Skip to content

ငယ်စဉ်ကဆို နှစ်တနှစ်ရဲ့အဆုံးပိုင်းလ ဒီဇင်ဘာလရောက်တာနဲ့ ပျော်စရာအကောင်းဆုံးအချိန်ဆိုပြီးသတ်မှတ်ထားခဲ့ဖူးပါတယ်။ ဘာလို့ဆို ချမ်းအေးတဲ့ရာသီဥတုကိုခံစားရတယ်၊ ဝိုင်းဖွဲ့ကာခရစ္စမတ်စ်သီချင်းတွေဆိုရတယ်၊ ဟိုကနေဒီကနေအစားသောက်တွေစားရတယ်၊ ပျော်ပွဲရွှင်ပွဲတွေကျင်းပကြတယ်။ ဒီလိုအရာမျိုးတွေနဲ့ပဲ ဒီဇင်ဘာကို နှစ်တိုင်းပျော်ရွှင််စွာဖြတ်သန်းခဲ့ပါတယ်။ 

ဆယ်ကျော်သက်လူငယ်အရွယ်ရောက်လာပြန်တော့လည်း အသင်းတော်မှာပါဝင်ကာ Carol singing တွေထွက်၊ ချက်ပြုတ်စားသောက်၊ midnight service တွေမှာအိပ်ငိုက်ပြီးပါဝင်ခဲ့တာတွေနဲ့ ဒီဇင်ဘာကို ပေါ့ပေါ့ပါးပါးဖြတ်သန်းခဲ့ပါသေးတယ်။ 

တနှစ်သောဒီဇင်ဘာကတော့ စာရေးသူကိုအကြီးအကျယ်တုန်လှုပ်စေခဲ့ပါတယ်။ အိမ်တအိမ်မှာ carol ဆိုရင်း အိမ်ရှင်ကကိုယ့်လက်ထဲလာထည့်ပေးတဲ့ စာအိတ်ကိုကြည့်ပြီးတွေဝေသွားပါတယ်။ စာရေးသူဟာ သီချင်းဆိုဖို့ပဲလိုက်လာတာဖြစ်ပေမယ့် အိမ်ရှင်ဘေးမှာအနီးကပ်ဆုံးဖြစ်နေတော့ စာအိတ်ကိုငြင်းလို့လည်းမရခဲ့ပါ။ နောက်အိမ်တွေကိုဆက်လက်ချီတက်ချိန်မှာ စာရေးသူတက်ကြွခြင်း လုံးဝမရှိတော့ပါ။ 

အချိန်ကာလတခုထိိ ဒီဇင်ဘာဆိုတာ ပျော်ပါးစရာ၊ သီချင်းတွေဆိုရင်းအသင်းတော်အလှူငွေရှာ၊ စျေးရောင်းပွဲတွေနဲ့စီးပွါးရှာတဲ့ လလို့ရောယောင်ဖြတ်သန်းခဲ့ဖူးသူတယောက်ပါ။ ခရစ္စမတ်စ်ကိုအကြောင်းပြုကြပေမယ့် ခရစ္စမတ်စ်ရဲ့အကြောင်းကတော့ပါမလာတာ အင်မတန််စိတ်မကောင်းစရာပါ။ ချစ်သောခရစ်ယာန်ဓမ္မမိတ်ဆွေတို့ ဒီကနေ့ ၂၀၂၁ ဒီဇင်ဘာမှာ ဘာအစီအစဉ်တွေစီစဉ်ထားပါသလဲ။ ငွေကုန်ကြေးကျများမယ့်အစီအစဉ်တွေလား၊ မျက်နှာကြီးရာကိုသာဟင်းပါမယ့်အစီအစဉ်တွေလား၊ အဆိုတော်တွေနဲ့တင်ဆက်ဖို့ပဲလား၊ ဆိုတာကိုသတိပြုစေချင်ပါတယ်။ သတင်းကောင်းပြောဖို့အတွက်ဆို သတင်းကောင်းကိုအရင်လိုအပ်ပေတယ်မဟုတ်ဘူးလား။ သတင်းကောင်းအကြောင်းပြုပြီး အသင်းတော်ဘက်ဂျက်၂၀၂၂မှာတိုးဖို့လုပ်ရမယ့်ကာလလည်းမဟုတ်ပါ။ စင်ပေါ်ကမဆင်းဘဲ အပြောကောင်းတဲ့တရားများဝေငှခြင်းမျိုးလည်းမဖြစ်သင့်ပါ။ ကောင်းကင်ကနေတောင်ဆင်းကြွကယ်တင်မူသောသခင်ကို ချစ်တယ်ဆိုရင် အကြီးဆုံးသောသူတွေဆီကနေရထားသမျှထဲကနေ အငယ်ဆုံးသောသူတွေဆီဝေမျှဖို့မလုပ်နိုင်စရာအကြောင်းမရှိပါဘူး။ ဇိမ်ခံစရာအရာတွေတွက်ကျတော့မနှမြော၊ entertainment အတွက် church ထဲမှာအသုံးပြုတဲ့အရာတွေက စျေးနှုန်းတွေကမသေး၊ စဉ်းစားကြည့်တော့ သာသနာဟာချမ်းသာဖို့အရေးပါပဲလားပေါ့။ 

ဒီဇင်ဘာဟာ ဆင်ခြင်စရာသိပ်များပါတယ် မိတ်ဆွေ။ ပွင့်လင်းမြင်သာမှုမရှိတဲ့ ခရစ်ယာန်အသိုင်းအဝိုင်းကြီးဟာ ဒီလရောက်ရင် အရမ်းသိသာပါတယ်။ ချမ်းသာတဲ့အသင်းတော်တွေကတော့ ဘာတွေလုပ်သလဲဆိုတာကိုချပြနေကြပေမယ့်၊ မွဲပြာနေတဲ့အသင်းတော်တွေကတော့ ဘယ်သူကမှလှည့်တောင်မကြည့်လို့ပါပဲ။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင် အခုဒီစာကိုဖတ်နေတဲ့ သင်ဟာ online ကနေခရစ္စမတ်စ် အစီအစဉ်တွေကို live ကြည့်မယ်လို့ရည်ရွယ်ထားတဲ့သူဖြစ်ကောင်းဖြစ်နိုင်လို့ပါ။ တကယ်တမ်းဆို ဒီကာလဟာတရားကိုနာတာထက် တရားကိုကျင့်ဆောင်ရမယ့်ကာလဆိုပိုတောင်မှန်ပါလိမ့်မယ်။ Christmas message ကိုမသိသေးတဲ့သူတွေကို သိနေတဲ့သူကကြားပြောရမယ့်ကာလပါ။ သိပြီးသူတွေက ဘာအသစ်တွေကြားချင်နေကြတာလဲ၊ ခရစ်တော်လူ့ဇာတိခံယူခဲ့တာအသစ်ဖွင့်ပြပေးရဦးမှာလား။ စားသောက် ပျော်ရွှင် မူးရူးဦးမယ့်အဖွဲ့တွေကိုလည်း ထိုနည်းတူပဲပြောချင်ပါတယ်။ အပြစ်ကျေးကျွန်ကနေလွတ်မြောက်ရသည့်ကျေးဇူးတော်ကို မူးရူးစုတ်ပြတ်တဲ့ပုံစံတွေနဲ့ မချီးမွမ်းကြပါနဲ့။ 

ဘုရားရှင်ဆီတိုးဝင်လျက် ကိုယ့်ပတ်ဝန်းကျင်ကို မျက်လုံးဖွင့်ကြည့်ပါ။ ပျော်စရာက အပေါ်ယံတွေပဲရှိနေတာ မဟုတ်ပေဘူးလား။ ဝမ်းမြောက်စရာက ကိုယ့်အထဲမှာ ကိုယ််ကြားရတဲ့သတင်းကောင်းအားဖြင့် နေရာယူလျက်ရှိနေပြီမဟုတ်လား။ ဒုက္ခများတဲ့လောကထဲ သောကဝေနေတဲ့လူသားတေွဆီ သွားရောက်ဝေငှ၊ ဝေမျှကြရအောင် ချစ်သောခရစ်ယာန်ဓမ္မမိတ်ဆွေတို့။ 

ချမ်းသာဖို့အရေး၊ ကြီးပွါးဖို့အရေးထက် အပြစ်ကနေလွတ်မြောက်ဖို့အရေးကသာ၍ အရေးကြီးသည်မဟုတ်လော။

ဒီဇင်ဘာဟာ online ထက် offline သာသနာပြုခြင်းက အကောင်းဆုံးပါပဲ။ 

ရှင်ယောဟန်ခရစ်ဝင် ၁း၁၄

“နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။”