Skip to content

ခရစ်စမတ် ပါတီတခုမှာပေါ့ မတွေ့တာကြာပြီဖြစ်တဲ့ ရင်းနှီးတဲ့အစ်ကိုတယောက်က ကျွန်တော်ကိုတွေ့တော့ သူ့လက်ထဲက ဝီစကီခွက်ကို မြောက်ရင်း “ညီလေး ရော့ ချ” ဆိုပြီးပြောလာတဲ့အခါ ကျွန်တော်ကလည်း မဆိုင်းမတွ ငြင်းလိုက်ပါတယ်။ ဒါနဲ့သူကလည်း ဇွဲမလျော့ဘဲ “ဒါဆိုလည်း အပျော့ချကွာ” ဆိုပြီး ဘီယာတစ်ဗူး ကမ်းပေးပါတယ်။ ကျွန်တော်ကလည်း မဆိုင်းမတွထပ်ငြင်းတဲ့အခါ သူက “မင်းကထူးဆန်းလိုက်တာ”လို့ပြောပါတယ်။ ကျွန်တော်လည်း သူ့ကိုနှုတ်ဆက်ရင်း အဲ့နေရာကနေ ထွက်လာခဲ့ပါတော့တယ်။ အခုဒီစာကိုရေးနေချိန်မှာတော့ သူလောကထဲမှာမရှိတော့ပါဘူး။

လွန်​ကျူး​စေ​တတ်​သော စ​ပျစ်​ရည်​နှင့် ယစ်​မူး​ခြင်း​ကို​ရှောင်၍ ဝိ​ညာဉ်​တော်​နှင့် ပြည့်​စုံ​လျက်​ရှိ​ကြ​လော့။
ဧဖက်ဩဝါဒစာ ၅း၁၈
And do not get drunk with wine, for that is debauchery, but be filled with the Spirit,
Ephesians 5:18

အရက်သောက်လို့ရလားဆိုတဲ့ မေးခွန်းက ခဏခဏကြားရပါတယ်။ တကယ်တော့ ဒီလိုမေးခွန်းကို မေးတဲ့သူအများစုက ခရစ်ယာန်တွေပါပဲ။ မေးရခြင်းကလည်း သောက်ချင်သောကြောင့်ပါပဲ။ ပြဿနာက အရက်မှာမဟုတ်ပါဘူး။ အခုလိုပြောလိုက်လို့ စာရေးသူက အရက်မသောက်ပါဘူး။ အရက်သောက်တာကိုလည်း အားမပေးပါဘူး။ ဆိုလိုချင်တာက အရက်၊ ဝိုင်တချို့ဟာ ရောဂါဘယတချို့အတွက် ဆေးဖက်ဝင်တယ်လို့ ကျန်းမာရေးအသိပညာပေးတချို့မှာ ဖော်ပြထားတယ်ဆိုတာကိုပါ။ ဒါပေမယ့် အတိုင်းအဆ ပမာဏတော့ နားလည်ဖို့လိုပါတယ်။
အရက်မသောက်ပါနဲ့ကွာလို့ စေတနာနဲ့သတိပေးသော်လည်း သောက်ချင်တဲ့သူကတော့ သောက်နေမှာပါပဲ။ သို့သော် တခုတော့သတိပေးချင်ပါတယ် အသက်တာကို အရက်နှင့် ဖြည့်နေသ၍ သင်ရလာမည့်တခုတည်းသော ဂုဏ်ပုဒ်ကတော့ “အရက်သမား/မ” ဆိုတာပါပဲ။ အရက်၊ဝိုင်၊ဘီယာ ဆိုတာတွေကို ဘာရယ်မဟုတ်ဘူးဆိုပြီးသောက်တာကနေစကြတာပါပဲ။
အဲ့ဒီ ဘာရယ်မဟုတ်တာကနေ ဘာတွေဖြစ်လာသလဲဆိုတာ ကြုံတွေ့ဖူးသူတချို့တွေကောင်းကောင်းကြီးသဘောပေါက်ကြပါတယ်။ စတိုင်ကျဖို့သောက်ရင်း အထိုင်ကျသွားတဲ့အဖြစ်တော့ မဖြစ်ချင်ပါနဲ့။

“မူးရင်မမောင်းနဲ့ မောင်းရင်မမူးနဲ့” ဆိုတဲ့ယာဥ်စည်းကမ်းနဲ့ပက်သက်တဲ့ သတိပေးစကားကိုကြားဖူးကြမှာပါ။ သတိပေးစကားကို သတိမထား အလေးမပေးလို့ ဆုံးရှုံးခဲ့ရတဲ့ အသက်ပေါင်းလည်းမနည်းတော့တာ ယနေ့ထိပါပဲ။
ဒါကြောင့် ယစ်မူးခြင်း(drunk) က လွန်ကျုးခြင်း(debauchery)ကိုဖြစ်စေတယ်။ ဆိုလိုချင်တာက သောက်စားယစ်မူးခြင်းကို ပျော်မွှေ့လိုက်စားတတ်လာမယ်။ ဒါကိုပဲ အချိန်တိုင်းဖြည့်ချင်နေလာမယ်။
အခုဆို ကိုဗစ်ရောဂါကြောင့် အသင်းတော်တွေသာ မဖွင့်တာ အရက်ရောင်းတဲ့ဆိုင်၊ ဘီယာဆိုင်တွေကတော့ဖွင့်တယ်ဗျာ။ အဲ့ဆိုင်တွေကို အားပေးမပျက်တဲ့အထဲမှာ ခရစ်ယာန်လူငယ်လေးတွေ ထိပ်ဆုံးမှာ ပါနေတာ စိတ်မကောင်းစရာပါပဲ။ ယစ်မူးချင်တဲ့သူတွေ၊ ယစ်မူးခြင်းကို လိုချင်သူတွေများလာတဲ့သဘောပါပဲ။

ယစ်မူးခြင်းနဲ့အချိန်တိုင်းပြည့်တဲ့လူငယ်တွေများလာပြီး ဝိညာဥ်တော်နှင့်ပြည့်တဲ့လူငယ်တွေကတော့ အင်မတန်မှ ရှားလာပါတယ်။ ဘာကြောင့်လဲလ်ို့ ပြောရရင် ဝိညာဥ်တော်နှင့် မဖြည့်လို့ပါပဲ။ ပြဿနာကိုမီးမောင်းထိုးရလျှင်လည်း ဝိညာဥ်တော်နှင့်ပြည့်ကြပါလို့ဆိုတဲ့ တရားသာဟောလိုက်ပြီး၊ ဝိညာဥ်ရေးရာပြုစုဖို့မှာတော့ အားထုတ်ခြင်းငှာ မကြိုးစားသောကြောင့်ပါပဲ။ လူငယ်ကြိုးစားခြင်း လို့အမည်တွင်ပေမယ့် “ဝ” မရှိပဲ “ဝိ” လုပ်သော ကြိုးစားခြင်းသာဖြစ်နေပါတော့တယ်။ ပြောရရင် ဝိညာဉ်တော်မပါသော ဝိညာဉ်ရေးပေါ့။

အဒွန့်တက်တဲ့ လူငယ်တချို့လည်းရှိပါသေးတယ်။ ဘယ်လိုမျိုးလဲဆိုရင် “သခင်ခရစ်တော်တောင် ရေကို စပျစ်ရည်အဖြစ်ပြောင်းပေးသေးတာပဲ၊ ဒါဆိုသောက်လို့ရတာပေါ့” ဆိုပြီး သခင်ခရစ်တော်ရဲ့အံ့ဩဖွယ်အမှုအရာကို ချီးမွမ်းအံ့ဩရမည့်အစား သောက်ချင်စိတ်ကိုသာရှေ့တန်းတင် အနက်ပြန်ခြင်းကလည်း အလွန်ပင်အန္တရာယ်များပါတယ်။ နိမိတ်လက္ခဏာ မှာဘုရားရဲ့ရည်ရွယ်ချက်နဲ့တန်ခိုးတော်ကိုမြင်တတ်ဖို့အလွန်ပင်အရေးကြီးပါတယ်။
ဗိုက်နာခြင်းဝေဒနာကို မကြာမကြာခံစားနေရတဲ့ လူငယ်လေးတိမောသေကိုရှင်ပေါလုက

“သင်၏​ရင်​ထဲ၌ အ​ကျိုး​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မ​ကြာ​မ​ကြာ​ခံ​ရ​သော ရော​ဂါ​ကြောင့်​လည်း​ကောင်း၊ ယ​ခု​မှ​စ၍ ရေ​ကို​သာ မ​သောက်​ဘဲ၊ စ​ပျစ်​ရည်​အ​နည်း​ငယ်​ကို သုံး​လော့။”
တိမောသေဩဝါဒစာပထမစောင် ၅း၂၃

“Don’t continue drinking only water, but use a little wine because of your stomach and your frequent illnesses.”
1 Timothy 5:23

အနည်းငယ်(little)ပါပဲ။ အဲ့အနည်းငယ်ကလည်း ကျန်းမာရေး(stomach and frequent illnesses)အတွက်ပါပဲ။ မူးရူးနေတဲ့အမှုတော်ဆောင် လူငယ်လေးတိမောသေဖြစ်လာဖို့မဟုတ်ပါဘူး။

ပင်တေကုတ္တေပွဲနေ့ မှာ ကတိတော်ထားရာဝိညာဉ်တော် ဆင်းသက်တဲ့အခါ အဲ့ဒီမှာစည်းဝေးနေတဲ့တပည့်တော်တွေဟာ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ပြီးတော့ အမျိုးမျိုးသောဘာသာ စကားအားဖြင့်ဟောပြောတဲ့အခွင့်ကိုရကြတယ်။ ဒါကိုမြင်ရ၊ ကြားရတဲ့အခါမှာ လူတွေအံ့ဩ မိန်းမောတွေဝေကြတယ်။
ဒါပေမယ် လူတချို့ကတော့ ဘယ်လိုပြောလဲဆိုရင်
“လူ​အ​ချို့​တို့​က၊ ဤ​သူ​တို့​သည် ချို​သော​စ​ပျစ်​ရည်​နှင့် ပြည့်​ဝ​သည်​ဟု ကဲ့​ရဲ့​ပြော​ဆို​ကြ၏။”
‭‭တမန်တော်ဝတ္ထု ၂:၁၃

ဝိညာဉ်တော်နှင့်ပြည့်ဝနေတဲ့တပည့်တော်တွေကို ဒီလူတွေ မူးနေတာပါဆိုပြီး လူတစုက ကဲ့ရဲ့ခဲ့ကြတယ်။
ဒီကနေ့ကာလမှာတော့ ပြောင်းပြန်ဖြစ်နေတယ်။ မူးတဲ့အချိန် သောက်စားထားတဲ့အချိန်ကျမှ ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီး ဓမ္မသီချင်းတွေဟစ်ဆို၊ တရားတွေဆွေးနွေးနဲ့ ဘေးကနေဖြတ်သွားတဲ့ ဘုရားတရားကိုင်းရှိုင်းတဲ့မယုံကြည်သူအတွက် အသက်ရှင်တဲ့ဘုရားကိုမရသွားရုံတင်မက ယုံကြည်ဖို့ရန်စိုးစဉ်းမျှစဉ်းစားလိမ့်မည်ဟု အိုချစ်သောလူငယ် သင်ထင်ပါသလား။
အရက်သေစာနဲ့ ယစ်မူးနေတဲ့အချိန်မှာ ဘုရားကိုလိုအပ်တယ်၊ ဘုရားစကားပြောတယ်ကွာလို့ ဆိုလာရင် သတိထားပါ။ အဲ့ဒါဘုရားမဟုတ်ပါ။ သန့်ရှင်းတဲ့ဘုရားက သင့်ကိုသန့်ရှင်းတဲ့နှုတ်ကပတ်တော်နှင့်သာ စကားပြောမှာပါ။

အိုချစ်သောလူငယ် သင်ဘာတွေဖြည့်ပြီး ဘာတွေပြည့်နေလဲ။ သင်ဖြည့်နေတဲ့အရာကသာ သင့်အသက်တာမှာ ထင်ရှားမှာပါ။
“စ​ပျစ်​ရည်​သည် လှည့်​စား​တတ်၏။ သေ​ရည် သေ​ရက်​သည် ရုန်း​ရင်း​ခတ်​ပြု​ခြင်း​အ​မှု​ကို ဖြစ်​စေ​တတ်၏။ ထို​သို့​သော​အား​ဖြင့် မှား​ယွင်း​သော​သူ​သည် ပ​ညာ​မ​ရှိ။”
သုတ္တံကျမ်း ၂၀:၁

ယစ်မူးပြီး လွန်ကျူးကာ မှားယွင်းချင်တဲ့သူမဖြစ်ဘဲ၊ ဝိညာဥ်တော်နှင့်ဖြည့်လျက် ပြည့်ကာ ပညာရှိလျက်အသက်ရှင်မည်အကြောင်း
မေတ္တာဖြင့်