မဝေဖန်နဲ့၊ အပြစ်တင်မစီရင်နဲ့ လို့ပြောတဲ့သူတော်တော်များများဟာ တကယ်တမ်းတော့ ဝေဖန်၊ပြစ်တင်၊စီရင်ခြင်းတွေကို မလုပ်နဲ့လို့သူတပါးကိုပြောရင်း ကိုယ်တိုင်လွန်ကျူးနေတတ်ကြသူတွေပါ။
~ ဝေဖန်ခြင်း ~
လောကမှာ လူတွေပြောနေကျစကားတချို့ရှိပါတယ်။
“မင်းအလုပ်တခုခုလုပ်ရင် ဝေဖန်မှုတွေကြုံရမယ်။ ဒါတွေကို ဂရုမစိုက်နဲ့ လုပ်စရာရှိတာလုပ်” ဆိုပြီးအားပေးသလို။ “ဝေဖန်လာတဲ့ စကားတွေကို အားအဖြစ်ပြောင်းလဲလိုက် ပြန်တုန့်မပြန်နဲ့” ဆိုပြီးစသည်ဖြင့် အားပေးတတ်ကြပါတယ်။ ပြောရမယ်ဆိုရင် ဒါတွေက စိတ်ဓာတ်ခွန်အားမြှင့်တင်ပေးရုံသက်သက် motivational ဆန်တဲ့စကားတွေပါပဲ။ ထိုစကားတွေကျတော့ လောကအရာနဲ့ပက်သက်လာရင် motivated ဖြစ်ကြပေမယ့်၊ ဝိညာဥ်ရေးနဲ့ပက်သက်ပြီးကိုယ့်ရဲ့အားနည်းချက်၊ ပေါ့လျော့မှုစတာတွေကို ညီအစ်ကိုချင်းက ဝေဖန်ထောက်ပြတဲ့အခါကျတော့ တချို့က အားမဖြစ်ဘဲ “ငါ့ကိုပဲပြောနေတယ်” “လာဆုံးမနေတယ်” “ဆရာကြီးလား” “သူကျတော့ပြည့်စုံတာကျနေတာပဲ” ဆိုပြီးပြန်လည်ချေပတတ်ကြပါတယ်။ စိတ်မကောင်းစရာက “ဝေဖန်ထောက်ပြသည့်အရာကမှန်လိုက်တာ၊ငါလိုအပ်နေတာကွာ” ဆိုတာမျိုးဖြစ်မလာဘဲ၊ ကိုယ့်ကိုယ်ကိုအဆင်ပြေတယ် ဘုရားနဲ့မှန်သလိုအသက်တာမျိုးဖြင့်လည်ပင်းခိုင်မာတတ်ကြခြင်းပါ။ ဝေဖန်ထောက်ပြသူကို မဝေဖန်နဲ့ဆိုပြီး ပြန်လည်ဝေဖန်လိုက်ခြင်းသဘောမျိုးပါပဲ။
~ အပြစ်တင်စီရင်ခြင်း ~
ဒီအပိုင်းကလည်း ယုံကြည်သူများကြား အငြင်းပွားမှုအများဆုံးဆိုလည်း မမှားပါဘူး။ ခေတ်အနေအထားအရလည်း ကိုယ်ကြည်ညိုသူထံကနေသာ အဆုံးအမကိုခံယူလာကြခြင်း၊ ပစားအလေးပေးခြင်းမျိုးတွေကြောင့် social media လိုနေရာမျိုးတွေမှာ အာမင်ထူးလိုက် ဆဲလိုက်နဲ့ ခရစ်ယာန်အသိုင်းအဝိုင်းကြီးက အင်မတန်မှအရုပ်ဆိုးအကျဥ်းတန်လှပါသည်။
ကိုယ်ချစ်တဲ့သူက အမှားတွေများနေတာတောင် အပြစ်မတင်ရက်လောက်အောင် ဘာလုပ်လုပ် အပြစ်မမြင်တော့တဲ့လူတွေရှိပါတယ်။ ဒါပေမယ့် ဒီသဘောထားမျိုးက ခရစ်ယာန်အသိုင်းအဝိုင်းတွေထဲမှာတော့ အဆင်မပြေပါဘူး။ ဘာကြောင့်လဲဆိုရင် နှုတ်ကပတ်တော်သာ နောက်ဆုံးသောအခွင့်အာဏာ final authority ဖြစ်သောကြောင့်ပါ။ ဗေရိမြို့သားတွေလို ထူးမြတ်ပြီး နှုတ်ကပတ်တော်မှန်သည်မမှန်သည်ကိုစစ်ဆေးတတ်တဲ့ ယုံကြည်သူတွေကိုမြင်တွေ့လာရခြင်းမရှိတာကလည်း မထူးဆန်းပါဘူး။ ထို ဗေရိမြို့သားတွေဟာ ဖြစ်ကတတ်ဆန်းခံယူသူတွေမဟုတ်ကြပါ။
ဒီကနေ့ခရစ်ယာန်အသိုင်းအဝိုင်းထဲမှာတော့ နမော်နမဲ့ဖြစ်ကတတ်ဆန်းခံယူလာကြတဲ့အခါ တဦးနှင့်တဦးပြစ်တင်စီရင်ကာ မချစ်နိုင်ဘဲ သူအဖွဲ့ကိုယ့်အဖွဲ့ ကိုယ့်ခံယူချက်နဲ့ ကိုယ့်နှုတ်ကပတ်တော်သာ မှန်တယ် ကောင်းတယ်ဆိုပြီး ဆရာတွေရဲ့တပည့်တွေဖြစ်လာကြပါတယ်။ ခရစ်တော်၏နောက်တော်သို့လိုက်ပြီး တပည့်တော်ဖြစ်သောကြောင့် ဤလောကရဲ့အပြစ်တင်ခြင်းကိုခံရတာထက် ယားသောနားဖြင့်များပြားသောဆရာတို့နောက်လိုက်ပြီး ယုံကြည်သူချင်း ကိုက်ဖြတ်နေကြတာကပိုများလာပါတယ်။
လူငယ်အများစုဆိုရင် ကိုယ့်ကိုပစားတဲ့နေရာဆို သဘောကျတတ်ကြပါတယ်။ အပြစ်ကိုဖော်ပြလျက် ဆုံးမသွန်သင်တဲ့နေရာ၊ ဆရာသမား၊ ခရစ်တော်၌ညီကိုချင်းကသွန်သင်တဲ့အခါဆိုရင်တော့ သဘာမကျ၊ ဘဝင်မကျဖြစ်လာတတ်ကြပါတယ်။ သက်တူရွယ်တူအချင်းချင်းတွေဆို ကြားဖူးနားဝလေးတွေနဲ့တုန့်ပြန်တတ်ကြပါသေးတယ်။ “အပြစ်နဲ့ကင်းရင်ခဲနဲ့စပေါက်လိုက်ကွာ” “စီရင်လိုက်ကွာ” ဆိုတဲ့စကားတွေနဲ့ပေါ့။ စိတ်မကောင်းစရာက မှားယွင်းခြင်းအမှုကိုလက်ပူးလက်ကြပ်မိတဲ့အမျိုးသမီးရဲ့အဖြစ်အပျက်ကို ဒီကနေ့မှာ လူတချို့က “သွား၍အပြစ်ကိုထပ်မပြုဖို့ထက်” ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်သာ ခံယူသွန်သင်နေခြင်းက ကြောက်စရာကောင်းလှသည်။
ဒီနေ့လူငယ်တွေရဲ့ motto/slogan ကိုကြည့်ရင် “only God can judge me” တွေများလာပါတယ်။ လူလူချင်းကသတိပေး၊ အပြစ်ကိုဖော်ပြတာကိုတောင် မခံနိုင်၊ မခံချင်တဲ့သူဟာ “G”အကြီးနဲ့ရေးထားတဲ့ဘုရားရဲ့စီရင်ခြင်းကိုပဲလိုချင်တယ်ဆိုတာက တော်ရုံဇတော့ မဟုတ်ပါ။
ချစ်သောလူငယ်တို့ ဤလောကရဲ့အပြစ်ကိုဆောင်သွားသောသိုးသငယ်ကို စေ့စေ့ကြည့်ရှုပါ။
“ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့လည်းကောင်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့လည်းကောင်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ်ခြင်းမရှိ။ ချစ်လိုဖွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။ မထီမဲ့မြင်ပြုခြင်းကိုခံ၍၊ လူတို့တွင်အယုတ်ဆုံးသောသူဖြစ်၏။ ငြိုငြင်သောသူ၊ နာကြည်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သောသူ ဖြစ်၏။ သူတစ်ပါးမျက်နှာလွှဲခြင်းကို ခံရသောသူကဲ့သို့ ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကိုခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။ သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ်တော်မူခြင်းကိုလည်းကောင်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူခြင်းကိုလည်းကောင်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ်ကြပြီ။ ထိုသူသည် ငါတို့လွန်ကျူးခြင်း အပြစ်များကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကို ဖြစ်စေသော ဆုံးမခြင်းသည် သူ့အပေါ်သို့ရောက်၍၊ သူခံရသော ဒဏ်ချက်အားဖြင့် ငါတို့သည် အနာပျောက်လျက်ရှိကြ၏။ ငါတို့ရှိသမျှသည် သိုးကဲ့သို့လမ်းလွဲလျက်၊ ကိုယ်လမ်းသို့ အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌တင်တော်မူ၏။ ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကိုခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသော သိုးသငယ်ကဲ့သို့ သူ့ကိုဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကိုမဖွင့်ဘဲ နေ၏။ မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကိုထုတ်သွားကြ၏။ အသက်ရှင်သော သူတို့၏နေရာမှ သူ့ကို သုတ်သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ်သူ ပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ်တော်မူခြင်းကို ခံလေ၏။ ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသားမရှိသော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြုပ်ခြင်းငှာ စီရင်ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ရှိ၏။”
ဟေရှာယအနာဂတ္တိကျမ်း ၅၃း၂-၉
ချစ်သောလူငယ် ဝေဖန်ပြစ်တင်စီရင်ခြင်းဆိုတာက ကိုယ်တိုင်ဤလောကမှာရှိနေသ၍ ရှောင်လွဲလို့ မရတဲ့အရာပါ။ ကိုယ်ခံရတဲ့အချိန်ရှိသလို ကိုယ်ပြောရတဲ့အချိန်လည်းရှိပါလိမ့်မယ်။ သို့သော်လည်း ထိုအချိန်နှစ်ခုလုံးမှာ ကိုယ့်လွန်ကျူးခြင်းထက် ခရစ်ယာန်ဖြစ်သောကြောင့်ခံရလျင် ချီးမွမ်းပါ။ ဝေဖန်ပြစ်တင်စီရင်ခြင်းကို ဘယ်တော့မှငါမလုပ်ဘူးဆိုပြီးယတိပြတ်ဆုံးဖြတ်ချက်ချတာမျိုး၊ ပြောကိုပြောရမယ် မပြောလို့မဖြစ်ဘူးဆိုတာမျိုး တယူသန် တဖက်သက် ပညာမဲ့စွာ ပညာရှိမဆန်လိုက်ပါနဲ့။ ပြောသင့်တဲ့အချိန်၊ ပြောသင့်တဲ့အခြေအနေ ကိုပညာရှိစွာနဲ့ ကိုယ်တိုင်ပြင်ဆင်တတ်၊ ဆင်ခြင်ဖို့လိုပါတယ်။ သို့မှမဟုတ်ရင် တယောက်နဲ့တယောက်တိုက်ခိုက်ကာ၊ လွဲမှားစွာစီရင်ရင်း ဘုရားနေရာကိုယူနေမိမှန်းမသိဖြစ်နေပါလိမ့်မယ်။
“သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ရမည်အကြောင်း သူတစ်ပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကို မပြုကြနှင့်။- သင်တို့သည် အကြင်တရားအတိုင်း သူတစ်ပါးကိုစီရင်ကြ၏၊ ထိုတရားအတိုင်း စီရင်ခြင်းကို ခံရကြမည်။ အကြင်ချိန်၊ တင်းပမာဏနှင့် သူတစ်ပါးအား ပေး၏။ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။- ကိုယ်မျက်စိ၌ရှိသော တံကျင်ကို မအောက်မေ့ဘဲ ညီအစ်ကိုမျက်စိ၌ရှိသော ငြောင့်ငယ်ကို အဘယ်ကြောင့် ကြည့်ရှုသနည်း။- ကိုယ်မျက်စိ၌ တံကျင်ရှိလျက်ပင် ညီအစ်ကိုအား သင်၏မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပါရစေဟု အဘယ်သို့ဆိုသနည်း။- လျှို့ဝှက်သောသူ၊ ကိုယ်မျက်စိ၌ရှိသော တံကျင်ကို ရှေးဦးစွာ ထုတ်ပစ်လော့။ နောက်မှ ညီအစ်ကို မျက်စိ၌ရှိသော ငြောင့်ငယ်ကို ထုတ်ပစ်ခြင်းငှာ ရှင်းလင်းစွာမြင်လိမ့်မည်။- ဖြူစင်သောအရာကို ခွေးတို့အား မပေးကြနှင့်။ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချမထားကြနှင့်။ သို့ပြုလျှင် ထိုအရာတို့ကို ကျော်နင်း၍ သင်တို့ကိုလှည့်လျက် ကိုက်ဖြတ်ကြလိမ့်မည်။”
ရှင်မဿဲခရစ်ဝင် ၇း၁-၆
အပြစ်ကိုစီရင်ပိုင်တာ ဘုရားတပါးတည်းပါ။ အပြစ်နဲ့ပြည့်တဲ့လောကမှာရှိနေတာ ကျွန်ုပ်တို့ပါ။ လောကနဲ့မဆိုင်တဲ့ ကျွန်ုပ်တို့ဟာ အပြစ်ကိုအပြစ်လို့ ဝေဖန်ထောက်ပြပြီး သမ္မာတရားမှာလျောက်လှမ်းဖို့ရာအင်မတန်အရေးကြီးပါတယ်။
ချစ်သောလူငယ်တို့ မဖြူစင်တဲ့ကျွန်ုပ်တို့ကို၊ မသန့်ရှင်းတဲ့ကျွန်ုပ််တို့ကို ဘုရားသခင်က သားတော်အားဖြင့် ဖြူစင်စုံလင်စေသောကြောင့်၊ ထိုဖြူစင်စုံလင်စေသောတရားတည်းဟူသော ဧဝံဂေလိတရားအားဖြင့် ကိုယ့်ကိုစစ်ကြောလျက်၊ တပါးသူအားလည်း ထိုတရားကိုဝေငှလျက် ပညာကိုသွန်သင်လျက် မှန်ကန်စွာ ဝေဖန်ပြစ်တင်စီရင် နိုင်ပါမည်အကြောင်းဆင်ခြင်ခွန်အားပေးရင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။