Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၁၅)

က​ရု​ဏာ​မျက်​စိ​ရှိ​သော​သူ​သည် ဆင်း​ရဲ​သော​သူ​တို့​ကို ကျွေး​သော​ကြောင့် မင်္ဂ​လာ​ရှိ​လိမ့်​မည်။
သုတ္တံကျမ်း ၂၂း၉
Whoever has a bountiful eye will be blessed, for he shares his bread with the poor.
Proverbs 22:9 ESV

ခက်ခဲတဲ့ကာလမှာ ပိုပြီးမြင်တွေ့လာရတာကတော့ ကြပ်တည်းဆင်းရဲတဲ့သူတွေပါပဲ။ ထိုသို့သောသူတွေအလွန်များလာတာ ကိုယ့်အနီးအနားပတ်ဝန်းကျင်မှာ မြင်နိုင်မှာပါ။ သို့သော် ထိုသူတို့ကို ကူညီမစဖို့ရာမှာတော့ကရုဏာမျက်စိရှိမှပဲဖြစ်နိုင်ပါတယ်။ ခက်ခဲတာကိုမြင်နေပေမယ့် ကရုဏာမျက်စိနှင့်မကြည့်သ၍ ထိုသူတွေ ခက်ခဲနေတာကိုပဲ ဆက်ပြီးမြင်နေရဦးမှာပါ။

မှတ်မိပါသေးတယ် စာရေးသူခရီးတခုသွားခဲ့တုန်းက အသင်းတော်က လူငယ်လေးတစ်ယောက်ဘေးခုံမှာအတူထိုင်ပါတယ်။ ဒါနဲ့တနေရာအရောက်မှာ ခက်ခဲစွာလုပ်ကိုင်စားသောက်နေရတဲ့သူတွေကိုတွေ့တော့ “သနားပါတယ်ကွာ” လို့ ကားပေါ်ကနေကူညီလို့မရပေမယ့် ရေရွတ်မိခဲ့တယ်။ ဘေးကလူငယ်လေးက အဲ့စကားကိုကြားတဲ့အခါ ဘယ်လိုတုန့်ပြန်ခဲ့သလဲဆိုရင် “ကိုယ့်ဘဝနဲ့ကိုယ်ပဲလေ” ဆိုတာပါပဲ။ သူကပိုက်ဆံသုံးဖြုန်းနိုင်တဲ့ အသိုင်းအဝိုင်းကဖြစ်သလို အခုဆိုရင်လည်း ကိုယ်ပိုင်စီးပွားရေးကိုလုပ်ကိုင်နေသူပါ။ စိတ်မကောင်းစရာဖြစ်မိတာက အဲ့စကားကိုသူကိုယ်တိုင်ပြောခဲ့ပြီး အဲ့ဒီအတိုင်း အသက်ရှင်နေတာကိုပါ။
တဖက်ကစဥ်းစားရင်တော့ ဟုတ်ပါတယ် လူတိုင်းကတော့ ကိုယ့်ဘဝနှင့်ကိုယ်ပါပဲ။ ကိုယ်ကလည်း တခြားသူဘဝကို မစွက်ဖက်သလို၊ တခြားသူကလည်းကိုယ့်ဘဝကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ပါဘူး။ တူညီတဲ့လောကဓံကို မတူညီတဲ့ဘဝအခြေအနေတွေကနေ တွေ့ကြုံနေရသူတွေပါ။
သို့သော် ခြားနားသည့်အရာတခုက သခင်ယေရှုခရစ်တော်ကို မိမိ၏ကယ်တင်ရှင်အဖြစ်ရရှိထားရခြင်းပါ။ ထိုသို့ရရှိထားသောကြောင့် ကိုယ်ဟာ ဆင်းရဲသည်ဖြစ်ပါစေ၊ ချမ်းသာသည်ဖြစ်ပါစေ၊ ခက်ခဲသည်ဖြစ်ပါစေ၊ အဆင်ပြေသည်ဖြစ်ပါစေ လောကဓံရဲ့ညှာတာမှု မရှိတဲ့အနိမ့်အမြင့်မှာ အဖဘုရားသခင်ရဲ့ကရုဏာနှင့်မျက်နှာသာကတော့ ရှိနေမှာပါ။
ထိုသို့ခံရသော ကရုဏာတော်၊ မျက်နှာသာ ထူးခြားကြီးမားသည်ကို ခံစားရသူအဖို့
က​ရု​ဏာ​မျက်​စိ​ရှိ​လျက် ဆင်း​ရဲ​သော​သူ​တို့​ကိုကျွေး​မွေးကာ မင်္ဂ​လာ​ရှိ​နေခြင်းက မထူးဆန်းပါ။ ထူးဆန်းသည်က အလကားနေ မင်္ဂ​လာ​ရှိချင်နေသည့်အသက်တာ၊ ကောင်းကြီးသာလိုချင်ပြီး ကောင်းကြီးကိုမစီးဆင််းချင်သည့်အသက်တာများသာ။
ယေရှုခရစ်တော်အားဖြင့် အပြစ်မှလွတ်ကာ မင်္ဂ​လာ​ရှိသောအသက်တာဖြစ်လာတယ်ဆိုတာ ငြင်းဖွယ်မရှိပေမယ့်၊ တခါတရံမှာ ယုံကြည်သူအသက်တာများက ကျောင်းပြီးဘွဲ့ရသူတယောက် သူပြီးမြောက်လာတဲ့ပညာအားဖြင့်အသက်မွေးဝမ်းကြောင်းမပြုတာနှင့်တူပါတယ်။

အ​နည်း​ငယ်​သော​မျိုး​စေ့​ကို ကြဲ​သော​သူ​သည် စ​ပါး​အ​နည်း​ငယ်​သာ​ရိတ်​ရ​မည်။ များ​စွာ​ကြဲ​သော​သူ​သည် များ​စွာ​ရိတ်​ရ​မည်​ဟု မှတ်​ကြ​လော့။- လူ​တိုင်း ကိုယ်​အ​လို​အ​လျောက် လှူ​ရ၏။ နှ​မြော​သော​စိတ်​နှင့် မ​လှူ​ရ၊ မ​လှူ​ဘဲ​မ​နေ​ရ​ဟု စိတ်​ထင်​နှင့် မ​လှူ​ရ၊ အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​နှင့် လှူ​သော​သူ​ကို​သာ ဘု​ရား​သ​ခင် နှစ်​သက်​တော်​မူ၏။- ကျမ်း​စာ​လာ​သည်​ကား၊ သူ​သည်​စွန့်​ကြဲ​ပြီ၊ ဆင်း​ရဲ​သော​သူ​တို့​အား ပေး​ကမ်း​ပြီ။- သူ၏​ဖြောင့်​မတ်​ခြင်း​သည် အ​စဉ်​အ​မြဲ​တည်​တတ်၏​ဟု လာ​သည်​နှင့်​အ​ညီ၊ သင်​တို့​သည် အ​ရာ​ရာ၌ သုံး​လောက်​သော ဥ​စ္စာ​အ​မျိုး​မျိုး​နှင့် အ​စဉ်​ရှိ၍၊ ကောင်း​သော အ​ကျင့်​အ​မျိုး​မျိုး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​မည် အ​ကြောင်း၊ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင် တတ်​နိုင်​တော်​မူ၏။
ကောရိန္သုဩဝါဒစာဒုတိယစောင် ၉း၆-၉

ဘုရားသခင်ရဲ့ကောင်းကြီးများစွာကိုသင်ခံစားရတယ်လို့ချီးမွမ်းနိုင်ရင် ဘာလို့ မဝေမျှ၊ မစွန့်ကြဲ၊ မလှူဒါန်းနိုင်စရာအကြောင်းရှိရမှာလဲ။
ကိုယ်တော်ကောင်းမြတ်တယ် လို့ဆိုနိုင်ရင်၊ ဘာဖြစ်လို့ သူ့ဘဝနဲ့သူ ခက်ခဲဆင်းရဲနေသူအပေါ် မကောင်းမြတ်နိုင်ရမှာလဲ။
အိုချစ်သောလူငယ် သင့်ရဲ့ဘဝ အနိမ့်၊ အမြင့်၊ အတက်၊ အကျ ရှိပါလိမ့်မယ်။ ဒီအရာတွေက ကရုဏာမျက်စိ ကင်းမဲ့စွာ အသက်ရှင်ဖို့အတွက်အကြောင်းအရင်း မဖြစ်စေဘဲ၊ ကရုဏာမျက်စိ၊ စေတနာစိတ်ရှိလျက် စွန့်ကြဲဝေမျှတတ်သောအသက်တာဖြစ်ဖို့ တွန်းအားဖြစ်စေပါ။ အ​မျိုး​စုံ​သော​မင်္ဂ​လာ​ကျေး​ဇူး​နှင့် အ​ထူး​သ​ဖြင့် ပြည့်​စုံ​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်တတ်​နိုင်​တော်​မူတယ် ဆိုတာကိုယုံကြည်လျက် မင်္ဂ​လာ​ရှိသော အသက်တာဖြစ်ပါမည် အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်