Skip to content

သမီးလေးကို အိပ်ဖို့ပြောတယ် (ဒီအရွယ်က အိပ်ရမယ့်အရွယ်၊ အိပ်သင့်တဲ့အချိန်)… မအိပ်ဘူးဆိုပြီး ဟိုပြေးဒီပြေးလုပ်နေတော့ လှမ်းပြောလိုက်တယ် ..

“အိပ်လို့ … ပါးပါး ကောင်းကောင်းပြောနေတယ် ..”  သူ နားမထောင်ဘူး၊ ဂရုမစိုက်ဘူး။

ကျွန်တော် လေသံကို မြှင့်လိုက်တယ်၊ စကားလုံးတွေက တိုလာတယ် …”အိပ်တော့လို့ ပြောနေတယ်”

ဒါနဲ့ ကုတင်ပေါ် သူ ပြေးတက်လာတယ် …

ကျွန်တော်လည်း အလိုက်သင့် ထွေးပွေ့ဖို့လုပ်တော့ … “မဖက်နဲ့ ပါးပါး… သမီးကို ပါးပါးက မချစ်ဘူး”တဲ့
သူ့ကို ဆူရမလား ဆိုတဲ့ လေသံမျိုးနဲ့လေ …🥺

ဟိုဘက်လှည့်သွားတယ် … စိတ်ကောက်ရင်းနဲ့ကို အိပ်သွားတာ သိုးလို့ …

သူလေး အိပ်‌မောကျနေတာကို ကြည့်ရင်း မေတ္တာတစ်စက်ကလေးမှ မလျော့တဲ့ ဖခင်တစ်ဦးရဲ့ ပီတိနဲ့ “သမီးရယ် … သမီးလေးကျန်းမာဖို့၊ ကိုယ်ခံအား ကောင်းဖို့ ဖေကြီး အိပ်ခိုင်းရတာပါနော်”

ဆိုပြီး သမီးလေးရဲ့ နှဖူးလေးကို ညှင်သာစွာ အနမ်းပေးလိုက်တယ် ….

တစ်ခါတစ်ခါ ဒီလောကမှာ အသက်ရှင်စဉ်ကာလ ခဏလေးမှာ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေက ကိုယ်လုပ်ချင်တာတွေနဲ့ မကိုက်ညီတဲ့အခါ

သို့မဟုတ်

ကိုယ်လုပ်ချင်တာ လုပ်ခွင့် မရှိတဲ့အခါမှာ (လိုအင်ဆန္ဒတွေ ဖြစ်မလာတဲ့အခါမှာ) အခြေ‌အနေတွေကို အပြစ်ဖို့ပြီး … “ဘုရားသခင်က ငါ့ ကို မချစ်ဘူး” လို့ လွယ်လွယ်ပြောတတ်ကြတယ်။ ပြောခဲ့ဖူးကြတယ်။ ဘုရားသခင်ကို စိတ်ကောက်ကြတယ်။ ဒီလိုနဲ့ ဘဝကို လုံးပန်း ရုန်းကန်နေကြတယ်။

တကယ်တော့ ဘုရားသခင်က မချစ်‌ တော့တာ မဟုတ်ဘူး။ ကျွန်တော်တို့တွေက ဖြစ်သင့်တာထက် လုပ်ချင်တဲ့ စိတ်နဲ့ ယစ်မူးနေကြလို့ပါ။ ထာဝရကို မကြည့်ဘဲ တခဏကိုကြည့်ပြီး လုံးပန်းနေကြတာလေ။

ဒီလိုနဲ့ ကျွန်တော်တို့တွေ ပင်ပန်းလို့ မောဟိုက်ပြီး ဘဝတစ်ကွေ့မှာ သခင့်ကို မေ့တေ့တေ့ဖြစ်နေခိုက်မှာတောင် ကောင်းကင်ဖခင်က မေတ္တာတစ်စက်ကလေးမှ မလျော့တဲ့ အချစ်တွေနဲ့ သူ ကျွန်တော်တို့ကို ထွေးပွေ့နေဆဲဆိုတာ သံသယ မရှိတော့ပါဘူးလေ …

ထာ​ဝ​ရ​ဘု​ရား​သည် အ​ဝေး​ကထင်​ရှား၍ မိန့်​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​မေ​တ္တာ​နှင့် သင့်​ကို​ ငါ​ချစ်၏။ ထို​ကြောင့်၊ က​ရု​ဏာ​ကျေး​ဇူး​ကို သင်၌ ကြာ​မြင့်​စွာ​ပြ၏။

ယေရမိအနာဂတ္တိကျမ်း ၃၁:၃

“ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​မြတ်​တော်​မူ၍၊ က​ရု​ဏာ​တော်​အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကောင်း​ကင်​ဘုံ၏​အ​ရှင်​ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်​သည် အ​စဉ်​အ​မြဲ​တည်​သော​ကြောင့်၊ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လော့။”

ဆာလံ ၁၃၆:၁ :၂၆

#God’s Love