Skip to content

နောင်တရကြစို့

(ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၃ အခန်းငယ် ၁ မှ ၅) တွင် အဖြစ်အပျက် ၂မျိုးကိုတွေ့ရသည်။ တစ်ခုသည် လူလုပ်သောဘေးဖြစ်၍ တစ်ခုသည် သဘာဝဘေးဖြစ်ပေသည်။ လူအများ၏ အမြင်၊ လူ့သဘောသဘာဝတွင်တော့ ထိုသို့ကြုံတွေ့ကြရခြင်းများသည် သူတို့၏အပြစ်ကြောင့်ဟုသာ မြင်တတ်ကြသောသဘောမျိုးရှိတတ်ကြပေသည်။ ယခု အခန်းကြီး ၁၃ တွင် လည်း ထိုသို့ပင် ဖြစ်နေကြသည်မဟုတ်ပါလား။

ပထမအဖြစ်အပျက်သည် ပိလတ်မင်းကြောင့်ဖြစ်သည့်ဘေး … တနည်းဆိုရလျှင် လူလုပ်သည့်ဘေးဟုပင် ဆိုရပေအံ့။ ထိုအကြောင်းအရာကိုကြည့်ရင် သမိုင်းတွင် ကွက်တိကျသော မှတ်တမ်းမရှိသော်လည်း ဆင်တူသဘောဖြစ်ရပ်တစ်ခုရှိခဲ့သည်ဟု “Barclay” ဆိုခဲ့ဖူးသည်။ သခင်ယေရှု၏ အမှုတော်မြတ်လုပ်ငန်း (Ministry) မစခင် အဖြစ်အပျက်တစ်ခုဖြစ်သည်ဟုလည်း နားလည်ရသည်။ 

ထိုအဖြစ်မှာ ပိလတ်မင်းသည် ရှောလမုန်ရေကန်အား ယေရုရှလင်မြို့တော်အထိ တည်ဆောက်ချင်သည်ဖြစ်သောကြောင့်၊ ထိုအတွက်သုံးရန်လိုအပ်သောငွေကြေးများကိုလည်း ဗိမာန်တော်များမှ ယူသုံးသည်ဟုဆိုသည် … ဘုရားသခင်နှင့်ဆိုင်သည့် ငွေကြေးကို တောင်းခဲ့သည်ဟု နားလည်ရပေသည်။ ထိုအဖြစ်ကြောင့်လည်း ယဇ်ပရောဟိတ်များနှင့် လူအများကို စိတ်ဆိုးစေခြင်း၊ ဒေါသထွက်စေခဲ့ခြင်းများကို ဖြစ်စေခဲ့သည်။ ယုဒလူများသည် ထိုပိုက်ဆံများအား ပြန်တောင်းကြသောအခါတွင်တော့ ပိလတ်မင်းသည် သူ၏ စစ်သည်များအား သာမန်လူကဲ့သို့ ဝတ်စားစေကာ အယောင်ဆောင်ခိုင်းခဲ့ပြီးနောက်တွင် … အချက်ပြသည့်အခါတွင် ငွေတောင်းသောလူများအား တိုက်ခိုက်ကြသည်ဟုဆိုသည်။

ဤအကြောင်းအရာများ၏ ဆိုလိုရင်းအဓိပ္ပါယ်မှာ ထိုအဖြစ်အပျက်ကြောင့် လူများ၏ အသွေးများသည် ဘုရားသခင်အား ပူဇော်သည့်အရာနှင့်ရောနှောခြင်းကိုဖြစ်စေသည့် ပိလတ်မင်း၏ စရိုက်နှင့်ကိုက်ညီစေသည်ပင် …

ဒုတိယအဖြစ်အပျက်မှာ ရှိလောင်ပြအိုးလဲ၍ပိသဖြင့် လူ ၁၈ ယောက် သေကြရသည့်အဖြစ်အပျက်ပင် … ရှိလောင်ဆိုသည်မှာ ယေရုရှလင်မြို့ဟောင်း၏ တောင်ဘက်တွင်ရှိသည်ဟုသိရသည်။ အင်္ဂလိပ်ကျမ်းစာတွင်တော့ “The tower in Siloam” ဟုသုံးထားပါသည်။ ထို့ကြောင့် ရှိလောင်မှ ရဲတိုက်ပြိုကျခြင်းဟုလည်း ဆိုနိုင်ပေသည်။

ကျွန်ုပ်တို့ လူများ၏စိတ်ထဲတွင် လူလုပ်၍ ကြုံတွေ့ရသောဘေးနှင့် သဘာဝကြောင့် ကြုံတွေ့ရသောဘေးများသည် အပြစ်ကြောင့်၊ မိမိအပြစ်လုပ်သဖြင့်၊ ထိုသူတို့၏ အပြစ်ကြောင့်၊ စသဖြင့် အပြစ်ကြောင့်ဟုပင် ထင်မိတတ်ကြပေသည်၊ တနည်းထပ်ဆိုရလျှင် ဘုရားသခင်သည် လူကောင်းများအား အကောင်းဖြစ်စေ၍ လူဆိုးများအား အဆိုးကြုံစေတတ်သည်ဟုပင် ထို့ကြောင့် လူလုပ်သည့်ဘေးကြောင့်ဖြစ်စေ သဘာဝဘေးကြောင့်ဖြစ်စေ ထိုအရာများအား တွေ့ကြုံ ခံစားရသူများသည် အပြစ်အရမ်းကြီးသည်ဟု ယုံကြည်တတ်ကြခြင်းများအား သခင်ယေရှုသည် အမှန်မြင်စေဖို့ ပြင်ပေးခြင်းဟုပင်ဆိုနိုင်ပေသေး၏။ ယနေ့ သင်နှင့်ကျွန်ုပ်သည်လည်း ထိုအမြင်များကို ပြောင်းစေရန်ဖြစ်ပေသည်မဟုတ်ပါလား။

ထိုသို့ လူအများ၏ အမြင်မရှင်းပုံအား သခင်ယေရှုကလည်း ပြန်လည်ဖြေကြားခဲ့ပေသည် … ၎င်းအဖြေကြောင့်လည်း ထိုအရာများအား ထိုသို့ကြုံရသဖြင့် ထိုလူများသည် အပြစ်ပိုရှိခြင်းမဟုတ်ပါဘူးဟု နားလည်ရသည်မဟုတ်ပါလား … သခင်ယေရှုဘာပြောသလဲဆိုလျှင်ဖြင့် “ထိုဂါလိလဲလူတို့သည် ထိုသို့ခံရသောကြောင့် အခြားသောဂါလိလဲလူအပေါင်းတို့ထက် သာ၍အပြစ်ရှိသည်မဟုတ်” နောက်ထပ်ဘာပြောသလဲဆိုလျှင် “ရှိလောင်ပြအိုးလဲ၍ပိသောသူ တစ်ကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့သားအပေါင်းတို့ထက် သာ၍အပြစ်ရှိသည်ဟုထင်ကြသလော၊ သာ၍အပြစ်ရှိသည်မဟုတ်” ထို့နောက် အရေးအကြီးဆုံးအချက်မှာ … “သင်တို့ရှိသမျှသည်လည်း နောင်တမရလျှင် ပျက်ဆီးခြင်းသို့ ရောက်ကြလိမ့်မည်။” ဟူ၍ပင်ဖြစ်သည်။

“Unless you repent” နောင်တမရလျှင် … “You too will all perish” သင်တို့ရှိသမျှအပေါင်းလည်း ပျက်ဆီးလိမ့်မည်ဟု နားလည်ရပေသည် … 

သခင်ယေရှုသည် ကျွန်ုပ်တို့အား သူ့ထံသို့ နောင်တနှင့် လှည့်ပြန်လာစေချင်သည် … သခင်ယေရှုသည် လက်ဝါးကားတိုင်ပေါ်တွင် အသေခံ အသွေးသွန်းကာ ကျွန်ုပ်တို့အတွက် ပေးဆပ်ခဲ့ပြီးပြီဖြစ်သည် … သင်နှင့် ကျွန်တော်တို့၏ တမလွန်အတွက် အာမခံပေးခဲ့ပြီးပြီလည်းဖြစ်သည် … ထို့ကြောင့် ယနေ့သည်ပင်လျှင် နောင်တရကာ အထံတော်သို့ တိုးဝင်ဖို့ရန်ဖြစ်ပေသည်။

ရှင်မဿဲခရစ်ဝင် ၄:၁၇

ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။

မိမိ၏ တမလွန်အတွက် ကြိုးစားခြင်းသော်လည်းကောင်း ကျင့်ကြံခြင်းသော်လည်းကောင်း စသဖြင့်သော လုပ်ဆောင်ခြင်းအမျိုးမျိုးတို့သည် မလုံလောက်၍ဖြစ်စေ၊ အာမ မခံနိုင်ခြင်းကြောင့်ဖြစ်စေ … “ကွေးသောလက် မဆန့်မှီ ဆန့်သောလက် မကွေးမှီ၊ မျက်စိတမှိတ် လျှပ်တပြက်” ဟူသောဆိုရိုးအတိုင်း “Tomorrow” ဟုခေါ်ဆိုသော မနက်ဖြန်ဆိုသည်မှာ မသေချာပြီမို့ ယနေ့တွင်ပင်လျှင် နောင်တရဖို့ရန် ဖြစ်ပါသည်။

ကယ်တင်ရာ​နေ့ရက် (နောင်တရရန်နေ့ရက်) သည် ယ​နေ့ပင်ဖြစ်​သော​ကြောင့် တမလွန်အတွက် အဖြေရှာမရဖြစ်နေလျှင်၊ မိမိလုပ်ဆောင်ခြင်းများသည် တမလွန်အတွက် မလုံလောက်သည်ကို သိလာ၍ဖြစ်စေ၊ တမလွန်အတွက် အာမခံချက် တိတိကျကျမရှိ၍ဖြစ်စေ၊ ထိုတမလွန်အတွက် ​အာမခံချက်ဖြစ်သည့် သခင်ယေရှုထံသို့ တိုးဝင်ကာ ယနေ့ပင် နောင်တရကြပါစို့ …

*** ယေရှုခရစ်​တော်သည် ကျွန်​တော်/မ(အမည်)ရဲ့အပြစ်အတွက်လက်ဝါးကားတိုင်​ပေါ်မှာအ​သေခံအ​သွေးသွန်းပြီး သင်္ဂြုလ်ခြင်းကိုခံ​တော်မူပြီး​တော့ ကျမ်းစာလာသည့်အတိုင်း၃ရက်​မြောက်​သော​နေ့မှာရှင်ပြန်ထ​မြောက်တာကို ယုံကြည်လက်ခံပါတယ်။  ***

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။