Skip to content

သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင်၊ ထို​သူ​သည် ပ​ညာ၏ နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကို ပြ​ပါ​စေ။
ရှင်ယာကုပ်ဩဝါဒစာ ၃း၁၃
Who is wise and understanding among you? By his good conduct let him show his works in the meekness of wisdom.
James 3:13 ESV

ယနေ့ခေတ်မှာ “ပြ” သောသူတွေများလာပါတယ်။ “ပြ” လို့ရတဲ့အရာမှန်သမျှကိုလည်းပြလာကြပါတယ်။ ဘယ်လောက် တော်လဲဆိုတာ၊ ဘယ်လောက် လှလဲဆိုတာ၊ ဘယ်လောက် ချမ်းသာလဲဆိုတာ၊ ဘယ်လောက် လှူ နိုင်လဲဆိုတာ၊ စသည်ဖြင့်ပေါ့လေ။
သို့သော် ယုံကြည်သူများကြား အထူးသဖြင့် လူငယ်တွေထဲ ပညာရှိ(wise)သည့်အသက်တာ၊ အသက်ရှင်မှုမျိုးကို “ပြ” သောသူတွေအင်မတန်ရှားပါးလာပါတယ်။
ရှင်ယာကုပ်ကတော့ ကောင်း​မြတ်​သောကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့်(by good conduct) ပြဖို့ယုံကြည်သူတွေကို နှိုးဆော်ထားပါတယ်။ ဒီလိုနှိုးဆော်တဲ့နေရာမှာ သင်​တို့​တွင် အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သောပ​ညာ​ရှိတစ်​စုံ​တစ်​ယောက်​ရှိ​လျှင် လို့အစပြုထားပါတယ်။
စိတ်မကောင်းစရာက ဒီကနေ့မှာ နှစ်လများစွာဆရာအဖွဲ့၊ လသားဆရာအဖွဲ့၊ ရက်ပိုင်းဆရာအဖွဲ့ စသည့်နေရာမျိုးစုံ၊ ဂိုဏ်းဂဏပေါင်းစုံမှ ဓမ္မဆရာများ၊ အမှုတော်ဆောင်များ ပညာပြ နေကြသည်ကပိုများလာပါတယ်။
ပညာတတ်လို့သာ ပညာတွေပြပြီး မသိမသာ ပညာတွေပြိုင်လာခြင်းတွေသာတိုးလာပါတယ်။ ပညာရှိတွေကတော့ လျော့လာပါတယ်။

“မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို ဆုံး​မ​သော​သူ​သည် အ​ရှက်​ကွဲ​ခြင်း​ကို​လည်း​ကောင်း၊ လူ​ဆိုး​ကို အ​ပြစ်​ပြ​သော​သူ​သည် ကဲ့​ရဲ့​ခြင်း​ကို​လည်း​ကောင်း ခံ​ရ​လိမ့်​မည်။ မ​ထီ​မဲ့​မြင်​ပြု​သော​သူ​ကို မ​ဆုံး​မ​နှင့်။ သင့်​ကို​မုန်း​လိမ့်​မည်။ ပ​ညာ​ရှိ​ကို​အ​ပြစ်​ပြ​လော့။ သူ​သည် သင့်​ကို​ချစ်​လိမ့်​မည်။ ပ​ညာ​ရှိ​သော​သူ​ကို​ဆုံး​မ​လျှင်၊ သူ​သည် သာ၍​ပ​ညာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို သွန်​သင်​လျှင်၊ သူ​သည် သိ​ပ္ပံ​အ​တတ် တိုး​ပွား​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​မူ​လ​အ​မြစ်​ဖြစ်၏။ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို သိ​ကျွမ်း​သော​သ​ဘော​သည် ဉာဏ်​ဖြစ်၏။”
သုတ္တံကျမ်း ၉း၇-၁၀

အ​တတ်​အ​လိ​မ္မာ​နှင့်​ပြည့်​စုံ​သော ပ​ညာ​ရှိ တစ်​စုံ​တစ်​ယောက်​ရှိ​လျှင် ဆိုတဲ့ကျမ်းစကားအရ၊ အဲ့တစ်စုံတစ်ယောက် ကိုယ်ဖြစ်ဖို့အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် အထက်က သုတ္တံကျမ်းရဲ့ပထမပိုင်းမှာ ဖော်ပြထားတဲ့အတိုင်း မထီမဲ့မြင်ပြုသောသူ၊ လူဆိုးဆိုတဲ့သူတွေက ဆုံးမ မရ၊ အပြစ်ကိုပြလို့ မရသည့်အပြင် သူတို့ရဲ့အမုန်းတရား၊ ကဲ့ရဲ့ခြင်း၊ အရှက်ခွဲခြင်းကိုတောင် ခံရပါသေးတယ်။
ချစ်သောလူငယ် တစ်စုံတစ်ယောက်ဟာ ကိုယ့်ကို သွန်သင်၊ ဆုံးမ၊ အပြစ်ကိုဖော်ပြလာရင် အထက်က လူဆိုးမျိုးဖြစ်မလာချင်ပါနဲ့။ တစ်စုံတစ်ယောက်ကဲ့သို့သာဖြစ်ဖို့ နာခံကာ ဆင်ခြင်ပါ။ ထိုသို့မဟုတ်ဘဲ သင်က “ငါ့ကိုမစီရင်နဲ့။ ဘုရားပဲစီရင်မယ်” ဆိုပြီးတော့ တင်းခံနေမယ်ဆိုရင်တော့ ဒါဟာ သင်ရွေးချယ်မှုပါပဲ။
သို့သော် သတိပေးပါရစေ လူတစ်ယောက်က ကိုယ့်ကိုစီရင်သွန်သင်တာတောင် သင်မလိုချင်၊ မခံယူနိုင်ရင် ကောင်းကင်ဗိုလ်ခြေထာဝရဘုရားသခင်၏ စီရင်ခြင်းကို သင်ဘယ်လိုခံယူမလဲ။

“ပ​ညာ​ရှိ​ကို​အ​ပြစ်​ပြ​လော့။ သူ​သည် သင့်​ကို​ချစ်​လိမ့်​မည်။”
ပ​ညာ​ရှိ​ကိုအပြစ်ပြလို့ရတဲ့အပြင် သူ့အပြစ်သူမြင်ပြီး နောင်တရလွတ်မြောက်ကာ အပြစ်ပြသွန်သင်တဲ့သူကိုတောင် ချစ်ဦးမယ်တဲ့။

“ပ​ညာ​ရှိ​သော​သူ​ကို​ဆုံး​မ​လျှင်၊ သူ​သည် သာ၍​ပ​ညာ​ရှိ​လိမ့်​မည်။ ဖြောင့်​မတ်​သော​သူ​ကို သွန်​သင်​လျှင်၊ သူ​သည် သိ​ပ္ပံ​အ​တတ် တိုး​ပွား​လိမ့်​မည်။”
နောက်ပြီး ပညာရှိကိုဆုံးမရင် သူကပညာတောင် ပိုရှိလာတယ်တဲ့။ အဲ့အပြင်ဖြောင့်မတ်ခြင်းအရာကို သင်လ်ိုခြင်းအရာတောင် တိုးပွားလိမ့်မယ်လို့ဆိုပါတယ်။

“ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​မူ​လ​အ​မြစ်​ဖြစ်၏။ သန့်​ရှင်း​တော်​မူ​သော​ဘု​ရား​ကို သိ​ကျွမ်း​သော​သ​ဘော​သည် ဉာဏ်​ဖြစ်၏။”
သန့်ရှင်းတော်မူသောထာဝရဘုရားကို ကြောက်ရွံ့၊သိကျွမ်းသော သဘောဟာ ပညာရဲ့မူလအမြစ်၊ ဥာဏ်ဖြစ်တယ်တဲ့။
ဒါကြောင့် တစ်စုံတစ်ယောက်ဆိုတဲ့ ပညာရှိသောသူဟာ သန့်ရှင်းတော်မူသောထာဝရဘုရားကို ကြောက်ရွံ့၊သိကျွမ်းသူဖြစ်တယ်ဆိုတာနားလည်ရပါတယ်။
ဒါကြောင့် ဘုရားပဲငါ့ကိုစီရင်မယ်လို့ပြောနေတဲ့ ချစ်သောလူငယ် … သင်တကယ်ပဲ သန့်ရှင်းတော်မူသောထာဝရဘုရားကို ကြောက်ရွံ့၊သိကျွမ်း သူဟုတ်ပါသလား။
ဘုရားက ကိုယ့်ရဲ့အပြစ်ကိုဆေးကြော၊ စီရင်အဆုံးသတ်ပေးသွားခဲ့ပေးပြီဆိုတဲ့အရာကိုပြောနေတာထက်၊ လောကမှာ နေ့စဥ်ကိုယ့်အသက်ရှင်လှုပ်ရှားမှုတိုင်းမှာ ဘုရားကိုကြောက်ရွံ့သိကျွမ်းမရှိဘဲ – တနည်းဆိုရရင်ကိုယ့်ကိုကိုယ်ခရစ််ယာန်ဆိုပြီး ပညာမဲ့စွာအသက်ရှင်နေထိုင်နေတာကို “လာမစီရင်နဲ့ဘုရားပဲငါ့ကိုစီရင်မယ်”ဆိုတာက ကြောက်စရာကောင်းတယ်လို့မခံစားရဘူးလား။

ဒါဟာ “မိုက်မဲခြင်း၏ ကြမ်းကြုတ်ခြင်း​နှင့်​တ​ကွ၊ ဆိုးညစ်သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကိုပြ​” နေခြင်းပါပဲ။
အိုချစ်သောလူငယ် လောကီပညာတွေကို အပတ်တကုတ် သင်ယူကြိုးစားနေတဲ့သင့်ကို စာရေးသူ လေးစားပါတယ်။ သို့သော် အတတ်ပညာတွေနဲ့ပညာတွေပြနေတဲ့ ဘုရားကို မကြောက်ရွံ့၊ မသိကျွမ်းတဲ့ ယုံကြည်သူတော့ မဖြစ်စေချင်ပါ။
ထာဝရဘုရားကိုကြောက်ရွံ့ရိုသေခြင်းမှအစပြု ဖြစ်တည်သော ပညာအားဖြင့် ပညာရှိကာ၊ ထိုပညာအား နူး​ညံ့​သိမ်​မွေ့​ခြင်း​နှင့်​တ​ကွ၊ ကောင်း​မြတ်​သော ကျင့်​ကြံ​ပြု​မူ​ခြင်း​အား​ဖြင့် မိ​မိ​အ​မှု​တို့​ကိုဤလောက၌ “ပြ” သောသူဖြစ်မည်အကြောင်း

ကိုယ်တိုင်ဆင်ခြင်ကာ မေတ္တာဖြင့်