Skip to content

မိဘတွေက သားသမီီးတွေကို အဲ့ဒါတွေမလုပ်နဲ့နော်၊ အဲ့ဒီလူတွေနဲ့မပေါင်းနဲ့နော် စသည်ဖြင့်သတိပေးဆုံးမရင် ဟုတ်ကဲ့လို့ပြောပြီး နားမထောင်တဲ့ သားသမီးတွေကပိုများပါတယ်။
စန်းဒေးစကူးမှာ၊ လူငယ်အစီစဥ်မှာဆိုရင်တော့ လူ့အမြင်မှာ ပါဝင်ဆပ်ကပ်သလိုရှိပေမယ့်၊ ဆရာသမား ဆရာ ဆရာမတွေရှေ့မှာတော့ သဘောကျအားထားစရာဖြစ်နေပေမယ့် တကယ့်လက်တွေ့လောကထဲနဲ့ ကိုယ့်ရဲ့မိသားစုအိမ်ထောင်မှာတော့ ဘုရားနဲ့မိဘကို ပုန်ကန်တဲ့နေရာမှာ ဗိုလ်စွဲပါတယ်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။
တရားဟောရာကျမ်း ၅း၁၆

ထာဝရဘုရားသခင်ကိုယ်တော်တိုင်ကပင်လျင် ကိုယ့်မိဘကိုရိုသေစွာပြုဖို့ပြောခဲ့တဲ့စကားပါ။ ဣသရေလလူတို့ကို ဘုရားသခင်ပေးတဲ့ ပညတ်တော် ၁၀ ပါး မှာတပါးအပါအဝင်ပါ။
ပိုပြီးထူးခြားတာက ဤပညတ်တခုတည်းသာ ကတိတော်ယှဥ်လျက်ပါလာခြင်းပါပဲ။
မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။ ဤ​ပ​ညတ်​တော်​ကား၊ သင်​သည် ပြည်​တော်၌ ကောင်း​စား၍ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း ဟူ၍ က​တိ​တော်​နှင့်​ဆိုင်​သော ပ​ထ​မ​ပ​ညတ်​ဖြစ်၏။
ဧဖကျဩဝါဒစာ ၆း၂-၃

ချစ်သောလူငယ် သင့်နှင့်သင့်မိဘရဲ့အခြေအနေ၊ ဆက်ဆံရေးကို စာရေးသူမသိပါဘူး။ ချစ်သောလူငယ်ကိုယ်တိုင်သာ အသိဆုံးပါ။
မိဘကိုရိုသေစွာပြုခြင်းမှာ ဘာအကျိုးမှလျော့မသွား ယုတ်မသွားဘူးနော်။
အသက်တာရှည်၍ ကောင်းစားခြင်းပဲရှိပါတယ်။ ဒါဟာဘုရားရဲ့ ကတိပါ။
နောက်ပြီးသတိပေးချင်တာက ကိုယ့်မိဘကို ဘွားတော်ကြီး ဘိုးတော်ကြီးဆိုပြီး မခေါ်ပါနဲ့။ အင်မတန်မှ ရိုင်းပျတဲ့အသုံးအနှုန်းပါ။ ကိုယ့်လူမျိုးဘာသာစကားနဲ့ခေါ်ဆိုရတာ နားဝင်ချိုယဥ်ကျေးလှပါတယ်။

သား​သ​မီး​တို့၊ မိ​ဘ​စ​ကား​ကို အ​ရာ​ရာ၌ နား​ထောင်​ကြ​လော့။ မိ​ဘ​စ​ကား​ကို နား​ထောင်​ခြင်း​အ​မှု​သည် သ​ခင်​ဘု​ရား နှစ်​သက်​တော်​မူ​သော အ​မှု​ဖြစ်၏။
ကောလောသဲဩဝါဒစာ ၃း၂၀

Children, obey your parents in everything, for this pleases the Lord.
Colossians 3:20

မိဘစကားကို အရာရာ၌(in everything)နားထောင်ခြင်း(obey)ကသခင်ဘုရားနှစ်သက်တဲ့အမှုပါ။ ကိုယ်နားထောင်ချင်တဲ့ စကားကိုပဲနားထောင်ပြီး ကိုယ့်ကိုကိုယ်ကျေနပ်ဖို့မဟုတ်ပါဘူး။
ကိုယ့်နဲ့ အနီးကပ်ဆုံး၊ အရင်းနှီးဆုံးဖြစ်တဲ့ မိဘစကားတောင် အရာရာ၌နားမထောင်ချင်ရင်၊ ကျွန်ုပ်တို့နဲ့အတူရှိတဲ့ ဘုရားရဲ့စကားတိုင်းကို ဘယ်လိုနားထောင်မလဲ။

မိဘဆိုတာ အသက်ရှင်တဲ့ဘုရားသခင်နှင့် ဦးစွာမိတ်ဆက်ပေးသူတွေပါ။
ဒီလိုမိတ်ဆက်ပေးတဲ့ သူတွေကို သင်ရိုသေပြီး၊ သူတို့ရဲ့စကားကိုအရာရာ၌နားထောင်ဖို့ ကိုယ်တော်အလိုရှိပါတယ်။ သင်ဟာ အမှုတော်ဆောင်မိဘရဲ့သားသမီးဆိုရင် အထူးသတိပြုပါ။ အလိုတော်နှင့်အညီ ဆုံးမဖို့ပျက်ကွက်နေရင်တောင်မှ သင်ကအလိုတော်နှင့်အညီ ရိုသေနားထောင်ဖို့ မမေ့ပါနှင့်။
အိုချစ်သောလူငယ် ဘုရားရဲ့အလိုတော်ကိုသိပြီး၊ သခင်ဘုရားကိုနှစ်သက်စေချင်တဲ့အသက်တာနှင့်အသက်ရှင်ချင်ပါသလား။
ဒါဆိုရင် ကိုယ်မိဘကိုရိုသေစွာပြုပါ၊ အရာရာ၌သူတို့ရဲ့စကားကိုနားထောင်ပါ။
ပြည်တော်၌အသက်တာရှည်၍ကောင်းစားမှာပါ။

မေတ္တာဖြင့်