ရှင်ယာကုပ်ဩဝါဒစာတွင် “ကိုယ်ကိုကိုယ်လှည့်ဖြား၍၊ နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့” ဟုတွေ့ရပေသည်။ ထိုအရာသည် တနည်းအားဖြင့်ဆိုရလျှင် နှုတ်ကပတ်တော် တရားစကားကို ကြားသောသူ၊ နောက်တနည်းဆိုရလျှင် သခင်ယေရှုခရစ်တော်၏စကားကို ကြားသောသူသည် နားထောင်ရန်လိုသည်ဟုဆိုပေအံ့။
ထို့ကြောင့်လည်း သခင်ကိုယ်တိုင် ပြောသောစကားကို ကြားလျှက် နားထောင်သောသူမည်သည်ကို ပညာရှိဟုပင်ဆိုထားသည်ကို ရှင်မဿဲအခန်းကြီး ၇ တွင်တွေ့ရပေသည်မဟုတ်ပါလား။ ထိုပညာရှိသည် သူ၏အသက်တာကို ကျောက်တည်းဟူသော သခင်ယေရှုခရစ်အပေါ်၌သာ တည်ဆောက်တတ်သည်။
ရှင်မဿဲခရစ်ဝင် ၇:၂၄
အကြင်သူသည် ငါဟောပြောသော ဤစကားကို ကြား၍နားထောင်၏။ ထိုသူသည် ကျောက်ပေါ်မှာ အိမ်ဆောက်သော ပညာရှိနှင့် တူကြောင်းကို ငါပုံပြမည်။
KJV နှင့် NIV တွင်တော့ “a wise man” ဟုသုံးထားသည်ကိုတွေ့ရပါသည်။ “wise, intelligent” “Prudent သမ္မာသတိ” ဆိုသော စကားလုံးကို (Greek ဘာသာစကားအရ “fron’-ee-mos” ဖရွန်နီးမို့စ်) လို့ခေါ်ဆိုသည်။ “fron’-ee-mos” ဆိုသည့်စကားလုံးကိုလည်း ဓမ္မသစ်ထဲတွင် ၁၄ကြိမ်တွေ့ရပေသည်။
ထိုပညာရှိ၏ အသက်တာသည် တည်မြဲသော ကျောက်ဖြစ်သည့် မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသော သခင်ယေရှုခရစ်တော်အပေါ်၌သာ တည်ထားခြင်းကြောင့် မည်သည့်အရာများ ပြောင်းလဲပါစေ သို့တည်းမဟုတ် ပြိုလဲပါစေ သူမပြိုလဲ၊ မည်သည့်မုန်တိုင်းများ တိုက်ခတ်ပါစေ သူသည် မယိုင်လဲ၊ မည်သည့်အခြေအနေများ ဖြစ်နေပါစေ သူသည် ထိုသခင်၌ခိုင်ခံ့လျှက်ရှိနေသည်ဟု နားလည်ရပေသည်။
ထို့ကြောင့် မိတ်ဆွေနှင့် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာသည် တည်မြဲသောကျောက်တည်းဟူသော မနေ့၊ ယနေ့၊ နောင်ကာလ မပြောင်းလဲသော သခင်ယေရုခရစ်တော်၌ တည်နေခြင်းသည် အင်မတန်အရေးကြီးသည်ဆိုသည်ကို နားလည်လျှက် “နှုတ်ကပတ်တရားကို နာရုံမျှသာပြုသောသူမဟုတ်၊ တရားကိုကျင့်သောသူ ဖြစ်ကြလော့” ဆိုသည်ကို နှလုံးသွင်းလျှက် နှုတ်ကပတ်တော်တည်းဟူသော သခင်ယေရှုခရစ်တော်၏ စကားတော်များကို ကြား၍ နားထောင်သောသူများ ဖြစ်ကြစေဖို့ရန် ဆင်ခြင်ကြပါစို့။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။