Skip to content

ဆယ်ကျော်သက်လူငယ်ဘဝမှာ ရည်းစားထားခြင်းဆိုတာ ထူးဆန်းတဲ့အရာတခုတော့မဟုတ်ပါဘူး။ လူငယ်သဘာဝ ဆန့်ကျင်ဖက်လိင်အပေါ် စိတ်ဝင်စား ရင်ခုန်ခြင်းက ဖြစ်ရိိုးဖြစ်စဥ်ပါပဲ။ သို့သော်လည်း ခေတ်ရဲ့ဆိုးယုတ်ခြင်းနဲ့အတူ ဖြစ်ရိုးဖြစ်စဥ်မဟုတ်တဲ့ သမီးရည်းစားထားခြင်းတွေဟာ လူမှုအသိုင်းအဝိုင်းမှာ နေရာယူလာနေပါတယ်။
“မ​တ​ရား​သော​မေ​ထုန်၌​မှီ​ဝဲ​သော ယောက်ျား​မိန်း​မ​တို့၊ လော​ကီ​မိတ်​သ​ဟာ​ယ​သည် ဘု​ရား​သ​ခင်​နှင့် ဆန့်​ကျင်​ဘက်​ဖြစ်​သည်​ကို မ​သိ​ကြ​သ​လော။ ဤ​လော​က​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လို​သော​သူ​သည် ဘု​ရား​သ​ခင်၏ ရန်​သူ​ဖြစ်၏။”
ရှင်ယာကုပ်ဩဝါဒစာ ၄း၄

ယနေ့ ခရစ်ယာန်လူငယ်တွေကို လေ့လာသုံးသပ်ကြည့်တဲ့အခါ ရည်စားထားခြင်းအရာကို အပျော်သဘောအနေနဲ့ ခုံမင်လာကြပါတယ်။ တည်ကြည်လေးနက်စွာဖြင့် တန်ဖိုးထားတတ်သူတွေဟာ အင်မတန်မှနည်းပါးလာပါတယ်။
အသင်းတော်တွင်းမှာ လူငယ်တွေအတွက် Dating နဲ့ပက်သက်တဲ့ ခွန်အားပေးတိုက်တွန်းမှုတွေအားနည်းခြင်း၊ လုံးဝမရှိခြင်း၊ မပြင်ဆင်ခြင်းတွေဟာ ရေရှည်မှာကောင်းမွန်တဲ့ အလားအလာမရှိနိုင်ပါ။
လူငယ်တွေဟာ အသင်းတော်ရဲ့ အနာဂတ်တို့၊ ထောက်တိုင်တို့ ဘာတို့ဆိုပြီး အားပေးပေမယ့် ပြုစု၊ မွမ်းမံ၊ သွန်သင်ပေးမှုတွေမရှိခြင်းက ဘရိတ်မရှိတဲ့ ကားကိုမောင်းနှင်စေသလိုပါပဲ။
နောက်ပြီး Living Together ဆိုတဲ့နေထိုင်မှုပုံစံကိုနှစ်သက်တဲ့ ခရစ်ယာန်တွေ ဒုနဲ့ဒေးရှိပါတယ်။ အများစုကလည်း “အတူတူနေတာနဲ့လိင်ဆက်ဆံတယ်ပဲထင်နေကြလား” ဆိုပြီး တုန့်ပြန်တတ်ကြပါသေးတယ်။ စေတနာနဲ့ သတိပေးလိုတာကတော့ လိင်ဆက်ဆံသည်ဖြစ်စေ၊ မဆက်ဆံသည်ဖြစ်စေ၊ ဘယ်လောက်ပဲချစ်ကြပါစေ ထိုသို့အတူနေထိုင်မှုပုံစံက ကာယကံရှင်နှစ်ဦးအတွက်တော့ ဘုရားစံနှုန်းနဲ့ မကိုက်ညီပါ။
ဘာကြောင့်ဒီလိုပြောရလဲဆိုရင် လူယောကျ်ားနှင့်လူမိန်းမ လူသားနှစ်ဦးပေါင်းဖက်ခြင်းကို အစပြုသူဟာသန့်ရှင်းသောဘုရားသခင်ဖြစ်လို့ပါပဲ။ ဘုရားရဲ့ အကြံအစည် အလိုတော်ကိုသိချင်ပါတယ်လို့ တဖွဖွပြောနေရင်း သန့်ရှင်းသောဘုရားသခင်က သူသန့်ရှင်းသည်အတိုင်း သန့်ရှင်းခြင်းရှိဖို့ဆိုတာကို မသိမှတ်ဂရုမစိုက်ခြင်းက အန္တရာယ်များပါတယ်။

“ခပ်​သိမ်း​သော သူ​တို့၌ မင်္ဂ​လာ​ဆောင်​ခြင်း​အ​မှု​နှင့် သ​စ္စာ​သံ​ဝါ​သ​ပြု​ခြင်း​အ​မှု​သည် အ​သေ​ရေ ရှိ​စေ​လော့။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု​သော​သူ​နှင့် သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ​ကို ဘု​ရား​သ​ခင်​စစ်​ကြော စီ​ရင်​တော်​မူ​လိမ့်​မည်။”
ဟေဗြဲဩဝါဒစာ ၁၃း၄
“Let marriage be held in honor among all, and let the marriage bed be undefiled, for God will judge the sexually immoral and adulterous.”
Hebrews 13:4

လူငယ်အများစုဟာ ရည်းစားထားခြင်းဆိုတဲ့အရာတခုကိုသာ ခေါင်းထဲထည့်ထားတတ်ကြပါတယ်။ အဲ့လိုထည့်ထားခြင်းကြောင့်လည်း မင်္ဂလာဆောင်ခြင်း၊ သံဝါသပြုခြင်းအရာတွေကို လေးလေးနက်နက်၊ ရင့်ရင့်ကျက်ကျက် တွေးခေါ်ကြံစည် ဆင်ခြင် ပြင်ဆင်ခြင်း အရာတွေမှာ အားနည်းကာ အပြစ်၏သွေးဆောင်ခြင်းထဲသို့ ကျရောက်သွားတတ်ကြပါတယ်။
ရည််းစားဘဝကနေ အိမ်ထောင်သည်ဘဝကို နေ့ချင်းညချင်း ရောက်သွားခြင်းက လွယ်ကူမည်တော့မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုရင် ချစ်လို့ ဆိုတဲ့စကားနဲ့စခဲ့တဲ့အရာက ဘုရားရှေ့၊ လူရှေ့မှာအကောင်အထည် ရုပ်လုံး ပေါ်မလာဘဲ မှောင်မိုက်ထဲမှာ ကိုယ်တိုင်ထုဆစ်လိုက်တော့ ပင်ပန်းရှက်ရွံ့မှုတွေသာ အဖတ်တင် ကျန်ရစ်သွားပါတယ်။

လိင်ဆက်ဆံခြင်းဆိုတာ အိမ်ထောင်သည်နှစ်ဦးအတွက် ဘုရားပေးတဲ့ဆုပါ။ သွေးသားအပြစ်ရဲ့လွှမ်းမိုးခြင်းကြောင့် မင်္ဂလာဆောင်ခြင်းအရာထက် လိင်ဆက်ဆံခြင်းကိုသာ ဦးစားပေးလိုချင်တက်မက်လာကြပါတယ်။
ဘုရားကိုယ်တိုင်စီရင်စစ်ကြောမည့်အရာကို လွန်ကျူးထားတောင် ဘုရားခွင့်လွှတ်မှာပါ။ ကျေးဇူးတော်ပဲဆိုပြီးနှုတ်ကနေရေရွတ်ကာ သာမန်မျှသာမမှတ်ပါနှင့်။
သင်ဟာ လွန်ကျူးခဲ့ဘူးသူဆိုရင် နောင်တနဲ့ သခင့်ဆီပြန်လည်တိုးဝင်လာပါ။ နောင်တလည်း ပါမလာ၊ နောင်တလည်း မရဘူးဆိုရင် ဒီအရာကို နောင်လည်း အမြဲ “တ” နေမှာပါ။
ချစ်သောလူငယ် သင်ရည်းစားထားတာကို စာရေးသူအနေနဲ့ ဝေဖန်ပိုင်ခွင့်မရှိသလို၊ ရည်းစားမထားဖို့ရန် တိုက်တွန်းနေခြင်းလည်း မဟုတ်ပါ။
သို့သော်လည်း အပြစ်ပြုဖို့ရန်လွယ်ကူသော၊ အပြစ်များသော၊ အပြစ်နောက်သို့လိုက်နေသော လောကရဲ့စီးချောင်းထဲမှာမျောပါသွားမည့်အဖြစ်ကိုတော့ မလိုလားပါ၊ မကြုံတွေ့စေချင်ပါ။

“လူ​ပျို​တို့၊ သင်​တို့​သည် ခွန်​အား​နှင့်​ပြည့်​စုံ၍၊ ဘု​ရား​သ​ခင်၏​နှုတ်​က​ပတ်​တော်၌ မှီ​ဝဲ​ဆည်း​ကပ်​သ​ဖြင့် မာရ်​နတ်​ကို အောင်​သော​ကြောင့်၊ သင်​တို့​အား ငါ​ရေး၍ ပေး​လိုက်​ခဲ့​ပြီ။”
ရှင်ယောဟန်ဩဝါဒစာပထမစောင် ၂း၁၄

“အို ချစ်သောလူငယ်
ခွန်အားနှင့်ပြည့်စုံသောအရွယ်
နှုတ်ကပတ်တော်၌မှီဝဲဆည်းကပ်ကွယ်
မာရ်နတ်ကိုအောင်သော မျိုးဆက်အနွယ်”

မေတ္တာများစွာဖြင့်