Skip to content

ဆုတောင်း

နေဟမိသည် လူသာ အ​ကောင်လိုက် ရှုရှန်နန်း​တော်၌ ရှိ​နေ​သော်လည်း သူ၏ စိတ်နှလုံးသည် ​သူ့လူမျိုးနှင့် သူ့မြို့​တော်၌ ရှိ​နေ​သေးသည်ကို ​”​နေဟမိဖတ်စာ” ကိုဖတ်ကြည့်လျှင် စာဖတ်သူတို့ သိမြင်ခံစားမိနိုင်ပါသည်။ ထိုမြို့၌ ဖြစ်ပျက်​နေ​သော အဖြစ်အပျက်များနှင့် အ​ကြောင်းအရာများကို စိတ်ဝင်စားပုံ၊ သူ၏ စိတ်နှလုံးသည်လည်း ​ယေရုရှလင်မြို့၌ ရှိ​နေခြင်း၊ သူ့လူမျိုးများအ​ပေါ်ထား​သော စိတ်​နေစိတ်ထားအ​ခြေအ​နေ စသဖြင့်တို့ကို ဟာနန်နှင့် ယုဒလူအချို့တို့အား ​မေးမြန်းခြင်းများအ​ပေါ်၌ သုံးသပ်ကြည့်လျှင် သိနိုင်​ပေမည် မဟုတ်ပါလား။ 

ထိုပြည်၌ နေသောသူတို့ခံစား​နေရ​သော ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းအ​ကြောင်းအရာများကို ကြားသိရသည့် သူ၏ ခံစားချက်၊ ယေရုရှလင်မြို့ရိုး ပြိုပျက်ခြင်း၊ မြို့တံခါးကြီး မီးလောင်၍ကုန်ပြီဟု ဆို​သောပြန်​ပြောပြချက်များသည် ​နေဟမိ၏စိတ်နှလုံးကို ထိခိုက်​စေ​သော ကြီး​မားသည့် ထိုးနှက်ချက်များပင်ဖြစ်​ချေလိမ့်မည်။ 

နေဟမိမှတ်စာ ၁:၄

ထိုစကားကိုကြားလျှင်၊ ငါသည်ထိုင်၍ အင်တန်ကာလပတ်လုံး ငိုကြွေးမြည်တမ်းလျက်၊ အစာရှောင်လျက်နေ၍၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်ရှေ့တော်၌ ဆုတောင်းသောပတ္ထနာ ဟူမူကား၊ 

ထိုသတင်းစကားများ​ကြောင့် ​နေဟမိသည် အချိန်မည်မျှကြာသွားသည်မသိ (အင်တန်ကာလပတ်လုံး) ငို​ကြွေးမြည်တမ်းလျှက်​နေသည်။ အင်တန်ကာပတ်လုံး အစာ​ရှောင်လျှက် စိတ်နှလုံး​ကြေကွဲစွာ ငို​ကြွေး​နေသည်ကို ​တွေ့ရ​ပေသည်။ ဘုရားသခင်​ရှေ့​တော်၌လည်း ကိုယ်စားပြု ဆု​တောင်း​ပေး​နေခြင်း၊ ထိုလူမျိုးတို့၏ ပြစ်မှားခြင်း ဒုစရိုက်များကို ​ဖော်ပြ​တောင်းပန်ခြင်း၊ အပြစ်များကို ဝန်ချ​တောင်းပန်ကာ ​နေ့ညဥ့်မပျက် ဆု​တောင်းပတ္ထနာပြု​နေခြင်းတို့ကိုလည်း ​တွေ့မြင်ရ​ပေသည်။ 

ထိုကာလအချိန်ကိုကြည့်လျှင် ​နေဟမိသည် တိုင်းတပါး၌ ​အေး​အေး​ဆေး​ဆေး​နေထိုင်နိုင်သူတစ်ဦးဖြစ်သည်ဆိုလျှင်လည်း မှားမည်မထင်ပါ။ သူသည် ရှင်ဘုရင်၏ ဖလား​တော်ကိုင်တစ်ဦးဖြစ်သကဲ့သို့ အလွန်မျက်နှာရ​သောသူတစ်ဦးလည်းဖြစ်​ချေသည်။ ရှုရှန်နန်း​တော်တွင် သူ ​အေး​ဆေးစွာ ​နေထိုင်နိုင်သူဖြစ်​သော်လည်း မ​နေ၊ ငို​ကြွေးမြည်တမ်းလျှက်သာ အစာကို​ရှောင်လျှက် ကိုယ်စားပြုဆု​တောင်း​ပေး​နေ​ပေသည်မှာ ကျွန်ုပ်တို့အတွက်​တော့ အင်မတန်မှ အတုယူစရာတစ်ခုဟုဆိုရလျှင်လည်း မမှားပါ။ 

နေဟမိသည် ရှင်ဘုရင်ထံမှ သာ၍ မျက်နှာသာရဖို့ရန် ဆုမ​တောင်းခဲ့ပါ၊ ထို့အတူ ဖလား​တော်ကိုင်ရာထူးမှ အဆင့်မြင့်ရာထူးရလာ​စေရန် အစာကိုမ​ရှောင်ခဲ့ပါ၊ အလားတူပင် သူ၏ လုပ်ငန်းများ​ကြောင့် ငို​ကြွေးမြည်တမ်းခြင်းလည်းမဟုတ်ခဲ့ပါ​ချေ။ အထူးသဖြင့် တနည်းဆိုရလျှင် သူ့အတွက် တစ်ခုမှ မဟုတ်ခဲ့သည်မှာ အ​သေအချာပင် … 

​​သေချာကြည့်လျှင် ​နေဟမိသည် သူ့လူမျိုး​တော်တို့ ခံစား​နေရ​သော ကြီးစွာ​သော ဆင်းရဲခြင်း၊ ​ယေရုရှလင်မြို့ရိုး ပြိုပျက်ခြင်း၊ မြို့ရိုးမီး​လောင်ခြင်းများအတွက်သာ သူ့စိတ်နှလုံး​ကြေကွဲကာ အင်တန်ကာလပတ်လုံး ထိုသို့ပြု​နေခြင်းပင်ဖြစ်သည် မဟုတ်ပါလား။ တနည်းဆိုရလျှင် သူ၏အစာ​ရှောင်ခြင်း၊ သူ၏ ငို​ကြွေးခြင်း၊ သူ၏ ဆု​တောင်းခြင်းများသည် “ငါနဲ့ ငါ့မိသားစု၊ ငါ့အကျိုးစီးပွား၊ ငါ့ရာထူး၊ ငါ့အာဏာ” စ​သော “ငါ” ဆိုတာ​တွေ၏ ဆန့်ကျင်ဘက်ပင်ဖြစ်​ချေသည်။ 

ကျွန်ုပ်တို့ယုံကြည်သူများသည်လည်း “အသင်း​တော်၊ သာသနာ၊ ယုံကြည်သူညီအကို​မောင်နှမများ” အတွက်ဆု​တောင်း​ပေး​နေခြင်းလား “ငါ” ​တွေသာများ​နေသလား ဆင်ခြင်မိရန်လည်းလို​ပါသည်။ ယ​နေ့တွင်​တော့ ကျွန်ုပ်တို့သည် မည်သည့်​နေရာတွင် ရှိ​နေပါ​စေ ​နေဟမိထံမှ သင်ယူကာ “အသင်း​တော်အတွက်၊ သာသနာအတွက်၊ ယုံကြည်သူများအားလုံးအတွက်၊ ငို​ကြွေးမြည်တမ်း​နေကြသူများအတွက်၊ မိသားစုများ မစုံကြ​တော့သူများအတွက်၊ ကြီးစွာ​သော ဆင်းရဲခံ​နေရသူများအတွက်၊ ဖိနှိပ်ခြင်းခံ​နေရ​သောသူများအတွက်၊ အမိနိုင်ငံ​တော်ကြီးအတွက် စသဖြင့်​ … ” တို့အတွက်ကို သတိရလျှက် ငို​ကြွေးမြည်တမ်းကာ စိတ်နှလုံး​ကြေကွဲလျှက် အင်တန်ကာလပတ်လုံး ဘုရားသခင်​ရှေ့​တော်၌ ဆု​တောင်းပတ္ထနာပြုကြပါစို့ … 

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။