Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၁၈)

ပျင်း​ရိ​သော​သူ​သည် ဆင်း​ရဲ​ခြင်း၊ လုံ့​လ​ဝိ​ရိ​ယ​ရှိ​သော​သူ​သည် ကြွယ်​ဝ​ခြင်း​သို့​ရောက်​တတ်၏။
သုတ္တံကျမ်း ၁၀ : ၄
Lazy people are soon poor; hard workers get rich.
Proverbs 10:4

ပျင်းရင်ဖျင်းတယ်လို့ ငယ်ငယ်ကလူကြီးတွေဆုံးမတာကို ကြားဖူးကြမှာပါ။ ကိုယ်တိုင်က ဘယ်လောက်တောင် ပျင်းလဲဆိုရင် ဖျင်းတယ်ဆိုတဲ့စကားလုံးက ဘာမှန်းတောင် မသိခဲ့ပါဘူး။ အထက်က နှုတ်ကပတ်တော်ကတော့ ဒီကနေ့ ယုံကြည်သူတော်တော်များများ ဘာကြောင့် မကြွယ်ဝသလဲဆိုရင် သခင်ယေရှု မရှိလို့ မဟုတ်ဘဲ လုံ့လဝိရိယ မရှိလို့ဆိုတာ သတိထားမိပါတယ်။ လုံ့လဝိရိယမရှိခြင်းကလည်း ပျင်းရိလို့ပါပဲ။ အဲ့အခါမှပဲ စာရေးသူလည်း ပျင်းရင်ဖျင်းတယ် ဆိုတာကိုသဘောပေါက်သွားပါတယ်။
သုတ္တံဆရာကတော့ လောကအရာမှာဆင်းရဲခြင်းသို့ရောက်ရခြင်းရဲ့အစက ပျင်းရိခြင်းကလို့ မီးမောင်းထိုးပြပါတယ်။ ဒါဆို ဝိညာဥ်ရေးရာမှာရော ကျွန်ုပ်တို့လုံ့လဝိရိယ စိုက်ထုတ်ခြင်းပိုများမလား၊ ဒါမှမဟုတ် ဆင်ခြင်တွေပေးပြီး ပျင်းရိကာ ကိုယ့်ရဲ့ဝိညာဥ်ရေးရာက ချွတ်ခြုံကျနေပြီလား။

သင်​တို့​ရှိ​သ​မျှ​သည် ပျင်း​ရိ​ခြင်း​နှင့် ကင်း​လွတ်၍၊ ယုံ​ကြည်​ခြင်း​နှင့် သည်း​ခံ​ခြင်း​အား​ဖြင့် က​တိ​တော်​တို့​ကို အ​မွေ​ခံ​ရ​သော​သူ​တို့​နည်း​တူ ကျင့်​နိုင်​မည်​အ​ကြောင်း၊ ထို​သို့​သော လုံ့​လ​ဝိ​ရိ​ယ​ကို ထုတ်၍၊ အ​ဆုံး​တိုင်​အောင် ယုံ​မှား​ခြင်း​နှင့် ကင်း​သော မျှော်​လ​င့်​ခြင်း​နှင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ငါ​တို့​သည် အ​လို​ရှိ​ကြ၏။
ဟေဗြဲဩဝါဒစာ ၆း၁၁-၁၂
And we desire each one of you to show the same earnestness to have the full assurance of hope until the end, so that you may not be sluggish, but imitators of those who through faith and patience inherit the promises.
Hebrews 6:11-12

ဟေဗြဲဆရာကတော့ ယုံကြည်ခြင်းနှင့်သည်းခံခြင်းအားဖြင့် ကတိတော်တို့ကိုအမွေခံရတဲ့သူတွေလို ကိုယ်တိုင်အတုယူတဲ့အသက်တာဖြစ်ပြီး၊ လုံ့လဝိရိယထုတ်ကာ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေဖို့အလိုရှိပါတယ်။ ဒါပေမယ့် ပျင်းလို့တော့ မရပါဘူး။ ဒါကြောင့်လည်း ကြိုးစားစရာမလိုဘူး၊  ကိုးစားဖို့ပဲလိုတယ်ဆိုတဲ့တဖွဲ့ရယ်၊ လူငယ်ကြိုးစားခြင်းဆိုပြီးခေါင်းစဥ်တပ်ထားပေမယ့် အချိန်ပြည့် အရက်သောက်၊ ဆေးချ၊ ဂိမ်းဆော့တာတွေကိုပဲ ကြိုးစားတဲ့တဖွဲ့ရယ်ဆိုပြီး တချို့အသင်းတော်တွေမှာမြင်ဖူးပါတယ်။ ဘယ်သူ့ကို အတုယူနေလဲ၊ ဘာအတွက်ခရစ်ယာန်ဖြစ်နေကြလဲ မသိတော့လောက်အောင် ဝိညာဥ်ရေးရာမှာ လုံ့လဝိရိယထုတ်ခြင်းမရှိကြတော့ပါဘူး။
ကြိုးစားစရာမလိုဘူး ကိုးစားဖို့ပဲလိုတယ်ဆိုတာကို ခံယူကျင့်သုံးတဲ့ လူငယ်တွေကိုလည်း သတိပေးချင်ပါတယ်။ ဒီစကားက လူပျင်းစကားထက် မပိုပါဘူး။ ဘာလို့ဒီလိုပြောရလဲဆိုရင် အဲ့လိုပြောတဲ့လူငယ်အများစုက ငွေရတဲ့လောကအလုပ်ကျတော့ကြိုးစားချက်က လက်လန်လောက်ပါတယ်။ စိတ်မကောင်းစရာက သူရဲ့ဝိညာဥ်ရေးကျတော့ ကိုးစားဖို့ပဲလိုတယ်ဆိုပြီး “အလုပ်မအားတာနဲ့ ကျမ်းစာတောင်မဖတ်ဖြစ်ပါဘူးကွာ” ဆိုပြီးဆင်ခြင်ပေးပါတယ်။ ကိုးစားတယ်ဆိုပြီး လုံ့လဝိရိယထုတ်ခြင်း ပါမလာတာက တကယ်ကိုးစားတာမဟုတ်ပါဘူး။ ဥစ္စာတော့ကြွယ်ဝလာပါလိမ့်မယ်၊ ဝိညာဥ်ရေးကတော့ချွတ်ခြုံကျနေမှာပါပဲ။
ယောရှုဟာ ဘုရားရဲ့မျက်မှောက်နဲ့တန်ခိုးတော်ကို ခံစားရပြီး၊ အားယူ၍ရဲရင့်ခြင်းရှိနိုင်ရခြင်းဟာကျမ်းစာကို နေ့ညမပြတ်ကြည့်ရှုဖတ်ရွတ်ခြင်းအားဖြင့်ဖြစ်သလို၊ ထိုသို့ပြုခြင်းဖြင့်လည်း အကြံထမြောက်ပြီးအောင်မြင်ရတဲ့အခွင့်ကိုခံစားရတာပေါ့။

ဒီကနေ့ကတော့ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းအရာကိုရှေ့ဦးစွာရှာဖို့ပြင်းပြခြင်းထက် အပျင်း”တစ်” ခြင်း ကပိုများပြီး၊ ထိုအရာတွေကိုတော့ အပတ်တကုတ်အားထုတ်လာနေတဲ့ လူငယ်တွေကများလာပါတယ်။ ထိုအရာဆိုတဲ့လောကအရာတွေဟာ ယုံကြည်သူရော၊ မယုံကြည်သူရော ရှာဖွေတတ်ပါတယ်။ သို့သော် နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းဆိုတဲ့ အရာကတော့ ယုံကြည်သူတွေရှာမယ့်အရာပါ။ အမှုတော်ဆောင်တွေပဲ ရှာရတာမဟုတ်ပါ၊ ယုံကြည်သူတိုင်းက ဦးစားပေးရှာရမယ့် ထူးမြတ်တဲ့အရာပါ။ ရှေ့ဦးစွာရှာရမယ့်အရာအတွက်သင်ပျင်းနေပြီဆို သတိထားပါ။
လူတိုင်းလိုလိုကတော့ တနည်းနည်းနဲ့ပျင်းတာ၊ အားစိုက်ထုတ်ချင်စိတ် မရှိတာ မဆန်းပါဘူး။ ဒါပေမယ့်လည်း ခရစ်တော်ကို မရခင်ကလည်းပျင်း၊ ရပြီးလည်းပျင်းနေမယ်၊ လုံ့လဝိရိယထုတ်ခြင်းကလည်း မရှိဘူးဆိုရင် အထူးသတိပြုပါတော့။ သင်ဟာကြေခဲသောအစာပင် မဆိုထားနှင့်၊ နို့ကိုပင်အလိုမရှိသည့် အခြေအနေမျိုးပင်။

ထို​သို့​နှင့်​အ​ညီ ငါ​တို့​ကို ဘုန်း​တန်​ခိုး​တော်​နှင့် ခေါ်​တော်​မူ​သော​ဘု​ရား​ကို သိ​သော​ဉာဏ်​အား​ဖြင့်၊ ငါ​တို့​အား အ​သက်​ရှင်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​နှင့် စပ်​ဆိုင်​သော အ​ရာ​ရှိ​သ​မျှ​တို့​ကို ဘု​ရား​တန်​ခိုး​တော်​သည် ပေး​သ​နား​တော်​မူ​ပြီ။- ထို​သို့​သော​အား​ဖြင့်​လည်း အ​လွန်​ကြီး​မြတ်၍ အ​ဖိုး​ထိုက်​သော က​တိ​များ​ကို ငါ​တို့၌ အပ်​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ ထို​က​တိ​တော်​များ​ကို အ​မှီ​ပြု၍ သင်​တို့​သည် လော​ကီ​တပ်​မက်​ခြင်း အ​ညစ်​အ​ကြေး​နှင့် ကင်း​လွတ်​သ​ဖြင့်၊ ဘု​ရား​ပ​က​တိ​ကို ဆက်​ဆံ​ရ​သော​သူ ဖြစ်​ကြ​မည်​အ​ကြောင်း​တည်း။- ထို​သို့​အ​လို​ငှာ၊ သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ သီ​လ​ကို​လည်း​ကောင်း၊ သီ​လ၌ ပ​ညာ​ကို​လည်း​ကောင်း၊- ပ​ညာ၌ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း​ကို​လည်း​ကောင်း၊ ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း၌ သည်း​ခံ​ခြင်း​ကို​လည်း​ကောင်း၊ သည်း​ခံ​ခြင်း၌ ဘု​ရား​ဝတ်​ကို​ပြု၍ မွေ့​လျော်​ခြင်း​ကို​လည်း​ကောင်း၊- ထို​မွေ့​လျော်​ခြင်း၌ ညီ​အစ်​ကို​စုံ​မက်​ခြင်း​ကို​လည်း​ကောင်း၊ ညီ​အစ်​ကို​စုံ​မက်​ခြင်း၌ ချစ်​ခြင်း​မေ​တ္တာ​ကို​လည်း​ကောင်း၊ အ​လွန်​ကြိုး​စား​အား​ထုတ်၍ ထပ်​ဆင့်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ ထို​ပါ​ရ​မီ​တို့​သည် သင်​တို့၌​ရှိ၍ ကြွယ်​ဝ​လျှင်၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌ မ​ပျင်း​ရိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျိုး​မဲ့ မ​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ပြင်​တတ်​ကြ၏။- ထို​ပါ​ရ​မီ​နှင့် ကင်း​သော​သူ​မူ​ကား၊ မျက်​စိ​ကန်း၏။ ကိုယ်​မျက်​စိ​ကို ကိုယ်​ပိတ်၏။ မိ​မိ​အ​ပြစ်​ဟောင်း ဆေး​ကြော​ကြောင်း​ကို မေ့​လျော့၏။- ထို​ကြောင့်၊ ညီ​အစ်​ကို​တို့၊ သင်​တို့​ခံ​ရ​သော ခေါ်​တော်​မူ​ခြင်း​နှင့် ရွေး​ချယ်​တော်​မူ​ခြင်း​ကို တည်​မြဲ​စေ​ခြင်း​ငှာ သာ၍ ကြိုး​စား​အား​ထုတ်​ကြ​လော့။ သို့​ပြု​လျှင်၊ ရွေ့​လျော့​ခြင်း​နှင့် အ​စဉ်​ကင်း​လွတ်​သည်​ဖြစ်၍၊- ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင်​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ထာ​ဝ​ရ​နိုင်​ငံ​တော်​ထဲ​သို့ ဝင်​စား​ခြင်း​အ​ခွင့်​ကို သင်​တို့​အား ကြွယ်​ဝ​စွာ ပေး​သ​နား​တော်​မူ​လ​တ္တံ့။
ရှင်ပေတရုဩဝါဒစာဒုတိယစောင် ၁း၃-၁၁

ဒါကြောင့် ချစ်သောလူငယ်တို့ ပျင်းရိခြင်းမရှိဘဲ စိတ်တန်းသဖြင့်အားထုတ်ကာ လုံ့လဝိရိယပြုတတ်ကြဖို့ အစဥ်သတိပြုပါ။ ဘုရားသခင်ရဲ့ခေါ်တော်မူခြင်းကို သိမှတ်စွဲလန်းပြီး ထိုပါရမီတို့နှင့်ပြည့်စုံလျက် ခရစ်တော်ကို သိခြင်းအရာမှာ ပျင်းရိခြင်းမရှိ၊ အကျိုးမဲ့မဖြစ်စေခြင်းငှာပြုပြင်ပေးမှာပါ။ ဒါကြောင့်ထိုပါရမီတို့နှင့်မကင်းဘဲ အစဥ်ပြုစုတတ်ပါ ချစ်သောလူငယ်။

ပျင်း​ရိ​သော​သူ​က၊ အိမ်​ပြင်​မှာ ခြင်္သေ့​ရှိ၏။ လမ်း​တို့၌ ခြင်္သေ့​ရှိ၏​ဟု ဆို​တတ်၏။
သုတ္တံကျမ်း ၂၆း၁၃

ချစ်သောလူငယ် အိမ်ပြင်မှာ၊ လမ်းမှာ ခြင်္သေ့​ မရှိပါ။ သို့သော် အိမ်ထဲမှာရှိသော လူပျင်းကသာ တကယ့်ကြောက်စရာဆိုတာကို ကိုယ်တိုင်ဆင်ခြင် အားထုတ်လျက်နှိုးဆော်ရင်း

မေတ္တာဖြင့်