲ့ အသက်တာရှိသောသူဟာ သခင်ဘုရား၌ဝန်ခံသောသူ၊ တနည်းဆိုရလျှင် အလိုတော်ကိုဝန်ခံသောသူ၊ တနည်းထပ်ဆိုရလျှင် ယေရှုခရစ်တော်ကဲ့သို့ အသက်ရှင်သောသူဖြစ်ပါတယ်။

ချစ်သောလူငယ်တို့ အလိုတော်ဟာ ဘာမှန်းမသိဖြစ်နေပါသလား။ ဒါဆိုရင် သခင့်ကိုစေ့စေ့ကြည့်ဖို့လိုပါပြီ။ သခင့်ရဲ့နှုတ်ကပတ်တော်ကို မှီဝဲဖို့လိုနေပါပြီ။ ထင်ထားသလို မဖြစ်တတ်တဲ့လောကကြီးထဲ အသက်ရှင်နေထိုင်ချိန်ခဏမှာ အလိုတော်နှင့်အညီကျင့်လျက်တည်သောသူဖြစ်မည်အကြောင်း

“လော​က​နှင့် လော​ကီ​တပ်​မက်​ခြင်း​သည် ရွေ့​သွား​ကွယ်​ပျောက်​တတ်၏။ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ ကျင့်​သော​သူ​မူ​ကား၊ နိ​စ္စ​ထာ​ဝ​ရ​တည်၏။”
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၂း၁၇

မေတ္တာဖြင့်