Skip to content

“ကြိုက်တာလာ၊ လာချင်တာလာ ဒါပေမယ့်စုံစမ်းသွေးဆောင်ခြင်း ကတော့မရဘူးကွာ” ဆိုတဲ့အဖြစ်မျိုးကျွန်ုပ်တို့ ကြုံတွေ့ဖူးမှာပါ။ စုံစမ်းသွေးဆောင်ခြင်းဆိိုတာကလည်း ယောကျာ်း၊ မိန်းမ အရွယ်မရွေးပါဘူး။ လူတိုင်းဆီလာတတ်ပါတယ်။

ဒါပေမယ့် ပုံစံမျိုးစုံနှင့်အခြေအနေမျိုးစုံမှာ လာတတ်တဲ့ စုံစမ်းသွေးဆောင်ခြင်းကို ဆီးတား၊ တွန်းလှန်နိုင်ဖို့ကိုတော့ သခင်အလိုရှိပါတယ်။ 

“ငါ​တို့​ယဇ်​ပု​ရော​ဟိတ်​မင်း​သည် ငါ​တို့​ခံ​ရ​သော ဆင်း​ရဲ​ဒု​က္ခ​များ​ကြောင့် မ​ကြင်​နာ​နိုင်​သော​သူ​မ​ဟုတ်။ ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။”

ဟေဗြဲဩဝါဒစာ ၄း၁၅ 

“For we do not have a high priest who is unable to sympathize with our weaknesses, but one who in every respect has been tempted as we are, yet without sin.”

Hebrews 4:15 

ခရစ်ဝင်ကျမ်းတွေဖတ်တဲ့အခါ တော်တော်များများစိတ်ဝင်စားတတ်ကြတာက အံ့သြဖွယ်နိမိတ်လက္ခဏာအကြောင်းတွေပေါ့။ ဒီလိုပြောလိုက်လို့ နိမိတ်လက္ခဏာတွေဟာ အရေးမကြီးဘူးဟုဆိုနေခြင်းမဟုတ်ပါ။ ထိုအရာတွေက သခင်သည် ကြွလာတော်မူသော မေရှိယ ဖြစ်တယ်ဆိုတာဖော်ပြနေသောကြောင့် အရေးကြီးပါတယ်။ ဒါပေမယ့် သခင့်ဆီကို စာတန်ကတိုက်ရိုက်လာရောက် စုံစမ်းသွေးဆောင်တဲ့ အဖြစ်အပျက်ကိုတော့ ဆင်ခြင်သူနည်းပါတယ်။

ရှင်မဿဲခရစ်ဝင်ကျမ်း အခန်းကြီး၄မှာ စုံစမ်းသွေးဆောင််သောသူ(စာတန်)ဟာ သခင့်ဆီချဥ်းကပ် စုံစမ်းခဲ့ပါတယ်။ အပိုဒ်ငယ် ၃မှ၁၁ထိကြည့်ရင်  စုံစမ်းသွေးဆောင်ခြင်း ၃ခုကိုတွေ့မြင်ရပါတယ်။ 

ပထမအချက်ဟာဆိုရင် ခမည်းတော်ဘုရားရဲ့ကောင်းမြတ်ခြင်းကို သံသယဖြစ်စေတဲ့ စုံစမ်းခြင်းပေါ့။ ဆိုလိုချင်တာက ဆာလောင်နေတဲ့ သခင်ယေရှုရဲ့ ခန္ဓာလိုအပ်ချက်ကို ဘုရားကစိတ်မဝင်စားဘူးဆိုတဲ့သဘောနဲ့ ဘုရားသခင်ရဲ့သားမှန်လျှင် ဒီကျောက်တွေကို မုန့်အဖြစ်ပြောင်းလိုက် ပြီးရင်စားပြီး ဗိုက်ကိုဖြည့်လိုက်ဆိုတဲ့သဘောပါပဲ။

ဒုတိယအချက်ကတော့ ခမည်းတော်ဘုရားရဲ့ ချစ်ခြင်းမေတ္တာကို သံသယဖြစ်စေတဲ့ စုံစမ်းခြင်းနဲ့ ဗိမာန်တော်ရဲ့ အထွဋ်ကိုခေါ်သွားပြီး ခုန်ချခိုင်းပါတယ်။ ဘုရားသားမှန်လျှင် ခုန်ချလိုက် ဘုရားက ကောင်းကင်တမန်တွေနဲ့ မစချီပင့်ကူညီမယ်ဆိုပြီး စုံစမ်းပြန်ပါတယ်။ 

နောက်ဆုံးအချက်ကတော့ ခမည်းတော်ဘုရားရဲ့သမ္မာတရားကို အပေးအယူလုပ်စေမယ့် စုံစမ်းခြင်းပါ။ စာတန်က ငါ့ကိုညွတ်ပြပ်ကိုးကွယ်လျှင် ကားတိုင်းလမ်းကိုလျှောက်စရာမလိုတဲ့ တိုင်းနိုင်ငံတွေကို ပေးမယ်ဆိုပြီး သွေးဆောင်ခဲ့ပါတယ်။ 

သို့သော်လည်း သခင်က ထိုစုံစမ်းသွေးဆောင်ခြင်းသုံးခုလုံးကို “ကျမ်းစာလာသည်”(It Is Written)ဟုတုန့်ပြန်ချေပခဲ့ပါတယ်။ 

သခင်ခရစ်တော်ဟာ စုံစမ်းသွေးဆောင်ခြင်းကို အနိုင်ယူနိုင်သည့် အရင်းအမြစ်ကိုပြသခဲ့ပါတယ်။ ထိုအရင်းအမြစ်ကတော့ ဘုရားသခင်၏နှုတ်ကပတ်တော် ပဲဖြစ်ပါတယ်။ 

“ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​လည်း​ကောင်း ယူ​ကြ​လော့။” 

ဧဖက်ဩဝါဒစာ ၆း၁၇(ခ)

ဒါကြောင့်ကိုယ့်ကို စုံစမ်းသွေးဆောင်ခြင်းကအနိုင်ယူနေပြီဆိုရင် သခင်ခရစ်တော်ရဲ့ ပုံသက်သေကိုအောက်မေ့ လိုက်လျှောက်လျှက်၊ နှုတ်​က​ပတ်​တည်း​ဟူ​သော ဝိ​ညာဉ်​တော်၏ ဓား​ကို​စွဲကိုင်ကာရပ်တည်မည်အကြောင်း ခွန်းအားပေးချင်ပါတယ်။ 

ချစ်သောလူငယ်တို့ ဒီကနေ့ ဘုရားသားသမီးဆိုပြီး ကျောက်တွေကိုမုန့်အဖြစ် ပြောင်းလဲစားသုံးတာ ဘယ်လောက်ကြာနေပြီလဲ။ ဘုရားရဲ့ထောက်ပင့်မစခြင်း ကိုသံသယတွေဝင်ကာ ကျောက်တွေကို မုန့်အဖြစ်ပြောင်းလဲနေတုန်းလား။

နောက်ပြီး ဘုရားသားသမီးဆိုပြီးနှုတ်ကပတ်တော်ကို ကိုယ်လိုချင်တဲ့အတိုင်း နားလည်ခံယူပြီး ဘုရားကိုစုံစမ်းကာအသက်ရှင်ရင်း သွေးဆောင်မှုတွေမှာကျရှုံးနေတုန်းပဲလား။

လောကရဲ့စည်းစိမ်ဥစ္စာတွေအတွက်သာပြပ်ဝပ်နေရင်း ကိုယ့်ကပ်တိုင်ကိုမထမ်း၊ ဘုရားသခင်ကိုမကိုးကွယ်နိုင်လောက်အောင် စုံစမ်းသွေးဆောင်ခံနေရတုန်းပဲလား။  

ဒါကြောင့်ချစ်သောလူငယ်တို့

“စုံ​စမ်း​နှောင့်​ယှက်​ခြင်း​နှင့် ကင်း​လွတ်​မည်​အ​ကြောင်း ဆု​တောင်း​လျက် စောင့်​နေ​ကြ​လော့။ စိတ်​ဝိ​ညာဉ်​ကား စေ​တ​နာ​ရှိ​ငြား​သော်​လည်း၊ ကိုယ်​မူ​ကား​အား​နည်း​သည်​။”

ရှင်မဿဲခရစ်ဝင် ၂၆း၄၁

“စမ်း​နှောင့်​ယှက်​ခြင်း​ကို သည်း​ခံ​သော​သူ​သည် မင်္ဂ​လာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ စစ်​ကြော​စုံ​စမ်း​ခြင်း​ကို ခံ​ပြီး​မှ သ​ခင်​ဘု​ရား​ကို ချစ်​သော​သူ​တို့​အား က​တိ​ထား​တော်​မူ​သော အ​သက်​သ​ရ​ဖူ​ကို ရ​လိမ့်​မည်။- အ​ပြစ်​သွေး​ဆောင်​ခြင်း​ကို ခံ​ရ​သော​သူ မည်​သည်​ကား၊ ဘု​ရား​သ​ခင်​သည် ငါ့​ကို​သွေး​ဆောင်​တော်​မူ​သည်​ဟု မ​ပြော​စေ​နှင့်။ မ​ကောင်း​သော​အ​ရာ​သည် ဘု​ရား​သ​ခင်​ကို မ​သွေး​ဆောင်​နိုင်​ရာ။ ကိုယ်​တော်​သည်​လည်း အ​ဘယ်​သူ​ကို​မျှ အ​ပြစ်​သို့ သွေး​ဆောင်​တော်​မ​မူ။- မိ​မိ​တပ်​မက်​သော​စိတ် ဆွဲ​ငင်​ဖြား​ယောင်း​ခြင်း​ကို ခံ​သော​သူ​မည်​သည်​ကား၊ အ​ပြစ်​သွေး​ဆောင်​ခြင်း​သို့ ရောက်​တတ်၏။- တပ်​မက်​သော​စိတ်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ ဒု​စ​ရိုက်​ကို​ဖွား​တတ်၏။ ဒု​စ​ရိုက်​သည်​လည်း ပြည့်​စုံ​လျှင် သေ​ခြင်း​ကို ဖွား​တတ်၏။”

ရှင်ယာကုပ်ဩဝါဒစာ ၁း၁၂-၁၅

သင့်ကိုစုံစမ်းသွေးဆောင်ခြင်းထဲသို့ကျရောက်သွားစေမည့််သူဟာ သင်ကိုယ်တိုင်ပါပဲ။ ဘုရားကသင့်ကို ဘယ်တော့မှအပြစ်ထဲသို့သွေးဆောင်မည်မဟုတ်သလို၊ သခင်ယေရှုခရစ်တော်ကိုယ်တော်ပင််လျှင် “ငါ​တို့​ခံ​ရ​သည်​နည်း​တူ၊ အ​မျိုး​မျိုး​သော စုံ​စမ်း​နှောင့်​ယှက်​ခြင်း​တို့​ကို ခံ​ဖူး​သော​သူ​ဖြစ်​တော်​မူ၏။ သို့​ရာ​တွင်၊ ဒု​စ​ရိုက်​အ​ပြစ်​နှင့် ကင်း​လွတ်​တော်​မူ၏။”

အိုချစ်သောလူငယ် ဆုတောင်းလျက်စောင့်နေပါ။ ကိုယ့်ကိုကိုယ် အထင်မကြီးပါနှင့်။ အပြစ်ဒုစရိုက်များတဲ့ ဒီလောကမှာ စုံစမ်းသွေးဆောင်နှောင့်ယှက်မည့်အရာတွေက အများကြီးပါ။  

 “ထို​ကြောင့်၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​သို့ လိုက်​ကြ​လော့။ မာရ်​နတ်​ကို ဆီး​တား​ကြ​လော့။ သို့​ပြု​လျှင်၊ သူ​သည် သင်​တို့​ထံ​က ပြေး​သွား​လိမ့်​မည်။- ဘု​ရား​သ​ခင်၌ ချဉ်း​ကပ်​ကြ​လော့။ သို့​ပြု​လျှင်၊ သင်​တို့၌ ချဉ်း​ကပ်​တော်​မူ​လိမ့်​မည်။ အ​ပြစ်​ရှိ​သော​သူ​တို့၊ သင်​တို့​လက်​ကို စင်​ကြယ်​စေ​ကြ​လော့။ စိတ်​နှစ်​ခွ​ရှိ​သော​သူ​တို့၊ သင်​တို့​စိတ်​နှ​လုံး​ကို သန့်​ရှင်း​စေ​ကြ​လော့။”

ရှင်ယာကုပ်ဩဝါဒစာ ၄း၇-၈

သခင်ယေရှုခရစ်တော်ကဲ့သို့ ဘုရားသခင်၏အလိုတော်သို့လိုက်ကာ မာရ်နတ်ကိုဆီးတားသော ဘုရားသားသမီး လူငယ်များဖြစ်မည်အကြောင်း

မေတ္တာဖြင့်