တခါက ဖူဆယ်ကစားကွင်းမှာ ဘောလုံးကစားရင်း ဘေးကပ်ရပ်ကွင်းမှာ ဆယ်ကျော်သက်လူငယ်လေးတွေလည်း ကစားနေကြတာကိုသတိထားမိပါတယ်။
ဒါနဲ့ကစားလို့ပြီးတော့ ဖိနပ်တွေချွတ် အင်္ကျီလဲနေချိန် ဘာကိုမြင်လိုက်ရလဲဆိုတော့ အဲ့ဒီလူငယ်လေးတွေ ဘောလုံးမကစားကြဘဲ ကွင်းထောင့်မှာ စုပြုံပြီး ဖုန်းကြည့်ကာ စကားတွေလည်း တတွတ်တွတ်ပြောဆိုနေကြပါသေးတယ်။
အဲ့အချိန်မှာ စကားသံတခုထွက်လာပါတယ် “ဖုန်းထဲကို ဝင်ချင်လိုက်တာကွာ” ဆိုတဲ့စကားပဲဖြစ်ပါတယ်။
သဘောပေါက်လိုက်ပါတယ် သူတို့ဘာကိုကြည့်ပြီး ဒီလိုစကားသံထွက်လာသလဲဆိုတာကိုပေါ့။
“ငါသည်အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။”
ယောဘဝတ္တု ၃၁း၁
“I have made a covenant with my eyes; how then could I gaze at a virgin?
Job 31:1
ဒီစကားဟာ ယောဘ ပြောခဲ့တာပါ။ ဒါပေမယ့် စကားတခုထက်ပိုပါတယ်။ သူ့မျက်စိနဲ့ ပဋိညာဉ်ဝန်ခံခြင်းကိုပင်ပြုတာပါ။
ဘာကြောင့်သူ ပြုသလဲလို့မေးရင် ဘုရားသခင်အားမပြစ်မှားချင်လို့ ဟုသာဆိုချင်ပါတယ်။
၉တန်းကျောင်းသားဘဝတုန်းက အရမ်းကြမ်းတဲ့ဆရာမတယောက်ရဲ့စကားကို သတိရမိပါတယ်။ တခန်းလုံးမှာရှိတဲ့ယောကျ်ားလေးတွေကို သူပြောတဲ့စကားပါ “နင်တို့တွေ မိန်းကလေးဆို နောက်ကနေပဲကြည့်တဲ့ကောင်တွေ”ကြုံတိုင်းအဲ့လိုဆူပါတယ်။ ဆရာမစကား မမှားပါ။
ယနေ့မျက်မှောက်ကာလကတော့ အနောက်ကနေရော အရှေ့ကနေပါ ကြည့်တာကိုအားပေးနေတဲ့ခေတ်ပါ။
အချို့သော Music video တွေ၊ ဇာတ်လမ်းတွေကဒါတွေကို ပိုပိုပြီးတော့အသားပေးလာကြတာကိုသတိပြုမိမှာပါ။
ဒီနေရာမှာ လူငယ်တွေကို အထူးသဖြင့် သတိပေးချင်တာကတော့ ကိုယ့်မျက်စိဘာကိုကြည့်ပြီး ဘာကိုသဘောကျနေသလဲဆိုတာပေါ့။
ဒါဝိဒ်မင်းကြီးလိုအဖြစ်မျိုးတော့ မဖြစ်ချင်ပါနဲ့။ အကြည့်တချက်နဲ့ မထူးဇာတ်တွေဖြစ်ခဲ့တာ ကျမ်းစာဖတ်တဲ့ယုံကြည်သူမှန်ရင် သိပါလိမ့်မယ်။
သို့သော်လည်း သင်ဟာထိုသို့သော အမှုရာမျိုး၌ လွန်ကျုးနေတဲ့သူဆိုရင် ဒါဝိဒ်မင်းကြီးကဲ့သို့ပဲ လွန်ကျူးမိသောအပြစ်တွက်ပူဆွေးကာ နောင်တနှင့်သခင့်ဆီလှည့်လာပါ။
ငါပညတ်သည်ကား ကိလေသာစိတ်နှင့် သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ပြစ်မှားပြီ။- ထိုကြောင့် လက်ယာမျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တစ်ကိုယ်လုံး ငရဲသို့ချခြင်းကို ခံရသည်ထက် အင်္ဂါတစ်ခုပျက်သော် သာ၍ကောင်း၏။-
ရှင်မဿဲခရစ်ဝင် ၅း၂၈-၂၉
တခါတရံ မျက်မမြင်များကို ကြည့်ပြီးဆင်ခြင်မိပါတယ်။ ဘာလို့လဲဆိုတော့ အကြည့်ကနေစတဲ့ ပြဿနာ သူတို့မှာမရှိပါဘူး။ သူတို့လည်းအသွေးအသားနဲ့ဆိုတော့ သူ့ပြဿနာနဲ့သူတော့ရှိမှာပါပဲ။
ဒါပေမယ့် ကိလေသာစိတ်နဲ့သူတပါး မယားကိုကြည့်ဖို့ရာမဖြစ်နိုင်ပါ။
ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ
ထိုကြောင့်၊ သင်တို့၏သေတတ်သော ကိုယ်ခန္ဓာ၏ တပ်မက်ခြင်းအလိုသို့ လိုက်ရသည်တိုင်အောင်၊ အပြစ်တရားသည် ထိုကိုယ်ခန္ဓာ၌ အစိုးမရစေနှင့်။- သင်တို့၏ကိုယ်အင်္ဂါများကို ဒုစရိုက်လက်နက် ဖြစ်စေ၍၊ အပြစ်တရားအား မဆက်ကြနှင့်။ သေခြင်းမှ ထမြောက်၍ အသက်ရှင်သောသူကဲ့သို့၊ ဘုရားသခင်အား ကိုယ်ကိုကိုယ်ဆက်ကြလော့။- ကိုယ်အင်္ဂါများကိုလည်း သုစရိုက်လက်နက် ဖြစ်စေ၍၊ ဘုရားသခင်အား ဆက်ကြလော့။ သင်တို့သည် ပညတ်တရားလက်၌မရှိ၊ ကျေးဇူးတရားလက်၌ရှိသောကြောင့် အပြစ်တရားသည် သင်တို့ကို မအုပ်စိုးရ။
ရောမဩဝါဒစာ ၆း၁၂-၁၄
မမေ့ပါနဲ့ သင်ဟာကျေးဇူးတရားလက်၌ရှိတယ်ဆိုတာ။
ဒါကြောင့်အပြစ်တရားမအုပ်စိုးပါစေနဲ့။
ကိုယ်အဂ်ါတွေကို ဒုစရိုက်လက်နက် အဖြစ်အပြစ်တရားကို မဆက်သလိုက်ပါနဲ့။
ဒါကြောင့် ဖေ့စ်ဘုတ်၊ အင်စတာဂရမ် လိုနေရာမျိုးတွေမှာ ဘယ်သူတွေကို ကိုယ် follow ထားတာတွေကိုသတိပြုပါ။ အကြည့်နဲ့ သွေးသားကို နိုးဆော်ပြီး ဘုရားကိုပြစ်မှားစေမယ့်သူတွေကို follow ထားရင်အခုပဲ unfollow/unfriend လုပ်လိုက်ပါ။
ငါတို့သခင် ယေရှုခရစ်အားဖြင့် ကယ်လွှတ်တော်မူသော ဘုရားသခင်၏ကျေးဇူးတော် ကြီးလှပေ၏။ ထိုသို့ စိတ်ဝိညာဉ်အားဖြင့် ဘုရားသခင်၏ တရားတော်အလိုသို့လည်းကောင်း၊ ဇာတိပကတိအားဖြင့် အပြစ်တရားအလိုသို့လည်းကောင်း၊ ငါလိုက်တတ်၏။
ရောမဩဝါဒစာ ၇း၂၅
ငါပညတ်သည်ကား၊ ဝိညာဉ်ပကတိအတိုင်း ကျင့်ကြလော့။ ထိုသို့ကျင့်လျှင် ဇာတိပကတိ၏အလိုသို့ မလိုက်ဘဲနေကြလိမ့်မည်။-
ဂလာတိဩဝါဒစာ ၅း၁၆
အို ချစ်သောလူငယ်တို့ သတိထားပါ
သင့်မျက်စိဘာကိုကြည့်နေလဲဆိုတာ
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။