Skip to content

“ထို​အ​ခါ ယေ​ရှု​က၊ ငါ၌ ဆည်း​ကပ်​လို​သော​သူ​ဖြစ်​လျှင် ကိုယ်​ကို​ကိုယ် ငြင်း​ပယ်​ရ​မည်။ ကိုယ်​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့ လိုက်​ရ​မည်။”
ရှင်မဿဲခရစ်ဝင် ၁၆း၂၄
“Then Jesus said to His disciples, “If anyone wants to come with Me, he must deny himself, take up his cross, and follow Me.”
Matthew 16:24

ယေရှုခရစ်တော်ရဲ့နောက်တော်သို့လိုက်ချင်သောသူ(ဆည်းကပ်လိုသောသူ)များပါတယ်။
ဒါပေမယ့် ကိုယ်လိုက်ချင်တဲ့ပုံစံနဲ့ လိုက်နေတာက ပိုများပါတယ်။

ဒီကနေ့ ခရစ်တော်နောက်လိုက်ပါ၊ အလိုဆောင်ကြပါလို့ အားတက်သရောတိုက်တွန်းနှိုးဆော်မှုတွေရှိပေမယ့် စိတ်မကောင်းစရာက ခရစ်တော်ကဘယ်သူဖြစ်တယ်ဆိုတာ၊ ဘာကြောင့် နောက်တော်သို့ လိုက်သင့်တယ်ဆိုတာကိုတော့ ပြောသောသူနှင့် သိချင်သောသူ အင်မတန်မှနည်းပါတယ်။

နောက်တော်သို့လိုက်ရာတွင် အရေးကြီးသည့် ပထမအချက်မှာ “ကိုယ်ကိုကိုယ်ငြင်းပယ်ခြင်း“ဆိုတဲ့ အချက်ပါ။ အဝလွန်နေသည့်လူတဦးရဲ့ ရည်ရွယ်ချက်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ဖြစ်သောကြောင့်၊ ထိုရည်ရွယ်ချက်ကို ထိခိုက်စေမည့် မိမိရဲ့ဆန္ဒတွေကို ငြင်းပယ်ဖို့ လိုအပ်လှပါတယ်။ ထိုနည်းတူပဲ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းဖို့ ဆော့ကစားနေသူဟာလည်း ထိုကြံ့ခိုင်မှုကို ထိခိုက်စေနိုင်မည့်အရာများကို ငြင်းပယ်ဖို့လိုအပ်ပါတယ်။
ဒါဆိုရင် ယေရှုခရစ်တော်နောက်သို့ လိုက်မည်ဟုဆုံးဖြတ်ထားလျှင် ကိုယ်ကိုကိုယ် မငြင်းပယ်ဘဲနှင့်တော့ မလိုက်ပါနဲ့။ ကြီးမြတ်သောသခင်ရဲ့ သဘော၊ အလို၊ ဆန္ဒတွေမှာ စိတ်ပါဝင်စားအလိုရှိခြင်းထက် ကိုယ့်သဘောအလိုဆန္ဒဖြင့်သာ လိုက်နေမည်ဆိုလျှင် ဒါဟာအမှန််တကယ်လိုက်ခြင်းဟု မဆိုနိုင်ပါ။ သခင့်နောက်သို့ လိုက်သည့်အရာမှာ သခင့်ရဲ့သဘောနှင့်ထပ်တူညီဖို့ လွန်ပင်အရေးကြီးပါတယ်။ ထိုမှသာ နောက်တဆင့်တည်းဟူသော သခင်နှင့်တူသော အသက်တာကိုဆက်လှမ်းနိုင်မှာဖြစ်ပါတယ်။

ဒုတိယအရေးကြီးသည့်အချက်မှာ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်းခြင်းပါ။
လက်ဝါးကပ်တိုင်ဟုဆိုသည်နှင့် ပထမဦးစွာနားလည်ရသည်မှာ ကျိန်ခြင်းကိုခံရသူ၊ အပြစ်ရှိသူကိုစီရင်သည့်နေရာဟု နားလည်ရပါတယ်။
ကျွန်ုပ်တို့ကိုချစ်သောသခင်သည် ကျွန်ုပ်တို့ကိုယ်စား ကျွန်ုပ်တို့အပြစ်တွက် ထိုလက်ဝါးကပ်တိုင်မှာ အသေခံခဲ့ပါတယ်။
ဒါဆိုရင် ကိုယ့်ကားတိုင်ဆိုတာ ဘယ်ကားတိုင်လဲ။

အ​ကြင်​သူ​သည် မိ​မိ​လက်​ဝါး​ကပ်​တိုင်​ကို ထမ်း၍ ငါ့​နောက်​သို့​မ​လိုက်၊ ထို​သူ​သည် ငါ​နှင့် မ​ထိုက်​မ​တန်။
ရှင်မဿဲခရစ်ဝင် ၁၀ : ၃၈

“အ​ကယ်​စင်​စစ် ကိုယ်​တော်​အ​တွက် အ​ကျွန်ုပ်​တို့​သည် အ​စဉ်​မ​ပြတ် အ​သေ​သတ်​ခြင်း​ကို ခံ​ရ​ကြ​ပါ၏။ သတ်​ဖို့​ရာ​ထား​သော သိုး​ကဲ့​သို့ အ​ကျွန်ုပ်​တို့​ကို သူ​တစ်​ပါး မှတ်​တတ်​ကြ​ပါ၏​ဟု ကျမ်း​စာ​လာ​သည်​နှင့်​အ​ညီ၊ ဆင်း​ရဲ​ငြို​ငြင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း၊ မွတ်​သိပ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့​ကြုံ​ခြင်း၊ ကွပ်​မျက်​ခြင်း​ကို ခံ​ရ​သော်​လည်း၊ ထို​အ​မှု​တို့​တွင် အ​ဘယ်​အ​မှု​သည် ခ​ရစ်​တော်၏ ချစ်​ခြင်း​မေ​တ္တာ​တော်​နှင့် ငါ​တို့​ကို ကွာ​စေ​မည်​နည်း။”
ရောမဩဝါဒစာ ၈း၃၆

ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းပြီးလိုက်ဆိုသည့်အရာမှာ ရွှေ၊ငွေ၊ကျောက်သံပတ္တမြားတွေနှင့် အလှဆင််ထားသည့် တန်ဖိုးကြီးမားလှသည့် အရာကိုပြောနေခြင်း မဟုတ်ပါဘူး။ ယေရှုကိုရရင် ကျန်းမာပြီ၊ ချမ်းသာပြီဆိုပြီး လည်ပင်းမှာ CROSS လော့ကတ်လေးနဲ့ ကျော့မော့နေဖို့ဆို ပိုလို့တောင်ဝေးပါသေးတယ်။
ကားတိုင်လမ်းဟာ မလွယ်ကူပါဘူး၊ မချောမွေ့ပါဘူး။
ကိုယ်ထမ်းရမည့် လက်ဝါးကပ်တိုင်ဟာ အပြစ်ဝန်နဲ့ မလေးလံပေမယ့်၊ ဒုက္ခအခက်ခဲတွေနဲ့ ကင်းမယ်ဆိုတာတော့ မဟုတ်ပါ။ အဖိုးအခကတော့ ရှိမြဲပါ။

အိုချစ်သောလူငယ် ခရစ်ယာန်တယောက်ဖြစ်လို့ ဂုဏ်ယူနေပါသလား။
ခရစ်တော်နောက်လိုက်ဖို့ရော သင်စိတ်အားထက်သန်ကာ ဆန္ဒပြင်းပြနေပြီလား။
ဒါဆိုရင်တော့ သခင်က ဂုဏ်ယူနေပါလိမ့်မယ်။

“ချစ်​သူ​တို့၊ သင်​တို့​ကို စုံ​စမ်း​စ​ရာ​ဖို့ ယ​ခု​ခံ​ရ​သော မီး​စစ်​ခြင်း​အ​ရာ​ကို​ကား၊ သင်​တို့၌ အံ့​ဩ​ဖွယ်​သော​အ​ရာ ဖြစ်​သည်​ဟု ထင်​မှတ်၍၊ အံ့​ဩ​ခြင်း မ​ရှိ​ကြ​နှင့်။- သင်​တို့​သည် ခ​ရစ်​တော်၏​ဆင်း​ရဲ​ကို ဆက်​ဆံ​ကြ​သည်​ဖြစ်၍၊ ဘုန်း​တော်​ပေါ်​ထွန်း​သော​အ​ခါ အ​လွန်​ဝမ်း​မြောက်​ရွှင်​လန်း​မည်​အ​ကြောင်း၊ ယ​ခု​ပင် ဝမ်း​မြောက်​ကြ​လော့။- ခ​ရစ်​တော်၏ နာ​မ​ကြောင့် ကဲ့​ရဲ့​ခြင်း​ကို​ခံ​ရ​လျှင် မင်္ဂ​လာ​ရှိ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ ဘုန်း​ကြီး​သော ဝိ​ညာဉ်​တော်​သည် သင်​တို့​အ​ပေါ်​မှာ ကျိန်း​ဝပ်​တော်​မူ၏။ သူ​တို့၌​ကား ကဲ့​ရဲ့​ခြင်း၊ သင်​တို့၌​ကား ချီး​မွမ်း​ခြင်း​ရှိ​တော်​မူ၏။- လူ​အ​သက်​ကို​သတ်​သော အ​ပြစ်၊ သူ့​ဥ​စ္စာ​ကို​ခိုး​သော အ​ပြစ်၊ ဒု​စ​ရိုက်​ကို​ပြု​သော အ​ပြစ်၊ သူ​တစ်​ပါး​အ​မှု၌ ရော​နှော​သော​အ​ပြစ် ရှိ၍၊ သင်​တို့​တွင် အ​ဘယ်​သူ​မျှ မ​ခံ​စေ​နှင့်။- ခ​ရစ်​ယာန်​ဖြစ်​သော​ကြောင့် ခံ​ရ​လျှင်​မူ​ကား၊ ရှက်​ကြောက်​ခြင်း မ​ရှိ​စေ​နှင့်။ ထို​အ​မှု​ကြောင့်​ခံ​ရ​လျှင် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​စေ။”
ရှင်ပေတရုသြဝါဒစာပထမစောင် ၄း၁၂-၁၆

ကိုယ်ကို ငြင်းပယ်ခြင်း မရှိ၊ လက်ဝါးကပ်တိုင်ထမ်းခြင်း မရှိရင်တော့ ခရစ်ယာန်အသက်တာဟာ မေးစရာမေးခွန်းများပါတယ်။
ယုံကြည်ခြင်းခရီးစဥ်မှာ ကိုယ်ကိုမငြင်းပယ်၊ လက်ဝါးကပ်တိုင်မထမ်းဘဲ လိုက်ခြင်းက လေးလံစွာလွတ်လပ်ခြင်းမျိုးပါ။
သို့သော်လည်း ကိုယ်ကိုငြင်းပယ်ကာ လက်ဝါးကပ်တိုင်ကိုထမ်း၍လိုက်ခြင်းက လွတ်လပ်စွာလေးလံခြင်းဖြစ်ပါတယ်။
ထိုလေးလံခြင်းကလည်း သခင့်ရဲ့ဂုဏ်တော်ကို ချီးမွမ်းစေပါတယ် ဆိုတာကို ဆင်ခြင်ရင်း

မေတ္တာဖြင့်