Skip to content

“ကျွန်တော့်မှာ ဘာဆုကျေးဇူးမှမရှိဘူးထင်တယ်”
“ကျွန်မကတော့ ဆုကျေးဇူးမခံစားရဘူးထင်တယ်”
ဆိုပြီး လူငယ်တွေရဲ့ ဆုကျေးဇူးနဲ့ပက်သက်လို့ ပြောလာတဲ့စကားတွေကြားဖူးပါတယ်။
ဝိညာဥ်ဆုကျေးဇူး (spiritual gifts) မရှိတာ၊ မခံစားရတာထက်၊ ဆုကျေးဇူးဟာ ဘာအတွက်ဖြစ်တယ် ဆိုတာကို မသိခြင်းက ပိုမှန်ပါလိမ့်မယ်။

တချို့ဆို မွေးရာပါစွမ်းရည်တွေကို ဝိညာဥ်ဆုကျေးဇူးနဲ့အမှတ်မှားတတ်ကြပါသေးတယ်။
မိဘက ခရစ်ယာန်ဖြစ်လို့ ခရစ်ယာန်အသိုင်းအဝိုင်းကနေ ကြီးပြင်းလာသောကြောင့် အသင်းတော်မှာ musicနဲ့ပက်သက်တာတွေ၊ တူရိယာတွေ၊ အသံကိုကျွမ်းကျင်ပိုင်နိုင်စွာ သီဆိုတီးမှုတ်နိုင်ခြင်းတွေက ဆုကျေးဇူးလို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါတယ်။
နောက်ပြီး လောကီပညာရပ်တွေမှာကျွမ်းကျင်သူအသင်းသူ အသင်းသားတွေကို(ဥပဒေပညာ၊ စီးပွားရေးပညာ၊ စီမံခန့်ခွဲခြင်းပညာ—စသည်) အသင်းတော်ရဲ့လိုအပ်မှုတွေမှာ ပါဝင်ပေးခြင်းကလည်း ဆုကျေးဇူးနဲ့ထင်ယောင်မှားဖြစ်တတ်ပြန်ပါသေးတယ်။
ဂီတနဲ့ပဲဖြစ်ဖြစ်၊ လောကီပညာရပ်နဲ့ပဲဖြစ်ဖြစ် ကိုယ့်အသင်းတော်တွက်ပါဝင်တာ အင်မတန်မှကောင်းမွန်တဲ့အရာပါ။ ကိုယ်သင်ယူလို့၊ ကိုယ်ကြိုးစားလို့ရလာတဲ့ အရာတွေနဲ့ပြန်လည်ဆက်ကပ်တာ မွန်မြတ်ပါတယ်။
ဒါပေမယ့် အဲ့ဒီလိုပါဝင်နိုင်စေဖို့ ကြီးမားတဲ့တွန်းအားက ဘုရားပေးဆုကျေးဇူးဖြစ်ဖို့လိုပါတယ်။ ဝိညာဥ်ဆုကျေးဇူးနဲ့ အသင်းတော်ကို ပါဝင်ဆက်ကပ်ခြင်းက အထူးပင်အရေးကြီးပါတယ်။
ဘာကြောင့် ဒီလိုပြောရလဲဆိုရင် အသင်းတော်တွေမှာ Talented၊Educated တွေကနေရာပိုပေးခံရပြီး spiritual gifts ရှိသူတွေကတော့ လိုမှသာအသုံးပြုခံနေရသောကြောင့်ပင်။

သို့​ဖြစ်၍ သင်​တို့​သည် ဝိ​ညာဉ်​ဆု​ကျေး​ဇူး​တော်​တို့​ကို အ​လွန်​အ​လို​ရှိ​ကြ​သည်​တွင်၊ အ​သင်း​တော်​ကို တည်​ဆောက်​ခြင်း​ငှာ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း ကြိုး​စား​ကြ​လော့။
ကောရိန္သုဩဝါဒစာပထမစောင် ၁၄း၁၂

So also you — since you are zealous for spiritual gifts, seek to excel in building up the church.
1 Corinthians 14:12

ဝိညာဥ်ဆုကျေးဇူးတော်ကို အလွန်အလိုရှိချင်ခြင်းက အသင်းတော်ကိုတည်ဆောက်ခြင်းဖို့ဖြစ်ပါတယ်။ အပတ်တိုင်းတတ်နေတဲ့ အသင်းတော်မဟုတ်ပါဘူး။ ခရစ်တော်ရဲ့အသင်းတော်ပါ။
ဒါကြောင့်အသင်းတော်တပါးဟာ(ဘယ်ဂိုဏ်းဂဏပဲဖြစ်ဖြစ်) ဝိညာဥ်ဆုကျေးဇူးအားဖြင့်မဟုတ်ပဲ၊ ဝိညာဥ်ဆုကျေးဇူးကိုအလွန်အလိုမရှိပဲ ကြိုးစားအားထုတ်နေပြီဆိုလျှင် ခရစ်တော်၏အသင်းတော်အဖို့လို့ငှာမဟုတ်ဘဲ ကိုယ်အဖို့သာဖြစ်နေပါပြီ။

အသင်းတော်ကို တည်ဆောက်ခြင်းနှင့် အသင်းတော်မှာပါဝင်ခြင်းကမတူညီပါဘူး။
ဥပမာဆိုရရင် ယေဘုယျအားဖြင့် အသင်းတော်မှာပါဝင်တယ်လို့ပြောတဲ့အခါ အသင်းသားဖြစ်သောကြောင့် ပြည်တွင်းမှာရှိနေသူတွေရော၊ ပြည်ပမှာရှိနေသူတွေပါ ပုံမှန်အားဖြင့် အလှူငွေနဲ့ပါဝင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအလှူငွေတွေက အသင်းတော်ရဲ့သာရေးနာရေး၊ လူမှုရေး၊ အထွေထွေဝေယျာဝိစ္စ၊ အသင်းတော်အမှုတော်ဆောင်တွေအတွက်၊ သာသနာအတွက်အသုံးပြုသွားပါလိမ့်မယ်။
အသင်းသားဖြစ်လို့ ကိုယ့်အသင်းတော်ကိုပါဝင်ပေးကူလှူရတာ မထူးဆန်းပါဘူး။
ဒါဟာတာဝန်အရလှူတာပါ။
သို့သော် ရက်ရောစွာလှူဒါန်းဝေငှခြင််းကတော့ လူတိုင်းမှာမရှိပါ။ ဘာကြောင့်လဲဆိုရင် ပေးတော်မူသောကျေးဇူးတော်အတိုင်း အသီးသီးအပြားပြားသောဆုကို ခံစားရကြလို့ပါပဲ။

ဘဝပေးအခြေအနေအရ၊ လောကဓံအရတော့ အသင်းတော်မှာ ဆင်းရဲချမ်းသာ၊ လူတန်းစားအလွှာမျိုးစုံရှိနေမှာပါပဲ။
ဒါပေမယ့် ခရစ်တော်၌တကိုယ်တည်းဖြစ်ပြီး အသီးသီးအင်္ဂါချင်းဖြစ်တယ်ဆိုတဲ့ အချက်ကသာ ခရစ်တော်၏အသင်းတော်ကိုတည်ဆောက်တာဖြစ်ပါတယ်။
ပညာအရည်အချင်း အဆင့်အတန်းကွာဟမှုတွေရှိပါလိမ့်မယ်။ သို့သော် သခင်ဟာသူ့အသင်းတော်အတွက်ပေးတဲ့ကျေးဇူးတော်အတိုင်း

ထို​သို့​ပေး​တော်​မူ​သော ကျေး​ဇူး​တော်​အ​တိုင်း ငါ​တို့​သည် အ​သီး​သီး​အ​ပြား​ပြား​သော ဆု​များ​ကို​ခံ​ရ​သည်​ဖြစ်၍၊
*ပ​ရော​ဖက်​အ​ရာ​ရှိ​လျှင်၊ ယုံ​ကြည်​ခြင်း၏​ပ​မာ​ဏ​ကို ရ​သည်​အ​တိုင်း ပ​ရော​ဖက်​ပြု​ကြ​ကုန်​အံ့။
*ဓ​မ္မ​ဆ​ရာ​အ​ရာ​ရှိ​လျှင်၊ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ဆောင်​ရွက်​ကြ​ကုန်​အံ့။
*ဆုံး​မ​ဩ​ဝါ​ဒ​ပေး​သော​သူ​သည် ထို​အ​မှု​ကို​ဆောင်​ရွက်​စေ။
*နှိုး​ဆော်​သွေး​ဆောင်​သော​သူ​သည် ထို​အ​မှု​ကို ဆောင်​ရွက်​စေ။
*အ​စွန့်​အ​ကြဲ​ဝေ​ငှ​သော​သူ​သည် လျစ်​လျူ​သော​စိတ်​နှင့် ဝေ​ငှ​စေ။
*အုပ်​ချုပ်​သော​သူ​သည် လုံ့​လ​ဝိ​ရိ​ယ​နှင့် အုပ်​ချုပ်​စေ။
*မ​စ​သ​နား​ခြင်း အ​မှု​ကို​ပြု​သော​သူ​သည် စေ​တ​နာ​စိတ်​နှင့်​ပြု​စေ။
ရောမဩဝါဒစာ ၁၂း၆-၈

ငါ​ချစ်​သော​ညီ​အစ်​ကို​တို့၊ အ​လွဲ​မ​ယူ​ကြ​နှင့်။ ကောင်း​မြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။- ထို​အ​ဘ​သည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။
ရှင်ယာကုပ်ဩဝါဒစာ ၁း၁၆-၁၇

ချစ်သောလူငယ် သင့်မှာ ဆုကျေးဇူးမရှိဘူး၊ မခံစားရဘူးဆိုတာ ကိုယ့်ကိုကိုယ် သူတပါးနှင့် နှိုင်းယှဥ်နေမိလို့ပါ။
ဆုတောင်းပါ၊ မိမိသင်းအုပ် သို့မဟုတ် မိမိဝိညာဥ်ရေးကိုပြုစုပေးသူရှိလျှင် တိုင်ပင်ပါ။ အထူးသဖြင့်ကျမ်းစာဖတ်ပါ။ သင့်အတွက် ဘုရားအလိုတော်နှင့်အကြံအစည်သည် ဘုရားစကား၌သာရှိသည်။
ကိုယ်ရှိနေသည့်အသင်းတော်မှာ တတ်စွမ်းသ၍ကြိုးစားဆက်လက်ပါဝင်ပါ။
တချိန်တည်းမှာပဲ ကိုယ့်ရဲ့ဆုကျေးဇူးတွေ ကိုသိမြင်လာလျှင်လည်း ဆက်လက်အသုံးခံပါ။

ထို​သို့​ဖြစ်၍၊ ငါ​လက်​တင်​သော​အား​ဖြင့်၊ သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကို နှိုး​ဆော်​မည်​အ​ကြောင်း၊ ငါ​သည် သင့်​ကို​သ​တိ​ပေး၏။-
တိမောသေဩဝါဒစာဒုတိယစောင် ၁း၆
For this reason I remind you to fan into flame the gift of God, which is in you through the laying on of my hands,
2 Timothy 1:6

ဆုကျေးဇူးဆိုတာ ဝါကြွားစရာမဟုတ်သလို၊ မာနထောင်လွှားဖို့လည်းမဟုတ်ပါဘူး။
ချစ်သောလူငယ်တို့ လောကီအောက်အရပ်မှာ သင်ယူရတဲ့ပညာတွေတောင် သက်ဆိုင်ရာနယ်ပယ်တွေမှာ အသုံးဝင် အလုပ်ဖြစ်တယ်ဆိုရင်၊ အထက်အရပ်ကောင်းကင်အဘထံမှလာတဲ့ ဆုကျေးဇူးတွေဆိုရင် အသင်းတော်ကိုမည်မျှ အကျိုးဖြစ်ထွန်းစေမည်ကိုဆင်ခြင်လျက် ရှာဖွေစောင့်ရှောက်ပါမည်အကြောင်းနှိုးဆော်ရင်း

မေတ္တာဖြင့်