Skip to content

စင်စစ် “သခင်ယေရှုသည် ခရစ်တော်လား”ဟူသည် ခရစ်ယာန်တို့အကြား အငြင်းပွားစရာ ဖြစ်ရမည့်အရာ သို့မဟုတ် မေးခွန်လုပ်ပြီး မေးနေရမည့်အရာတခုပင် မဟုတ်ပေ။  ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း ရဲရဲဝံ့ဝံ့ဟောပြောသော တခုတည်းသောဘာသာတရားသည် ခရစ်ယာန်ဘာသာတရားပင်ဖြစ်သည်။ သို့နှင့် မိမိကိုယ်ကို ခရစ်ယာန်ဟု သမုတ်နေကြသူအချို့သည် ဘာကြောင့်များ ယေရှုသည် ခရစ်တော် ဟုတ်မဟုတ် ဇဝေဇဝါဖြစ်နေကြပါသနည်း။ ဘာကြောင့်များ ယေရှုနှင့် ခရစ်တော် မတူဟု သွန်သင်နေကြပါသနည်း။ စာရေးသူကတော့ ထိုကဲ့သို့ ဇဝေဇဝါ၊​ မရေမရာဖြစ်နေသောသူတိုင်းသည် ခရစ်ယာန်ပင် လုံးဝမဟုတ်သေးပေဟု တည့်တည့်ပဲ ဝေဖန်ပါမည်။ ထိုကဲ့သို့ ဟောပြောသွန်သင်နေသော ဆရာသမားတို့သည်လည်း မိစ္ဆာပရောဖက်များသာဖြစ်ကြပါသည်။ သင်သည် ခရစ်တော်၏ နောက်တော်လိုက်ဆိုတာ သေချာပါသလား။ ကိုယ် ဘယ်သူ့ကို ယုံကြည်သနည်း၊​ ဘယ်သူ့နောက်လိုက်နေသနည်းကို ကိုယ်တိုင် သိပါရဲ့လား။ ချစ်လှစွာသောစာဖတ်သူ … သခင်ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်။ ထိုအရာသည် စစ်မှန်သော တခုတည်းသော ဧဝံဂေလိတရားတော်ပင်ဖြစ်သည်။ သင်သည် ခရစ်ယာန်ဖြစ်လိုလျှင် ထိုအရာကို စွဲမြဲစွာယုံကြည်ရပါမည်။

ဤမရေရာမသေချာဖြစ်နေမှုကို ရှင်းလင်းရန် သမ္မာကျမ်းစာတွင်သာ အဖြေကို အရင်ရှာဖွေရပါမည်။ အကြောင်းမှာ ဤအရာသည် ခရစ်ယာန်ဓမ္မဩဝါဒနှင့်စပ်ဆိုင်နေပြီး ခရစ်ယာန်အချင်းချင်းကြား မလိုလားအပ်သည့်အငြင်းပွားမှုကြောင့်တည်း (ခရစ်ယာန်မဟုတ်သည့် ဘာသာခြားများပင် ယေရှုနှင့်ခရစ်တော်သည် တူညီသောပုဂ္ဂိုလ်တပါးတည်းမှန်းသိကြပါသေးသည်)။ ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို သမ္မာကျမ်းစာကို အသုံးပြု၍ စာရေးသူသက်သေပြမည်ဖြစ်ပြီး ယေရှုနှင့် ခရစ်တော် မတူ ဟူသော ယွင်းမှားသောမိစ္ဆာအယူကို စာရေးသူ ချေဖျက်ပါမည်။ လေ့လာသွားမည့် အခန်းကဏ္ဍများကို အောက်ပါအတိုင်း ခွဲခြမ်းပါမည်။

  • သခင်ဖွားမြင်တော်မူချိန်
  • သခင်ယေရှု သက်တော်စဉ်
  • တမန်တော်ကြီးများ၏ သက်သေခံချက်
  • ခရစ်တော်၏ ရန်သူ
  • အဘယ်ကြောင့် ယေရှုသည် ခရစ်တော်(မေရှိယ) ဖြစ်ရပါသနည်း

သခင်ဖွားမြင်တော်မူချိန်

 

ရှေးဦးစွာ သခင်ယေရှုဖွားမြင်တော်မူချိန်တွင် တမန်တော်များမည်ကဲ့သို့ မှတ်တမ်းတင်ခဲ့ကြသည်ကို စတင်လေ့လာကြရမည်။ ချစ်လှစွာသော စာဖတ်သူ အောက်တွင် ဖော်ပြသွားမည့် သမ္မာကျမ်းစာများကို သေချာအာရုံစိုက်၍ ဂရုတစိုက်ဖတ်ဖို့ရန် တိုက်တွန်းလိုပါသည်။ အပေါ်ယံ ဖတ်ရှုခြင်း သည်းခံပါ။


ရှင်မဿဲ မှတ်တမ်း 

 

 

အာဗြဟံနှင့် ဒါဝိဒ်တို့မှဆင်းသက်တော်မူသော ယေရှုခရစ်(Jesus Christ)၏ ဆွေတော်စဉ်မျိုးတော်ဆက် စာရင်းဟူမူကား၊-

ယာကုပ်မြင်သောသားကား၊ မာရိ၏ခင်ပွန်းယောသပ်တည်း။ ထိုမာရိသည် ခရစ်ဟုခေါ်ဝေါ်သမုတ်သော ယေရှု၏မယ်တော်ဖြစ်၏။ (and Jacob became the father of Joseph, the husband of Mary by whom was born Jesus, who is called Christ.) 

ဤသို့လျှင်၊ မျိုးစဉ်နွယ်ဆက်ပေါင်းကား၊ အာဗြဟံမှသည် ဒါဝိဒ်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဒါဝိဒ်မှသည် ဗာဗုလုန်မြို့သို့ နေရာပြောင်းသည်တိုင်အောင် တစ်ဆယ်လေးဆက်၊ ဗာဗုလုန်မြို့သို့ ပြောင်းပြီးမှသည် ခရစ်တော်တိုင်အောင် တစ်ဆယ်လေးဆက် ဖြစ်သတည်း။

(ရှင်မဿဲခရစ်ဝင် ၁:၁၊ ၁၇)

ချစ်သောစာဖတ်သူ .. အပျိုကညာ မာရိသည် ခရစ်ဟု သမုတ်သော မည်သူ၏ မယ်တော်ဖြစ်ပါသနည်း။ ဖြေပါ။

 

ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဖွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂုပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။- ယခု ဖွားမြင်သော ယုဒရှင်ဘုရင်သည်၊ အဘယ်မှာ ရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါတို့ မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှာ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။- ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သား အပေါင်းတို့နှင့်တကွ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊- ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ်အရပ်မှာ ဖွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။- ထိုဆရာတို့ကလည်း၊ ပရောဖက်တစ်ဦး ရေးထားသောအချက် ဟူမူကား၊- အို ယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်းမူကား၊ ငါ၏လူစု ဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့ဟု ကျမ်းလာရှိပါ၏။ ထိုကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကို ဖွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက်ထားကြ၏။

(ရှင်မဿဲ ၂:၁-၆)

ချစ်သောစာဖတ်သူ ယေရှုသည် မည်သည့်ပြည်၊ မည်သည့်မြို့တွင် ဖွားမြင်တော်မူပါသနည်း။ ဖြေပါ။

ချစ်သောစာဖတ်သူ ယဇ်ပုရောဟိတ်အကြီးတို့နှင့် ကျမ်းပြုဆရာရှိသမျှတို့သည် မိက္ခာအနာဂတ္တိကျမ်း ၅ : ၂ ကို ကိုးကား၍ ဟေရုဒ်မင်းကြီးအား သခင်ခရစ်တော်သည် ယုဒပြည်ဗက်လင်မြို့၌ ဖွားမြင်တော်မူမည့်အကြောင်း ပြန်၍ လျှောက်ခဲ့ကြသည်ကို အမှတ်ရပါ။

 

ရှင်မာကု မှတ်တမ်း

 

 

ဘုရားသခင်သားတော်ယေရှုခရစ်၏ ဧဝံဂေလိတရား၏ အစကို ဆိုပေအံ့။-(ရှင်မာကုခရစ်ဝင် ၁:၁)

 

ရှင်လုကာ မှတ်တမ်း

 

 

ရှေ့ဦးစွာမှစ၍ ကိုယ်တိုင်မြင်သော သက်သေဖြစ်လျက်၊ နှုတ်ကပတ်တော်မှုကို ဆောင်ရွက်သောသူတို့သည်၊- ငါတို့တွင် ထင်ရှားစွာဖြစ်လေပြီးသော အတ္ထုပ္ပတ္တိများကို ငါတို့အားကြားပြောသည် အစဉ်အတိုင်း မှတ်သားသောစာကို စီရင်ရေးထားသောသူ အများရှိကြသည် ဖြစ်၍၊- ငါသည်လည်း ထိုအတ္ထုပ္ပတ္တိအလုံးစုံတို့ကို ရှေ့ဦးစွာမှစ၍၊- စေ့စေ့ဖွေရှာ လိုက်စစ်ပြီးလျှင်၊ ကိုယ်တော်သင်ပြီးသော အကြောင်းအရာတို့သည် ဧကန်အမှန်ဖြစ်ကြောင်းကို ကိုယ်တော်သိစေခြင်းငှာ အစဉ်အတိုင်းရေးထား၍ ကြားလိုက်မည်အကြံရှိပါ၏၊ အလွန်မြတ်သောသော်ဖိလု။ 

(ရှင်လုကာခရစ်ဝင် ၁:၁-၄)

ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။- သင်တို့သည် အဘယ်နိမိတ်ဖြင့် သိရမည်နည်းဟူမူကား၊ သူငယ်သည် အဝတ်နှင့်ပတ်ရစ်၍ နွားစားခွက်၌ သိပ်ထားလျက်ရှိသည်ကို တွေ့ကြလိမ့်မည်

ကောင်းကင်တမန်တို့သည် ကောင်းကင်ဘုံသို့ ပြန်ကြပြီးမှ သိုးထိန်းတို့က၊ ငါတို့သည် ဗက်လင်မြို့သို့ သွားကြကုန်အံ့။ ထာဝရဘုရားသည် ဖော်ပြတော်မူသော ဤအမှုအရာကို ကြည့်ကြကုန်အံ့ဟု အချင်းချင်း ပြောဆိုပြီးလျှင်၊- အလျင်အမြန်သွား၍ မာရိနှင့်ယောသပ်ကိုလည်းကောင်း၊ နွားစားခွက်၌ သိပ်ထားလျက်ရှိသော သူငယ်ကိုလည်းကောင်း တွေ့ကြ၏။

ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမီ ကောင်းကင်တမန်မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။

(ရှင်လုကာခရစ်ဝင် ၂:၁၁-၁၂၊ ၁၅-၁၆၊ ၂၁)

ချစ်သောစာဖတ်သူ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် “ယေရှု” အမည်ရသော သူငယ်တော်ဖြစ်တော်မူပါတယ်တဲ့နော်။

 

ထိုအခါ ရှုမောင်အမည်ရှိသော သူတစ်ယောက်သည် ယေရုရှလင်မြို့၌ရှိ၏။ ထိုသူသည် ဖြောင့်မတ်သောသူ၊ တရားကိုရိုသေသောသူ၊ ဣသရေလအမျိုး၏ သက်သာခြင်းအကြောင်းကို မျှော်လင့်သောသူ ဖြစ်၏။ သန့်ရှင်းသောဝိညာဉ်တော်သည် သူ့အပေါ်၌ တည်သည်ဖြစ်၍၊- သူသည် ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မီ မသေရဟု ဗျာဒိတ်တော်ကိုရ၏။- ထိုအခါ သူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ်တရားထုံးတမ်းအတိုင်း ပြုခြင်းငှာ ဆောင်သွားစဉ်တွင်၊- ရှုမောင်သည် ယေရှုကို လက်နှင့်ချီပိုက်၍၊- ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ်တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။- ကိုယ်တော်၏လူ ဣသရေလအမျိုးကို ချီးမြှောက်စေခြင်းငှာလည်းကောင်း၊ တစ်ပါးအမျိုးသားတို့ကို လင်းစေခြင်းငှာလည်းကောင်း၊ လူအမျိုးမျိုးတို့ရှေ့မှောက်၌ ပြင်ဆင်တော်မူသော အလင်းတည်းဟူသော ကယ်တင်သောသခင်ကို အကျွန်ုပ်သည် ကိုယ်မျက်စိနှင့် မြင်ရပါ၏ဟု မြွက်ဆို၏။- ထိုစကားများကို ယောသပ်နှင့်မယ်တော်သည် ကြားလျှင် အံ့ဩခြင်းရှိကြ၏။- 

(ရှင်လုကာခရစ်ဝင် ၂:၂၅-၃၃)

ချစ်သောစာဖတ်သူ ခရစ်ဝင်ကျမ်းစာစောင်များရှိ သူငယ်တော်ယေရှုဖွားမြင်တော်မူချိန်က Christmas Story များကို အတူတကွလေ့လာခဲ့ကြသည့်အခါ သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ကြပြီးဖြစ်ပါသည်။ The Gospels of Matthew, Mark, Luke & John ကို ဆရာကြီးယုဒသန်က ခရစ်ဝင်ကျမ်းစာစောင်များဟူ၍ မြန်မာဘာသာပြန်ဆိုပေးခဲ့သည်မှာ အလကားမဟုတ်ပါ။ အဘယ့်ကြောင့် ထိုကဲ့သို့ ပြန်ဆိုပေးခဲ့သလဲဆိုသည်ကို လေးလေးနက်နက်စဉ်းစားစေလိုပါသည်။

သခင်ယေရှု သက်တော်စဉ်

 

ဖွားမြင်တော်မူချိန်ပြီးသည့်နောက် သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို ကိုယ်တော်၏ သက်တော်စဉ်နှင့် အမှုတော်မြတ်လုပ်ငန်းများတွင် ဆက်လက်လေ့လာကြပါမည်။

 

ရှင်မဿဲ မှတ်တမ်း 
နှစ်ခြင်းဆရာယောဟန်ထံမှ စေတမန်များ

 

ခရစ်တော်ပြုတော်မူသော အမှုတို့ကို ယောဟန်သည် ထောင်ထဲမှာ ကြားသောအခါ၊ မိမိတပည့်နှစ်ယောက်ကို စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောသူ မှန်သလော။ သို့မဟုတ် အခြားသောသူကို မျှော်လင့်ရပါမည်လောဟု မေးလျှောက်စေ၏။- ယေရှုကလည်း၊ သင်တို့သည် ကြားရသမျှ မြင်ရသမျှတို့ကို သွား၍ ယောဟန်အား ကြားလျှောက်ကြလော့။- မျက်စိကန်းသော သူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသော သူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသော သူတို့သည် သန့်ရှင်းခြင်းသို့ ရောက်ရကြ၏။ နားပင်းသော သူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။- ငါ့ကြောင့် စိတ်မပျက်သောသူသည် မင်္ဂလာရှိ၏ဟု ပြန်ပြောတော်မူ၏။-

(ရှင်မဿဲခရစ်ဝင် ၁၁:၂-၆)

 

ရှင်ပေတရု၏ ဝန်ခံချက်

 

ယေရှုသည် ဖိလိပ္ပုကဲသရိမြို့၏ ကျေးလက်သို့ ကြွတော်မူသောအခါ၊ လူများတို့သည် လူသားဖြစ်သော ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု တပည့်တော်တို့ကို မေးမြန်းတော်မူလျှင်၊- လူအချို့က၊ ကိုယ်တော်သည် ဗတ္တိဇံဆရာယောဟန်ဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ဧလိယဖြစ်သည် ဟူ၍လည်းကောင်း၊ အချို့က၊ ယေရမိမှစ၍ ပရောဖက်တစ်ပါးပါးဖြစ်သည် ဟူ၍လည်းကောင်း ဆိုကြပါ၏ဟု လျှောက်ကြသော်၊- သင်တို့လည်း ငါ့ကို အဘယ်သူဖြစ်သည် ဆိုကြသနည်းဟု မေးမြန်းတော်မူလျှင်၊- ရှိမုန်ပေတရုက၊ ကိုယ်တော်သည် ခရစ်တော်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ဟု လျှောက်လေ၏။- ယေရှုကလည်း၊ ရှိမုန်ဗာယောန၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ အသွေးအသားသည် ဤအကြောင်းအရာကို သင့်အား ဖော်ပြသည်မဟုတ်။ ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်သည် ဖော်ပြတော်မူသတည်း။- ငါဆိုသည်ကား၊ သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ၏ တံခါးတို့သည် မနိုင်ရာ။- ကောင်းကင်နိုင်ငံတော်၏ သော့တို့ကိုလည်း သင့်အား ငါပေးမည်။ သင်သည် မြေကြီးပေါ်မှာ ချည်နှောင်သမျှသည် ကောင်းကင်ဘုံ၌ ချည်နှောင်လျက် ရှိလိမ့်မည်။ မြေကြီးပေါ်မှာ ဖြည်လွှတ်သမျှသည် ကောင်းကင်ဘုံ၌ ဖြည်လွှတ်လျက် ရှိလိမ့်မည်ဟု မိန့်တော်မူပြီးလျှင်၊- ကိုယ်တော်သည် ခရစ်တော်ဖြစ်ကြောင်းကို အဘယ်သူအားမျှ မပြောစိမ့်သောငှာ တပည့်တော်တို့ကို ပညတ်တော်မူ၏။

(ရှင်မဿဲခရစ်ဝင် ၁၆ : ၁၃-၂၀)

ချစ်သောစာဖတ်သူ ရှင်မဿဲခရစ်ဝင် ၁၆ : ၂၀ တွင် ကိုယ်တော်သည် မည်သူဖြစ်ကြောင်းကို တပည့်တော်တို့အား ပညတ်တော်မူပါသနည်း။ ဖြေပါ။ 

 

ဒါဝိဒ်၏သား

 

ဖာရိရှဲတို့သည် စုဝေး၍နေကြစဉ်တွင် ယေရှုက၊ သင်တို့သည် ခရစ်တော်ကို အဘယ်သို့ ထင်မှတ်ကြသနည်း။- အဘယ်သူ၏ သားဖြစ်သနည်းဟု မေးတော်မူလျှင်၊ ဒါဝိဒ်၏သားဖြစ်သည်ဟု လျှောက်ကြသော်၊- သို့ဖြစ်လျှင် ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ ဝိညာဉ်တော်အားဖြင့် အဘယ်ကြောင့်ခေါ်သနည်း။- ဒါဝိဒ်၏စကားမှာ ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ ငါမချမထားမီတိုင်အောင် ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူသည်ဟု ဒါဝိဒ်ဆိုသတည်း။- ထိုသို့ ဒါဝိဒ်သည် ခရစ်တော်ကို သခင်ဟူ၍ခေါ်လျှင်၊ အဘယ်သို့ သူ၏သားဖြစ်သနည်းဟု မေးတော်မူသည်ရှိသော်၊- အဘယ်သူမျှ စကားတစ်ခွန်းကို ပြန်လျှောက်ခြင်းငှာ မတတ်နိုင်ကြ။ ထိုနေ့မှစ၍ နောက်တစ်ဖန် အဘယ်သူမျှ မမေးမလျှောက်ဝံ့ကြ။

(ရှင်မဿဲခရစ်ဝင် ၂၂:၄၁-၄၆)

 

ဖာရိရှဲတို့သည် ခရစ်တော်သည် ဒါဝိဒ်၏မျိုးရိုးမှ ဆင်းသက်လာမည်ကို သိကြသည်ကို အထက်ပါ ကျမ်းချက်အားဖြင့် ကျွနု်ပ်တို့ နားလည်ရပါသည်။

ထို့ကြောင့် .. 

ချစ်သောစာဖတ်သူ ယေရှုသည် ခရစ်တော် ဟုတ်ပါသလား။

ချစ်သောစာဖတ်သူ ခရစ်တော်သည် သခင် ဟုတ်ပါသလား။

ချစ်သောစာဖတ်သူ ယေရှုသည် သင်၏ သခင် ဟုတ်ပါသလား။ ဖြေပါ။

 

ရှင်မာကု မှတ်တမ်း
တရားလွှတ်တော်၌စစ်ဆေးခြင်း

 

ယဇ်ပုရောဟိတ်မင်းသည် အလယ်၌ မတ်တတ်ထ၍၊ သင်သည် တစ်ခွန်းမျှပြန်၍ မပြောသလော။ ဤသူတို့သည် အဘယ်သို့သက်သေခံသနည်းဟု ယေရှုကိုမေးလျှင်၊- ကိုယ်တော်သည် တစ်ခွန်းမျှပြန်ပြောတော်မမူဘဲ တိတ်ဆိတ်စွာနေ၏။ တစ်ဖန် ယဇ်ပုရောဟိတ်မင်းက၊ သင်သည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်သလောဟု မေးပြန်လျှင်၊- ယေရှုက၊ မှန်၏။ နောင်ကာလ၌ လူသားသည် တန်ခိုးတော်၏လက်ယာဘက်၌ ထိုင်လျက်၊ မိုးတိမ်ကို စီး၍ ကြွလာသည်ကို သင်တို့မြင်ရကြလတ္တံ့ဟု မိန့်တော်မူ၏။- ထိုအခါ ယဇ်ပုရောဟိတ်မင်းသည် မိမိအဝတ်ကို ဆုတ်လျက် အဘယ်သက်သေကို လိုသေးသနည်း။- ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြားရပြီ။ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ကိုယ်တော်သည် အသေခံထိုက်ကြောင်းကို ထိုသူအပေါင်းတို့သည် စီရင်ကြ၏။-

(ရှင်မာကု ၁၄:၆၀-၆၄)

ချစ်သောစာဖတ်သူ ဒါ့ထက် ကောင်းသည့် သက်သေရှိပါဦးမလား။
ချစ်သောစာဖတ်သူ သခင်ယေရှုသည် ခရစ်တော်တည်းဟူသော မင်္ဂလာရှိသော ဘုရားသခင်၏သားတော် မှန်ပါသလား။ ဖြေပါ . ဖြေပါ ဖြေပါ။

 

ချစ်သောစာဖတ်သူ တစုံတယောက်သည် သင့်ထံလာ၍ ယေရှုနှင့်ခရစ်တော် မတူ၊ ယေရှုဟူသောဖန်ဆင်းခံလူသားကို ယုံလျှင် ကယ်တင်ခြင်းမရ (ယေရှုသည် လူသားတဦးအဖြစ်ကြွလာခဲ့သော်လည်း သင်နှင့်ကျွနု်ပ်ကဲ့သို့ ဖန်ဆင်းခံ မဟုတ်ပေ)၊ ခရစ်တော်ဟူသောဖန်ဆင်းရှင်ဘုရားကို ယုံမှသာကယ်တင်ခြင်းရမည်ဟု လာဟောပြောခဲ့လျှင် ထိုသို့ဟောပြောသူသည် မိစ္ဆာပရောဖက်အဆင့်သို့ မရောက်သေး၊ သမ္မာကျမ်းစာကို ကိုယ်တိုင် မဖတ်ရှု၊ မဆင်ခြင်သော ခရစ်ယာန်အမည်ခံ ငပျင်း၊ ငဖျင်း” သာဖြစ်သည်ဟု  မှတ်ပါလေ။ ထိုသူကို သမ္မာကျမ်းစာနှင့် မေတ္တာအရင်းခံ၍ ပြန်လည်တည့်မတ်ပေးပါ။ နောင်တရလျှင် ကျေးဇူးတော်ချီးမွမ်း၍ လက်ခံကြိုဆိုပါ။ ဤမျှလောက်သက်သေအထောက်အထားများရှိပါလျက် နောင်တမရဘဲ ဆက်လက်ငြင်းခုန်လျက်နေသေးလျှင် သင့်ထံကနေ မောင်းထုတ်လိုက်ပါ။ အချိန်ကုန်မခံပါနှင့်။ ထိုကဲ့သို့ မဟုတ်ပါဘဲ ထိုသူအား သမ္မာကျမ်းစာဖြင့် တည့်မတ်ပေးရမည့်အစား ထိုငပျင်း၊ ငဖျင်းနောက်သို့ နားယောင်လိုက်၍ သင်ကိုယ်တိုင်လမ်းလွဲခဲ့ပါလျှင် ငပျင်း/ငဖျင်းကိုမှ သရဖူဆောင်းထားသော ဘဝ” သို့ ရောက်သွားပေမည်။ ထိုသို့ မဖြစ်စေလိုပါ။ သမ္မာကျမ်းစာကို ကိုယ်တိုင် ဖတ်ရှုဆင်ခြင်ပါ။ ဖတ်ရှုပြီးသည့်တိုင် နားမလည်ပါက ယုံကြည်စိတ်ချရသော တတ်သိနားလည်သူများကို မေးမြန်း၍ နည်းနာခံယူပါ။ ဆင်ခြင်သုံးသပ်ပါ။ သမ္မာကျမ်းစာကို ဖတ်ရှုလေ့လာကာ နားလည်သဘောပေါက်သူသည် အမှား၊ အမှန်ကို ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သူတပါး၏လိမ်ညာလှည့်ဖြားခံရခြင်းမှလည်း ကင်းဝေးစေပါသည်။

 

ရှင်လုကာ မှတ်တမ်း

ဧမောက်ရွာသို့သွားခြင်း

 

ထိုမှတစ်ပါး၊ တပည့်တော်နှစ်ယောက်တို့သည် ယေရုရှလင်မြို့နှင့် ခရီးလေးတိုင်ကွာသော ဧမောက်အမည်ရှိသောရွာသို့ ထိုနေ့၌ သွားကြစဉ်တွင်၊- ဖြစ်ခဲ့ပြီးသော အကြောင်းအရာအလုံးစုံတို့ကို အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- ထိုသို့ ဆွေးနွေးပြောဆိုကြစဉ်တွင်၊ ယေရှုသည် ချဉ်းကပ်၍ သူတို့နှင့်အတူ ကြွတော်မူ၏။- ထိုသူတို့သည် မျက်စိချုပ်လျက်ရှိ၍၊ ကိုယ်တော်ဖြစ်သည်ကို မသိကြ။- ကိုယ်တော်ကလည်း၊ သင်တို့သည် ခရီးသွားလျက် အချင်းချင်း ဆွေးနွေးသောစကားကား၊ အဘယ်သို့သောစကားနည်း။ အဘယ်ကြောင့် မျက်နှာညှိုးငယ်ကြသနည်းဟု မေးတော်မူလျှင်၊- သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။- ကိုယ်တော်ကလည်း၊ အဘယ်အကြောင်းအရာနည်းဟု မေးတော်မူလျှင်၊ ထိုသူတို့က၊ နာဇရက်မြို့သားယေရှု၏ အကြောင်းအရာပေတည်း။ ထိုသူသည် ဘုရားသခင်ရှေ့၊ လူအပေါင်းတို့ရှေ့မှာ၊ နှုတ်သတ္တိ၊ လက်သတ္တိနှင့် ပြည့်စုံသော ပရောဖက်ဖြစ်၏။- ထိုသူကို ယဇ်ပုရောဟိတ်အကြီးနှင့် ငါတို့မင်းများသည် အသေသတ်ခြင်းကို ခံစေခြင်းငှာ အပ်နှံ၍ လက်ဝါးကပ်တိုင်မှာ ကွပ်မျက်ကြပြီ။- ထိုသူသည် ဣသရေလအမျိုးကို ရွေးနုတ်အံ့သောသူ ဖြစ်သည်ဟု ငါတို့သည် အထက်ကမျှော်လင့်ကြပြီ။ ထိုမျှမက ဤအကြောင်းအရာဖြစ်၍ ယခုသုံးရက်ရှိပြီ။- ငါတို့၏အပေါင်းအဖော် မိန်းမအချို့တို့သည်လည်း သင်္ချိုင်းတော်သို့ စောစောသွား၍၊- အလောင်းတော်ကို မတွေ့လျှင်၊ သခင်ယေရှုသည် အသက်ရှင်တော်မူသည်ဟု ပြောသော ကောင်းကင်တမန် ထင်ရှားရာ ရူပါရုံကို မိမိတို့မြင်ကြောင်းကို ပြန်လာ၍ ပြောဆိုသဖြင့်၊ ငါတို့သည် မိန်းမောတွေဝေခြင်း ရှိကြ၏။- ထိုအခါ ငါတို့တွင် အချို့သောသူတို့သည် သင်္ချိုင်းတော်သို့သွား၍ မိန်းမတို့ပြောဆိုသည်အတိုင်း တွေ့သော်လည်း၊ ကိုယ်တော်ကို မမြင်ရဟု ပြောဆိုကြ၏။

ကိုယ်တော်ကလည်း၊ ပရောဖက်ဟောပြောသောစကားများကို ယုံနိုင်အောင် ဉာဏ်မရှိ၊ စိတ်ခိုင်မာသောသူတို့၊- ခရစ်တော်သည် ဤသို့ပင် အသေခံ၍ မိမိဘုန်းစည်းစိမ်တော်ကို ဝင်စားရမည်မဟုတ်လောဟု မိန့်တော်မူ၏။- ထိုအခါ မောရှေ၏ကျမ်းစာမှစ၍ ပရောဖက်တို့၏ ကျမ်းစာများ၌ ကိုယ်တော်ကိုရည်မှတ်၍ ရေးထားသမျှသော ကျမ်းစာချက်အနက်ကို ရှင်းလင်းစွာ ဖော်ပြတော်မူ၏။

(ရှင်လုကာ ၂၄:၁၃-၂၅)

 

ရှင်ယောဟန်မှတ်တမ်း

 

ယောဟန်သည် ထိုသခင်၏အကြောင်းကို သက်သေခံ၍ ကြွေးကြော်သည်ကား၊ ငါ့နောက်ကြွလာသောသူသည် ငါမရှိမီ ရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလိုသည်ဟု သက်သေခံလေ၏။- ထိုသူ၏ပြည့်စုံခြင်းမှလည်း ကျေးဇူးတစ်ပါး၌ ထပ်ဆင့်၍ ကျေးဇူးတစ်ပါးကို ငါတို့ရှိသမျှသည်ခံရကြပြီ။- အကြောင်းမူကား၊ ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူးတရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့် ဖြစ်သတည်း။- 

ယုဒလူတို့က၊ သင်သည်အဘယ်သူနည်းဟု ယောဟန်ကိုမေးမြန်းစေခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိလူတို့ကို ယေရုရှလင်မြို့မှ စေလွှတ်သောအခါ၊ ယောဟန်သည် သက်သေခံလေသည်မှာ၊- ငါသည် ခရစ်တော်မဟုတ်ဟု ထိမ်ဝှက်ခြင်းမရှိ။ အတည့်အလင်း ပြောဆို၏။-

နက်ဖြန်နေ့၌ ယေရှုကြွလာတော်မူသည်ကို ယောဟန်သည်မြင်လျှင်၊ ဤလောက၏အပြစ်ကို ဆောင်သွားသော ဘုရားသခင်၏ သိုးသငယ်ကိုကြည့်လော့။- ငါမရှိမီရှိနှင့်သည်ဖြစ်၍၊ ငါ့ထက်သာ၍ ကြီးမြတ်သောသူသည် ငါ့နောက်ကြွလာသည်ဟု ငါဆိုရာ၌၊ ထိုသူကိုဆိုလို၏။– အစက ထိုသူကိုငါမသိ။ သို့သော်လည်း ထိုသူကို ဣသရေလလူတို့အား ထင်ရှားစေခြင်းငှာ ငါသည် ရေ၌ ဗတ္တိဇံကိုပေးလျက်လာ၏။- 

(ရှင်ယောဟန်ခရစ်ဝင် ၁:၁၅-၁၇၊ ၁၉-၂၀၊ ၂၉-၃၁)

နှစ်ခြင်းဆရာယောဟန်က သူသည် ခရစ်တော်မဟုတ်ကြောင်း၊ ယေရှုသာလျှင် ဘုရားသခင်၏ သိုးသငယ်ဖြစ်ပြီး သူ့ထက် သာ၍ကြီးမြတ်ကြောင်း အတိအလင်းပြောဆိုခဲ့သည်ကို တွေ့ရပေသည်။ ဤသည်မှာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း နှစ်ခြင်းဆရာယောဟန်၏ ဝန်ခံကြွေးကြော်ချက်ဆိုလျှင်လည်း မမှားချေ။

 

သခင်ယေရှု၏တပည့်ဦးများ

 

ယောဟန်၏စကားကိုကြား၍ နောက်တော်သို့ လိုက်သောသူနှစ်ယောက်တို့တွင် တစ်ယောက်ကား ရှိမုန်ပေတရုညီ အန္ဒြေပေတည်း။- ထိုသူသည် မိမိအစ်ကိုရှိမုန်ကို ရှေ့ဦးစွာတွေ့လျှင်၊ ငါတို့သည် မေရှိယကိုတွေ့ကြပြီဟု ပြောဆိုလျက်၊- သူ့ကို ယေရှုထံသို့ ပို့ဆောင်လေ၏။ မေရှိယအနက်ကား ခရစ်တော်ဟုဆိုလိုသတည်း။ ယေရှုသည် ထိုသူကိုကြည့်ရှု၍၊ သင်သည် ယောန၏သားရှိမုန်ဖြစ်၏။ ကေဖအမည်သစ်ကို ရလတ္တံ့ဟု မိန့်တော်မူ၏၊ ကေဖအနက်ကား ပေတရုဟု ဆိုလိုသတည်း။

(ရှင်ယောဟန် ၁:၄၀-၄၂)

 

သခင်ယေရှုနှင့်ရှမာရိအမျိုးသမီး

 

ထိုမိန်းမကလည်း၊ သခင်၊ ကိုယ်တော်သည် ပရောဖက်ဖြစ်သည်ကို အကျွန်ုပ်ရိပ်မိပါ၏။- အကျွန်ုပ်တို့ဘိုးဘေးများသည် ဤတောင်ပေါ်၌ ကိုးကွယ်လေ့ရှိကြ၏။ ယေရုရှလင်မြို့၌သာ ကိုးကွယ်ရမည်ဟု သင်တို့သည် ဆိုတတ်ကြ၏ဟု လျှောက်လျှင်၊- ယေရှုက၊ အချင်းမိန်းမ၊ ငါ့စကားကိုယုံလော့။ ဤတောင်သို့ မလာ၊ ယေရုရှလင်မြို့သို့မသွားဘဲ ခမည်းတော်ကိုကိုးကွယ်ရမည် အချိန်ကာလ ရောက်ဆဲရှိ၏။- သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ အကြောင်းမူကား၊ ယုဒလူတို့၌ ကယ်တင်ခြင်းအကြောင်းရှိ၏။- ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကို နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း၊ ကိုးကွယ်ရမည့်အချိန်ကာလသည် လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည် အလိုရှိတော်မူ၏။- ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်တော်မူ၏။ ဘုရားသခင်ကို ကိုးကွယ်သောသူတို့သည်၊ နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ရမည်ဟု မိန့်တော်မူ၏။- မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။- ယေရှုကလည်း၊ သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်ဟု မိန့်တော်မူ၏။

(ရှင်ယောဟန် ၄:၁၉-၂၆)

ဤ ရှင်ယောဟန် ၄:၁၉-၂၆ ပါကျမ်းစာ စကားအသွားအလာကို ဗမာစာတတ်သူတိုင်း စာသားအတိုင်းဖတ်လိုက်ရုံဖြင့် အလွယ်တကူနားလည်နိုင်ပါသည်။ ဘာမျှ ထွေထွေထူးထူး စဉ်းစားပြီးအဖြေရှာစရာပင် မလိုအပ်ပေ။ သခင်ယေရှုသည် မေရှိယဖြစ်သည်။ ချစ်သောစာဖတ်သူ .. မေရှိယအနက်ကား အဘယ်နည်း။ ဖြေပါ။

 

ရှင်ယောဟန်ခရစ်ဝင်ကျမ်းစောင်၏ရည်ရွယ်ချက်

 

ဤကျမ်းစာ၌ ရေး၍မထားသော အခြားနိမိတ်လက္ခဏာအများတို့ကိုလည်း ယေရှုသည် တပည့်တော်တို့မျက်မှောက်၌ ပြတော်မူ၏။- ယေရှုသည် ခရစ်တော်တည်းဟူသော ဘုရားသခင်၏သားတော် ဖြစ်တော်မူသည်ကို သင်တို့သည် ယုံမည်အကြောင်း၊ ထိုသို့ယုံ၍ နာမတော်အားဖြင့် အသက်ကိုရမည်အကြောင်း၊ ဤမျှလောက် ရေးထားလျက် ရှိသတည်း။

(ရှင်ယောဟန်ခရစ်ဝင် ၂၀:၃၀-၃၁)

ချစ်လှစွာသော စာဖတ်သူ ခရစ်တော်တည်းဟူသော သခင်ယေရှုကို ယုံကြည်လျှင် ထာဝရအသက်ကို ရပါမည်။

တမန်တော်ကြီးများ၏ သက်သေခံချက်

 

ယခုဆိုလျှင် ခရစ်ဝင်ကျမ်းစာစောင်များအတွင်းမှ သခင်ယေရှုခရစ်တော်ဖွားမြင်တော်မူခြင်းနှင့် ကိုယ်တော်၏သက်တော်စဉ်များအားဖြင့် သခင်ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ရှင်းလင်းပြတ်သားစွာသိရှိနားလည်ခဲ့ပြီးဖြစ်ပါသည်။ ဆက်လက်၍ သခင်ယေရှုခရစ်တော် ကောင်းကင်ဘုံသို့ တက်ကြွပြီးသည့်နောက် ကိုယ်တော်၏ တမန်တော်များ ဟောပြောသွန်သင်ချက်များနှင့် ၎င်းတို့၏ အသက်တာများအတွင်းမှ ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို လေ့လာသွားကြပါမည်။


တမန်တော်များညှဉ်းပန်းနှိပ်စက်ခံရခြင်း


ဘုရားသခင်၏အကြံအမှုဖြစ်လျှင် သင်တို့သည် မဖျက်ဆီးနိုင်ကြ။ သင်တို့သည် ဘုရားသခင်၏ အာဏာတော်ကို ဆန်သောသူမဖြစ်မည်အကြောင်း သတိပြုကြလော့ဟု ပြောဆို၏။- ထိုစကားကို နားထောင်ကြသဖြင့်၊ တမန်တော်တို့ကိုခေါ်၍ ရိုက်နှက်ပြီးမှ၊ ယေရှု၏နာမကို အမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား၍ လွှတ်ကြ၏။– တမန်တော်တို့သည်လည်း၊ သခင်ယေရှု၏ နာမတော်ကြောင့် မိမိတို့သည် အရှက်ကွဲခြင်းကို ခံထိုက်ကြသည်ဟု မှတ်တော်မူသောကြောင့် ဝမ်းမြောက်သောစိတ်ရှိ၍ လွှတ်တော်မှထွက်သွားကြ၏။- ဗိမာန်တော်၌လည်းကောင်း၊ အိမ်၌လည်းကောင်း နေ့တိုင်းအစဉ် ဆုံးမသွန်သင်လျက်၊ ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ၏။

(တမန်တော် ၅:၃၉-၄၂)

ချစ်လှစွာသောစာဖတ်သူ ယေရှု၏ နာမတော်သည် တန်ခိုးကြီးပါသည်။ တမန်တော်ကြီးများသည် “ယေရှု” တည်းဟူသော နာမတော်မြတ်အားဖြင့် ဟောပြောသွန်သင်ခြင်း၊  သမ္မာတရားအား သင်ပြခြင်း၊ အနာရောဂါငြိမ်းစေခြင်းကဲ့သို့သော အံ့ဖွယ်နမိတ်လက္ခာများစသည်တို့ကို ပြုခဲ့ကြပါသည်။ “ယေရှု” ဟူသောနာမတော်ကြောင့်ပင် ညှင်းပန်းနှိပ်စက်ခံရပြီး ထိုနာမကို အမှီပြု၍ မဟောမပြောမည့်အကြောင်း တားမြစ်ခံရသည်အထိပင်။ ယေရှုသည် လူသားမျှသာဖြစ်၍ ဘာမျှမစွမ်းဟု မည်သည့် တမန်တော်မှ မသွန်သင်ခဲ့ပါ။ လူသားဖြစ်သော ယေရှုသည် ဘာမျှမစွမ်းနိုင်၊ ကယ်တင်ခြင်းလည်း မပေးနိုင်ဟူသော ထိုယွင်းမှားသောသွန်သင်ချက်များမှာဘုရားရှင်အား အဘယ်မျှလောက် စော်ကားနေပါသနည်းဟူသည်ကို သတိထားစေလိုပါသည်။ တမန်တော် ၅:၄၂ တွင် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြပါသေးသတဲ့ဗျာ။
ချစ်သောစာဖတ်သူ ယေရှုသည် ခရစ်တော်ဖြစ်၏ ဟူသော တရားသည် ဘာတရား ? ဖြေပါ။

 

သက်သာလောနိတ်မြို့တွင် အမှုဆောင်ခြင်း

 

ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကိုလျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားဇရပ်ရှိ၏။- ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊- ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။- ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။-

(တမန်တော် ၁၇:၁-၄)

အချို့သော လွဲမှားအယူသွန်သင်သူတို့က ဤသို့ဆိုကြပါသေးသည်။ ယေရှုသည် လူသားဖြစ်၍ အသေခံရခြင်း၊ ကျိန်ခြင်းအမင်္ဂလာကို ခံရခြင်းဖြစ်သည်။ ဘုရားသည် မသေတတ်ပါ။ ထို့ကြောင့် ရှင်ပြန်ထမြောက်ပြီးမှသာ ခရစ်တော်တည်းဟူသော ဘုရားအဖြစ်တော်ကို ရောက်သွားသည်ဟု လွဲမှားစွာသွန်သင်ကြပါသေးသည်။ အထက်ပါကျမ်းချက်ကို တဖန်ပြန်ဖတ်ပါ။ ဤကျမ်းရေးသူသည် ယေရှုနှင့်ခရစ်တော်သည် တူညီသောပုဂ္ဂိုလ်တပါးတည်းကိုသာ ရည်ညွှန်းသောကြောင့် ခရစ်တော်သည် အသေခံရမည်ဟူ၍ အတိအလင်းရေးသားထားသည်။ ထိုမိစ္ဆာပရောဖက်တို့ သွန်သင်ချက်သာ အမှန်ဆိုလျှင် ခရစ်တော်သည် ဘာကြောင့်သေရပါသနည်း။ ဘုရား မဟုတ်လို့လား။ ချစ်သောစာဖတ်သူ ကျမ်းစာတအုပ်လုံးတွင် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း အနှံ့အပြား တွေ့ရပါသည်။ ထိမ်ဝှက်ထားခြင်းတခုမှ မရှိ၊ အားလုံးအတိအလင်းပင်ဖြစ်ပါသည်။ ယေရှုသည် ခရစ်တော်ဖြစ်သည်။ တနည်းကား ယေရှုသည် ဘုရားသခင်ဖြစ်ပေသည်။ သိပါ၊ မှတ်ပါ၊ ယုံကြည်ပါ၊ ထိုအတိုင်း ထပ်ဆင့်ဟောပြောပါ။


အာပေါလုဟောပြောခြင်း

 

အာပေါလုအမည်ရှိသော အာလေဇန္ဒြိမြို့သား၊ ယုဒလူ တစ်ယောက်သည် ဧဖက်မြို့သို့ရောက်လာ၏။ ထိုသူသည် နှုတ်သတ္တိနှင့် ပြည့်စုံ၍ ကျမ်းစာ၌ အားကြီးသောသူဖြစ်၏။- သခင်ဘုရား၏ဘာသာ၌လေ့ကျက်၍ စိတ်အားကြီးသဖြင့်၊ သခင်ဘုရား၏အကြောင်းများကို စေ့စေ့ဟောပြော၍ ဆုံးမဩဝါဒပေး၏။ သို့သော်လည်း၊ ယောဟန်၏ ဗတ္တိဇံကိုသာသိ၏။- ထိုသူသည် တရားဇရပ်၌ ရဲရင့်စွာ ဟောပြောစပြုသဖြင့်၊ အာကုလနှင့် ပြစ်ကိလတို့သည် သူ၏စကားကို ကြားသောအခါ၊ သူ့ကိုယူ၍ ဘုရားသခင်၏ ဘာသာတရားကို သာ၍ သေချာစွာ သင်ကြားကြ၏။- ထိုသူသည် အခါယပြည်သို့သွားခြင်းငှာ အလိုရှိသည်ဖြစ်၍၊ တပည့်တော်ချင်းတို့သည် သူ့ကိုလက်ခံမည်အကြောင်း ညီအစ်ကိုတို့သည် မှာစာကိုပေးလိုက်ကြ၏။ သူသည်ရောက်လာလျှင်၊ ကျေးဇူးတော်အားဖြင့် ယုံကြည်သောသူတို့ကို အလွန်ထောက်မလေ၏။- ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍၊ လူအပေါင်းတို့ရှေ့မှာ ယုဒလူတို့၏စကားကို အားကြီးစွာ ပယ်ဖျက်လေ၏။

(တမန်တော် ၁၈:၂၄-၂၈)

ချစ်လှစွာသောစာဖတ်သူ နောက်ဆုံးတကြောင်းကို တဖန် ပြန်ဖတ်ပါ။ ရှေးတမန်တော်ကြီးများက ယေရှုသည် ခရစ်တော် ဖြစ်တော်မူကြောင်းကို ကျမ်းစာအားဖြင့် ထင်ရှားစွာပြ၍ ယုဒလူတို့၏ စကားကို အားကြီးစွာ ပယ်ဖျက်လေသတဲ့ဗျာ .. ယုဒလူတို့ဟာ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို အများစုက လက်မခံခဲ့ကြပါ ခရစ်ဝင်ကျမ်းများကို ပြန်ဖတ်လျှင် ယုဒလူတို့၏ ထိုကဲ့သို့ စိတ်ခိုင်မာမှုကြောင့်ပင် သခင်ယေရှုကိုယ်တော်တိုင် စိတ်ပျက်လျက် အမျက်တော်ထွက်ခဲ့ရသည် မဟုတ်ပါလား။ ယနေ့ ၂၁ ရာစုအထိပင် ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း မယုံကြည်သည့် ယုဒလူတို့သည် အစ္စရေးနိုင်ငံတွင် လူများစုဖြစ်ပြီး ခရစ်ယာန်ဘာသာဝင်တို့သည် လူနည်းစုဖြစ်နေပါသည်။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်း တမန်တော်ကြီးများက ကျမ်းစာကိုပြလျက် ယုဒလူတို့နှင့် ထိပ်တိုက်တွေ့နေခဲ့ချိန်မှာ ယနေ့ခေတ်တွင် လေလှိုင်းပေါ်က အသင်းတော်မဲ့ ဆယ်လီတရားဟောဆရာတွေက ယေရှုနှင့်ခရစ်တော်မတူ လုပ်နေကြသည်မှာ အဘယ်မျှလောက် မှားယွင်းပြီး ယုံကြည်သူများကို လမ်းလွဲစေနေသလဲဆိုသည်ကို အထင်အရှားတွေ့ရပါသည်။ ထိုကဲ့သို့သော လူလိမ်များဟောပြောသည့်အရာကို မိမိကိုယ်ကို ခရစ်ယာန်ပါဟု ပြောနေသောသင် ယုံကြည်ခဲ့ပါလျှင် သင့်လောက်မိုက်မဲသည့်သူ ရှိပါဦးမည်လား။ လူတိုင်းလွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ရှိ တာမှန်ပါသည်။ သင် ဘာယုံကြည်သလဲ စာရေးသူ စိတ်မဝင်စားပါ။ စာရေးသူ ချေပလိုသည့်အရာမှာ မိမိကိုယ်ကို ခရစ်ယာန်လို့ပြောနေသူများ .. ကျမ်းစာမပါဘဲ ကျမ်းစာထဲက သွန်သင်ချက်တွေကို ကန့်လန့်တိုက်ပြီး ဘာကြောင့်များ ခရစ်ယာန်လုပ်နေသေးသနည်း။ ကြိုက်ရာယုံကြည်လို့ရပါသည် .. သို့သော် ခရစ်တော်နောက်လိုက်ဖြစ်လိုလျှင် ခရစ်တော်၏ နှုတ်ကပတ်တော်ကိုသာ ယုံကြည်ရမည် မဟုတ်ပါတကား၊ ထိုနှုတ်ကပတ်တော်များကို နာခံလိုက်လျှောက်ပါ။ ထိုသို့ မလုပ်နိုင်ပါက ခရစ်ယာန်လုပ်စရာမလိုပါ။ မိမိကိုယ်ကို ခရစ်ယာန်ပါဟုလည်း လိမ်ညာစရာမလိုပါ။ သင့်အား မည်သူမျှ ဘာသာ မဆွယ်ပါ။ မည်သူမျှ အတင်းအဓမ္မ ဘာသာ မသွပ်သွင်းပါ။

ခရစ်တော်၏ ရန်သူ

 

ချစ်သားတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်၏ ရန်သူတည်းဟူသော အန္တိခရစ် ပေါ်လာကြောင်းကို သင်တို့ကြားရသည်အတိုင်း၊ ယခုပင် အန္တိခရစ်အများရှိကြ၏။ ထိုကြောင့်၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို သိရ၏။- ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော်လည်း အထက်က ငါတို့နှင့်မစပ်ဆိုင်ကြ။ ငါတို့နှင့်စပ်ဆိုင်လျှင် ငါတို့နှင့်အတူ နေကြလိမ့်မည်။ ထိုသူအပေါင်းတို့သည် ငါတို့နှင့်မစပ်ဆိုင်ကြောင်းကို ထင်ရှားစေခြင်းငှာ၊ ငါတို့ထံမှ ထွက်သွားကြ၏။- သင်တို့သည် သန့်ရှင်းတော်မူသောဘုရား၏လက်မှ ဘိသိက်ကျေးဇူးတော်ကို ခံရ၍၊ ခပ်သိမ်းသော အရာတို့ကို သိကြ၏။- သမ္မာတရားကို သင်တို့မသိသောကြောင့်၊ ငါရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သမ္မာတရားကိုလည်းကောင်း၊ မုသားရှိသမျှတို့သည် သမ္မာတရားနှင့် မစပ်ဆိုင်သည်ကိုလည်းကောင်း၊ သိသောကြောင့် ငါရေး၍ပေးလိုက်၏။- မုသားကိုသုံးသောသူကား အဘယ်သူနည်း။ ယေရှုသည် ခရစ်တော်မဟုတ်ဟု ငြင်းပယ်သောသူ ဖြစ်သတည်း။ ခမည်းတော်နှင့် သားတော်ကို ငြင်းပယ်သောသူသည် အန္တိခရစ်ဖြစ်၏။– သားတော်ကို ငြင်းပယ်သောသူမည်သည်ကား၊ ခမည်းတော်ကိုမသိ။ သားတော်ကို ဝန်ခံသောသူမည်သည်ကား၊ ခမည်းတော်ကိုသိ၏။- ထိုကြောင့်၊ သင်တို့သည် ရှေ့ဦးစွာကပင် ကြားရသော ဒေသနာကို သင်တို့၌ တည်စေကြလော့။ ထိုဒေသနာသည် သင်တို့၌တည်လျှင်၊ သင်တို့သည် သားတော်၌လည်းကောင်း၊ ခမည်းတော်၌လည်းကောင်း၊ တည်ရကြလိမ့်မည်။

(၁ ယော ၂:၁၈-၂၄)

 

ချစ်သောစာဖတ်သူ မုသားကို သုံးသောသူကား အဘယ်သူနည်း။ ဖြေပါ။

ချစ်သောစာဖတ်သူ မည်ကဲ့သို့သောသူသည် ခရစ်တော်၏ရန်သူ (အန္တိခရစ်) နည်း။ ဖြေပါ။
အထက်ပါကျမ်း၏ အခန်းငယ် ၂၃ တွင် သားတော်ကို ငြင်းပယ်သောသူမည်သည်ကား ခမည်းတော်ကိုလည်း မသိ တဲ့။ သားတော်ကို ငြင်းပယ်သည့်သူကား မည်ကဲ့သို့သောသူနည်း။ ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို မယုံကြည်သောသူကား သားတော်ကို ငြင်းပယ်သောသူတည်း။ ယုဒလူတို့သည် ထိုကဲ့သို့ပင် သားတော်ကို ငြင်းပယ်ခဲ့ကြသည် မဟုတ်ပါလား။

အဘယ်ကြောင့် ယေရှုသည် ခရစ်တော် (မေရှိယ) ဖြစ်ရပါသနည်း

 

ဧမာနွေလဆိုင်ရာနိမိတ်လက္ခဏာ

 

ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။

(ဟေရှာယ ၇:၁၄)

 

နောင်အခါပေါ်ထွန်းမည့် ဘုရင်

 

သို့သော်လည်း၊ ဒုက္ခဆင်းရဲခြင်းကိုခံရသောပြည်သည် နောက်မှ မှောင်မိုက်နှင့် ကင်းလွတ်လိမ့်မည်။ ဇာဗုလုန်ခရိုင်နှင့် နဿလိခရိုင်ကို အထက်က ရှုတ်ချတော်မူသော်လည်း၊ နောက်တစ်ဖန် အိုင်နားလျှောက်သောလမ်း၊ ယော်ဒန်မြစ်တစ်ဖက်၊ တစ်ပါးအမျိုးသားနေရာ ဂါလိလဲပြည်ကို ဂုဏ်အသရေနှင့် ပြည့်စုံစေတော်မူ၏။ မှောင်မိုက်ထဲမှာ သွားလာသော လူများတို့သည် ကြီးစွာသောအလင်းကို မြင်ရ၍၊ သေမင်း၏နိုင်ငံအရိပ်တွင်ရှိနေသောသူတို့၌ အလင်းပေါ်ထွန်းလျက်ရှိ၏။

အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဒါဝိဒ်မင်း၏ ရာဇပလ္လင်ပေါ်မှာထိုင်၍၊ နိုင်ငံတော်ကို နောင်ကာလအစဉ်မပြတ်၊ တရားတော်အတိုင်း ဖြောင့်မတ်စွာစီရင်၍ အမြဲတည်စေတော်မူမည်အကြောင်း၊ အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို ပြီးစီးစေတော်မူလိမ့်မည်။

(ဟေရှာယ ၉:၁-၂၊ ၆-၇)

 

ငြိမ်းချမ်းသာယာသည့်နိုင်ငံတော်

 

ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။ ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သောသတ္တိကို ပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရားကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ၊ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်း စီရင်၍၊ နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာ ဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်ကပတ်တော်လှံတံနှင့် ဒဏ်ခတ်၍၊ ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ တရားနှင့် သစ္စာသည် သူ၏ ခါးပန်းခါးစည်းဖြစ်လိမ့်မည်။

(ဟေရှာယ ၁၁:၁-၅)

 

ဗက်လင်မြို့မှဘုရင်ပေါ်ထွန်းမည်

 

ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။ သို့ဖြစ်၍၊ သားဖွားခြင်းဝေဒနာကို ခံရသော မိန်းမသည် မဖွားမီတိုင်အောင်လည်းကောင်း၊ ဣသရေလအမျိုးသားတို့နှင့်တကွ ကျန်ကြွင်းသော ညီအစ်ကိုတို့သည် မပြောင်းလဲမီ တိုင်အောင်လည်းကောင်း၊ သူတို့ကို စွန့်ပစ်တော်မူလိမ့်မည်။ ထိုသခင်သည် ရပ်၍ ထာဝရဘုရား၏ အစွမ်းသတ္တိနှင့်လည်းကောင်း၊ မိမိဘုရားသခင် ထာဝရဘုရား၏ နာမတော် တန်ခိုးအာနုဘော်နှင့်လည်းကောင်း၊ မိမိသိုးစုကို ကျွေးမွေးလိမ့်မည်။ သူတို့သည်လည်း တည်ကြလိမ့်မည်။ အကြောင်းမူကား၊ ထိုသခင်သည် မြေကြီးစွန်းတိုင်အောင် အစိုးရ၍၊ ရန်ငြိမ်းခြင်းအကြောင်း ဖြစ်တော်မူလိမ့်မည်။

(မိက္ခာအနာဂတ္တိကျမ်း ၅:၂-၄)

 

သက်ကြီးသူတဦး

 

ထိုညအခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတစ်ဦးသည် မိုးတိမ်ကိုစီးလျက်၊ အသက်ကြီးသော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက် တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။

(ဒံယေလ ၇:၁၃-၁၄)

 

လွန်ကျူးခြင်းအမှုကို ဆီးတား၍ အပြစ်ကို တံဆိပ်ခတ်စေခြင်းငှာလည်းကောင်း၊ ဒုစရိုက်အပြစ်ကို ဖြေရှင်း၍ ထာဝရကုသိုလ်ကို သွင်းစေခြင်းငှာလည်းကောင်း ဗျာဒိတ်ရူပါရုံနှင့် အနာဂတ္တိဗျာဒိတ်တော်တို့ကို တံဆိပ်ခတ်၍၊ အလွန်သန့်ရှင်းသော အရပ်ဌာနကို လိမ်းစေခြင်းငှာလည်းကောင်း၊ သီတင်းခုနစ်ဆယ်ကို သင်၏ အမျိုးသားချင်းအဖို့နှင့် သင်၏ သန့်ရှင်းသောမြို့အဖို့ ဆုံးဖြတ်ခြင်းရှိ၏။ ထိုကြောင့်၊ ယေရုရှလင်မြို့ကို တစ်ဖန် တည်ထောင်ပြုစုစေခြင်းငှာ အမိန့်တော်ရှိသည် နေ့မှစ၍ ခရစ်တော်သခင်၏ လက်ထက်တိုင်အောင် ခုနစ်သီတင်းနှင့် ခြောက်ဆယ်နှစ်သီတင်းကြာလိမ့်မည်ဟု သိမှတ်နားလည်လော့။ အနှောင့်အယှက် ခံရသောကာလ၌ မြို့လမ်းကို တစ်ဖန် တည်ထောင်ပြုစုရမည်ဟု စီရင်ဆုံးဖြတ်ခြင်းရှိ၏။ ထိုသီတင်း ခြောက်ဆယ်နှစ်သီတင်းလွန်ပြီးမှ ခရစ်တော် သည် အခွင့်မရဘဲ အသေသတ်ခြင်းကို ခံရလိမ့်မည်။

(ဒံယေလ ၉:၂၄-၂၆)

 

ငါတို့ဟောပြောသော သတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော်သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။ ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။ ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။ ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ရှိ၏။

ထာဝရဘုရားသည် သူ့ကိုနှိပ်စက်ခြင်းငှာ အလိုတော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသောယဇ်ကို ပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်းရှည်လိမ့်မည်။ ထာဝရဘုရား၏အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။

(ဟေရှာယ ၅၃:၁-၁၀)

 

ထာဝရဘုရားရွေးချယ်သောဘုရင်

 

ထာဝရဘုရားက၊ သင်၏ရန်သူတို့ကို သင်၏ခြေတင်ရာ၊ ငါမချထားမီတိုင်အောင်၊ ငါ့လက်ယာဘက်၌ ထိုင်နေလော့ဟု ငါ၏သခင်အား မိန့်တော်မူ၏။ ထာဝရဘုရားသည် အရှင်၏အာဏာတော်လှံတံကို ဇိအုန်မြို့မှ လွှတ်တော်မူမည်။ ကိုယ်တော်သည် ရန်သူတို့၏အလယ်၌ အုပ်စိုးတော်မူလိမ့်မည်။ တန်ခိုးတော်ပြသော နေ့ရက်ကာလ၌၊ ကိုယ်တော်၏လူတို့သည် သန့်ရှင်းသော တန်ဆာကိုဆင်လျက်၊ ကြည်ညိုသောစေတနာစိတ်ရှိ၍၊ လူပျိုတော်တို့သည် နံနက်ဝမ်းထဲကထွက်သော ဆီးနှင်းကဲ့သို့ ဖြစ်ကြပါလိမ့်မည်။ ထာဝရဘုရားက၊ သင်သည် မေလခိဇေဒက်နည်းတူ ထာဝရယဇ်ပုရောဟိတ်ဖြစ်သည်ဟု ကျိန်ဆို၍၊ နောက်တစ်ဖန် စိတ်ပြောင်းလဲခြင်းရှိတော်မမူ။။ လက်ယာတော်နားမှာရှိသောဘုရားရှင်သည် အမျက်တော်အချိန်ကာလ၌ ရှင်ဘုရင်တို့ကို ဒဏ်ခတ်တော်မူမည်။

ငါ၏သခင်သည် တစ်ပါးအမျိုးသားတို့တွင် တရားစီရင်လျက်၊ အသေကောင်တို့ကို အနှံ့အပြားဖြစ်စေ၍၊ ကျယ်သောမြေ၌ သူတို့ဦးခေါင်းကို နှိပ်စက်တော်မူမည်။ လမ်းနားမှာစီးသောရေကိုသောက်၍၊ ခေါင်းတော်ကို ချီးမြှင့်တော်မူမည်။

(ဆာလံ ၁၁၀)

 

ကြွလာမည့်ဘုရင်

 

အို ဇိအုန်သတို့သမီး၊ အလွန်ဝမ်းမြောက်လော့။ အို ယေရုရှလင်မြို့သတို့သမီး၊ ကြွေးကြော်ကြလော့။ တရားသဖြင့် စီရင်၍ ကယ်တင်ခြင်းသို့ရောက်သော သခင်၊ သင်၏အရှင်မင်းကြီးသည် မြည်းမနှင့် မြည်းကလေးကို စီး၍ နူးညံ့သိမ်မွေ့သောစိတ်နှင့် သင်ရှိရာသို့ ကြွလာတော်မူသည်ကို ကြည့်ရှုလော့။ ငါသည် ဧဖရိမ်ပြည်၌ ရထားကိုလည်းကောင်း၊ ယေရုရှလင်မြို့၌ မြင်းကိုလည်းကောင်း ပယ်ဖြတ်မည်။ စစ်လေးကိုလည်း ပယ်ဖြတ်မည်။ တစ်ပါးအမျိုးသားတို့သည် စစ်ငြိမ်းမည် အကြောင်းကို ထိုအရှင်သည် မိန့်တော်မူမည်။ အာဏာတော်လည်း ပင်လယ်တစ်ပါးမှသည် ပင်လယ်တစ်ပါး တိုင်အောင်လည်းကောင်း၊ မြစ်မှသည် မြေကြီးစွန်းတိုင်အောင်လည်းကောင်း တည်လိမ့်မည်။

(ဇာခရိ ၉:၉-၁၀)

 

ချစ်သောစာဖတ်သူ အထက်တွင် ဖော်ပြခဲ့ပြီးသော ကျမ်းချက်များသည် ဓမ္မဟောင်းကျမ်းစာထဲမှ ဖြစ်ပြီး ကျမ်းဟောင်းအားလုံးသည် သခင်ယေရှု ဤလောကကို မကြွလာမီ နှစ်ပေါင်းများစွာကပင် ကြိုတင်ပရောဖက်ပြု၍ ရေးသားခဲ့ပြီးသော ကျမ်းစာများဖြစ်သည်။ ထိုကျမ်းစာများကို ဖတ်ကြည့်သည့်အခါ သခင်ယေရှု၏ ဖွားမြင်တော်မူခြင်း၊ သက်တော်စဉ်၊ အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်း၊ ယေရုရှလင်မြို့ထဲကို မြည်းကလေးစီး၍ ဝင်လာမည့်အကြောင်း၊ ခရစ်တော်ကြွဆင်းလာမည့်မျိုးရိုးသည် ဒါဝဒ်မင်းကြီး၏မျိုးရိုးမှဖြစ်ကြောင်း၊ မွေးဖွားမည့်မြို့မှာလည်း ဗက်လင်မြို့ဖြစ်ကြောင်း အလုံးစုံပါဝင်ပြီး ထိုအချက်အလက်အားလုံးသည် “ယေရှု” အမည်ရှိသော နာဇရက်မြို့သား လက်သမားတဦးတွင် ပြီးပြည့်စုံခဲ့ပါသည်။ ထို့ကြောင့် သခင်ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည်။ တနည်းကား ယေရှုနှင့်ခရစ်တော်သည် တဦးတည်းဖြစ်တော်မူသည်။ 

နိဂုံး


ယုဒဘာသာဝင်များက သခင်ယေရှုသည် ခရစ်တော်ဖြစ်ကြောင်းကို မယုံကြည်ကြပါ။ ထို့ကြောင့် ကနဦးတမန်တော်များသည် ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို သမ္မာကျမ်းစာ အားဖြင့် သက်သေပြကြခြင်းဖြစ်ပါသည်။ ထိုအတွက်ပင် အသက်ပေးခဲ့ကြရပါသည်။ ယေရှုကိုယ်တော်တိုင် ခရစ်တော်ဖြစ်သည်ဟု ဝန်ခံခဲ့သောကြောင့် ကားစင်တင်သတ်ခဲ့ကြသည် မဟုတ်ပါတကား။

ချစ်လှစွာသော စာဖတ်သူများကို သိစေလိုသည်မှာ 


၁။ ယေရှုသည် ခရစ်တော်ဖြစ်တော်မူ၏ ဟူသည့် သတင်းစကားသည်သာ စစ်မှန်သော ဧဝံဂေလိတရားဖြစ်သည်။ ဤသည်မှာ စာရေးသူ၏ တသီးပုဂ္ဂလအမြင် မဟုတ်ပါ။ သမ္မာကျမ်းစာက ထင်ရှားပြတ်သားစွာ သွန်သင်ထားသော ဓမ္မဖြစ်ပါသည်။


၂။ ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ကနဦးတမန်တော်ကြီးများက သမ္မာကျမ်းစာအားဖြင့်သာ ထင်ရှားစွာပြကြပြီး ယုဒဘာသာဝင်တို့၏ စကားကို အားကြီးစွာ ပယ်ဖျက်ခဲ့ကြ၏။


၃။ အထက်ပါ အချက်အလက်များအရ ယေရှုနှင့် ခရစ်တော်သည် မတူညီသော သီးခြားပုဂ္ဂိုလ် (၂) ဦး လုံးဝ(လုံးဝ) မဟုတ်ပါ။ ကျမ်းစာလာသည်အတိုင်း ယေရှုသည် ခရစ်တော်ဖြစ်တော်မူသည့်အတွက် ယေရှုခရစ်တော်သည် ပုဂ္ဂိုလ်တစ်ပါးတည်းသာ ဖြစ်ပါသည်။


၄။ ထို့ကြောင့် ယေရှုသည် ခရစ်တော် မဟုတ်။ ယေရှုနှင့် ခရစ်တော်က မတူ။ ယေရှုသည် လူ(ဖန်ဆင်းခံ)၊ ခရစ်တော်သည် ဘုရား(ဖန်ဆင်းရှင်)။ ယေရှုဆိုသည့် လူထဲမှာ ခရစ်တော်ဟူသည့် ဘုရားဝိညာဉ်က ကိန်းဝတ်နေတာ/ပုန်းအောင်းနေတာ။ ယေရှုကို ယုံရင် ကယ်တင်ခြင်းမရဘူး။ ခရစ်တော်ကို ယုံမှ ကယ်တင်ခြင်းရမယ် စတဲ့ ကျမ်းစာမပါဘဲ ဟောပြောနေသည့် အခြေအမြစ်မရှိသည့် သတင်းစကားများသည် ခရစ်တော်၏ဧဝံဂေလိတရား မဟုတ်၊ ကျိန်ခြင်းခံရမည့် အခြားသော ဧဝံဂေိတရားသာ ဖြစ်သည်။ ယေရှုသည် ခရစ်တော် မဟုတ် ဟူ၍ ဟောပြောသူတိုင်းကို တမန်တော်ကြီး ရှင်ယောဟန်က အန္တိခရစ် (ခရစ်တော်၏ရန်သူ) ဟု သမုတ်ထားပါသည်။ ထိုကဲ့သို့ ဟောပြောနေသောသူတိုင်းသည်လည်း မိစ္ဆာပရောဖက်များ ဖြစ်ကြောင်း တမန်တော်ကြီးက သတိပေးထားသည်။ 


အခြားသော ဧဝံဂေလိတရား မရှိ


ခရစ်တော်၏ ကျေးဇူးအားဖြင့် သင်တို့ကို ခေါ်တော်မူသောသူနှင့် ဤမျှ လောက် မြန်မြန် ခွာ၍ သင်တို့သည် အခြားသော ဧဝံဂေလိတရားကို ခံယူကြသောကြောင့် ငါသည် အံ့ဩခြင်းရှိ၏။- ထို ဧ ဝံ ဂေ လိ တ ရား သည် ဧ ဝံ ဂေ လိ တ ရား မ ဟုတ်။ သင် တို့ ကို နှောင့် ယှက်၍ ခ ရစ် တော်၏ ဧ ဝံ ဂေ လိ တ ရား ကို မှောက် လှန် ချင် သော သူ အ ချို့ ရှိ ကြ၏။- သို့ သော် လည်း၊ သင် တို့ အား ငါ ဟော ပြော သော ဧ ဝံ ဂေ လိ တ ရား မှ တစ် ပါး အ ခြား သော ဧ ဝံ ဂေ လိ တ ရား ကို ငါ တို့ သည် ဟော ပြော သော် လည်း ကောင်း၊ ကောင်း ကင် ဘုံ မှ လာ သော ကောင်း ကင် တ မန် ဟော ပြော သော် လည်း ကောင်း၊ ဟော ပြော သော သူ သည် ကျိန် တော် မူ ခြင်း ကို ခံ စေ။– တစ်ဖန်တုံ၊ သင်တို့ ခံယူပြီးသော ဧဝံဂေလိတရား မှတစ်ပါး အခြားသော ဧဝံဂေလိတ ရားကို တစ်စုံတစ်ယောက်သောသူ ဟောပြောလျှင်၊ ထိုသူသည် ကျိန်တော်မူခြင်းကို ခံစေဟု ငါ တို့ ဆိုခဲ့ပြီးသည်အတိုင်း ယခု ငါထပ်၍ ဆိုသေး၏။- အကြောင်းမူကား၊ ယခုတွင် ငါသည် လူတို့၏ အလိုသို့လိုက်သလော။ ဘုရားသခင်၏ အလိုတော်ကို လိုက်သလော။ လူတို့ စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြသလော။ လူတို့စိတ်ကို နူးညွတ်စေခြင်းငှာ ရှာကြံသေးလျှင်၊ ခရစ်တော်၏ အစေခံကျွန် မဟုတ် ပြီ။

(ဂလာတိဩဝါဒစာစောင် ၁ : ၆-၁၀)

အချုပ်အားဖြင့်ဆိုရသော်  ယေရှုနှင့်ခရစ်တော် မတူ ဟု သွန်သင်နေကြသည့် ဆရာသမားများသည် တကယ်တော့ ဘာသာတရားဆိုင်ရာ ဓမ္မအတွေးအခေါ်ပြဿနာတက်နေကြခြင်းမဟုတ်ဘဲ အခြေခံ ဘာသာစကားဆိုင်ရာ စာမတတ်မြောက်ခြင်းပြဿနာသာဖြစ်ပါသည်။
ဥပမာ “ဦးထိန်လင်းသည် တရားဟောဆရာဖြစ်သည်” ဆိုသည့် ဗမာစာ ဝါကျတွင် ဦးထိန်လင်းနှင့် တရားဟောဆရာသည် တဦးတည်းဖြစ်ပေသည်။ ဦးထိန်လင်းက သပ်သပ်၊ တရားဟောဆရာက သပ်သပ် မဟုတ်ပေ။ ဤဗမာ ဝါကျသည် ဦးထိန်လင်း၏ အဖြစ်သနှစ်ကိုဖော်ပြသော “ဖြစ်ခြင်းပြဝါကျ” ဖြစ်သည်။ ထိုနည်းတူ အင်္ဂလိပ်စာဝါကျဖြစ်သည့် U Htain Linn is a preacher or Jesus is the Christ ဆိုသည့် ဝါကျများသည်လည်း ထိုနည်း၎င်းပင်ဖြစ်သည်။ တရားဟောဆရာ ဦးထိန်လင်း (Preacher U Htain Lin) သို့မဟုတ် သခင်ယေရှုခရစ်တော် (Jesus Christ) စသည့်စကားလုံးများသည် အထက်ပါ ဝါကျကို အတိုချုံးရေးသားလိုက်သည့် စကားစုများသာဖြစ်ကြပါသည်။ ထို့ကြောင့် ၎င်းတို့သည် ဘာသာတရားကို နားမလည်ခြင်းထက် ဘာသာစကားကို မကျွမ်းကျင်၊ မတတ်မြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးမဲ့သော ငြင်းခုန်မှုသာ ဖြစ်ပါကြောင်း မေတ္တာဖြင့် အသိပေးလိုက်ရပါတော့သည်။


ကိုးကားထားသော စာပေအရင်းအမြစ်

  • ထာဝရဘုရား၏ သမ္မာကျမ်းစာ (ဆရာကြီး ယုဒသန် မြန်မာဘာသာပြန်ကျမ်းစာ)