Skip to content

ခွဲခန့်မှတ်သားခြင်း

တမန်တော်ဝတ္ထု အခန်းကြီး ၆ တွင် အသင်းတော်အတွင်း၌ တာဝန်ခွဲခန့်မှတ်သားခြင်းတစ်မျိုးကို တွေ့ရသည်။ အသင်းတော်အတွင်း၌ လိုအပ်လျှက်ရှိသော လစ်လပ်နေရာအတွက် တာဝန်ယူပေးမည့်သူ၊ မေတ္တာဖြင့် လုပ်ဆောင်ပေးနိုင်မည့်သူ၊ ဆုကျေးဇူးများကို အသုံးပြုနိုင်မည့်သူများအား ခွဲခန့်မှတ်သားခြင်းတစ်ခုဟု ဆိုရလျှင်လည်း မမှားချေ။

ထိုအချိန်ကာလ၏ အခြေအနေကိုကြည့်လျှင် မုဆိုးမများအား လုပ်ကျွေးခြင်းဆိုင်ရာ ပြဿနာသည် အသင်းတော်အတွင်း၌ ရင်ဆိုင်နေရသော အခက်အခဲတစ်ခုဖြစ်သည်။ ထိုပြဿနာကြောင့် အသင်းတော်အတွင်း၌ ပဋိပက္ခများစွာ ရှိနေသည့်အချိန်ဟုလည်း ဆိုနိုင်ပေသည်။ ထို့ကြောင့် ထိုတာဝန်ကို ယူနိုင်မည့်သူများအား အသင်းတော်တွင် လိုအပ်လျှက်ရှိနေပေသည်။

ဤပြဿနာအား ရင်ဆိုင်ဖြေရှင်းနိုင်မည့် သူများ သို့တည်းမဟုတ် တာဝန်ယူ တာဝန်ခံနိုင်မည့်သူများ၊ ဆုကျေးဇူးအသီးသီးရှိသူများအား ရွေးချယ်စေခြင်းဟုလည်းဆိုပေအံ့ …

တမန်တော်ဝထ္ထု ၆:၃
ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။

ထိုပြဿနာကို ကိုင်တွယ်ကာ ဖြေရှင်းဆောင်ရွက်စေရန် လူခုနစ်ယောက်အား ခန့်အပ်စေသည်ကို အခန်းငယ် ၃ တွင် မြင်တွေ့ရသည်။ ထိုသူတို့သည်လည်း ဝိညာဥ်တော်နှင့် ပြည့်သောသူ၊ ပညာနှင့် ပြည့်သောသူ၊ အသရေ ရှိသောသူများဖြစ်ကြသည်။ ထိုကဲ့သို့သောသူများကို ရှာ၍ ခန့်အပ်စေခဲ့သည်။ တွေ့ကရာလူများကို ပြီးပြီးရော ခန့်အပ်ခြင်းမျိုး မဟုတ်ပေ။

“OBMBC” အသင်းတော်မှ သင်းအုပ်ဆရာဖြစ်သော ဆရာလုံးဝါ၏ ပြောစကားတစ်ခွန်းကို သတိရမိပါသည်။ “ဆရာတွေက တစ်ခုခုကို တာဝန်ပေးတဲ့အခါမှာ အထူးအလေးထားပြီး စဥ်းစားပေးဖို့လိုတယ် …ကျွန်တော်တို့တွေက လုပ်ဆောင်ပေးဖို့ အချိန်မရှိကြသော်လည်း စဥ်းစားပေးသင့်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့က (ဆရာတွေက) မြင်တယ် အဲဒီလူ ဘာတတ်နိုင်တယ်၊ ဘာလုပ်နိုင်တယ်၊ ဘယ်လို အလားအလာရှိတယ်” ဟူသော စကားပင် …

ယခုတမန်တော်ဝတ္ထုတွင် မြင်တွေ့ရသော မုဆိုးမများအား လုပ်ကျွေးခြင်းဆိုင်ရာ ပြဿနာကိုလည်း ဖြေရှင်းစေရန် “ယုံကြည်ခြင်းနှင့်၎င်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်၎င်း ပြည့်စုံသော သတေဖန်မှစ၍” ဟူသော ရွေးကောက်ခြင်း၊ ခန့်အပ်ခြင်း၊ ခွဲခန့်မှတ်သားခြင်းများကို တွေ့ရပေသည်။

တမန်တော်ဝထ္ထု ၆:၆
တမန်တော်တို့ရှေ့၌ ထားကြ၏။ တမန်တော်တို့သည်လည်း ဆုတောင်းပြီးလျှင် ထိုသူတို့၏ ခေါင်းပေါ်၌ လက်ကို တင်ကြ၏။

ခွဲခန့်ရုံနှင့်လည်း လွှတ်မထားခဲ့ကြချေ။ ထိုသူတို့အတွက် ဆုတောင်းပေးခြင်းမျိုးကိုလည်း မြင်ရသေး၏။ ခေါင်းပေါ်သို့ တမန်တော်တို့သည် သူတို့၏ လက်ကိုတင်၍သော်လည်းကောင်း ဆုတောင်းပေးခြင်းမျိုးကိုလည်း တွေ့ရပေသည်။ ထိုလူခုနစ်ယောက်အားဖြင့်လည်း တမန်တော်တို့သည် ဆုတောင်းခြင်း၊ နှုတ်ကပတ်တော်ဝေငှခြင်း၊ ဟောပြောခြင်းများကို သာ၍လုပ်ဆောင်နိုင်ခဲ့ပေသည်မဟုတ်ပါလား။ တနည်းဆိုရလျှင် ထိုအသင်းတော်သည် သာ၍ တိုးတက်လာစေခဲ့သည်ဟုဆိုရလျှင်လည်း ငြင်းဆိုနိုင်ဖွယ် အကြောင်းအရာတော့မရှိဘူး မဟုတ်ပါတကား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။