Skip to content

ခရစ်ယာန်လူငယ်လေးတယောက်က မေးလာပါတယ် “ကျွန်တော် တက်တူးထိုးလို့ရလား”တဲ့။
ဒါနဲ့ “ဘာလို့ထိုးချင်တာလဲလို့မေးတော့”၊ “မေးကြည့်တာပါ”လို့ပြန်ဖြေတယ်။
နောက်ရက်တွေလည်း တွေ့တိုင်း ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါ မေးပြန်ပါတယ်။

“သေ​သော​သူ​အ​တွက် ကိုယ်​အ​သား​ကို​မ​ခုတ်​မ​ရှ​ရ။ သံ​ပူ​မ​ထိုး​ရ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်၏။”
ဝတ်ပြုရာကျမ်း ၁၉း၂၈
“You shall not make any cuts on your body for the dead or tattoo yourselves: I am the Lord.”
Leviticus 19:28

တော်တော်များများကလည်း ဒီကျမ်းပိုဒ်ကို အခြေပြုပြီး တက်တူးထိုးတာဘုရား မနှစ်သက်ဘူးလို့ဟောကြသလို၊ လူငယ်အတော်များများဟာလည်း ဒီကျမ်းပိုဒ်ကိုကြားဖူးနားဝဖြင့်သာ မေးခွန်းထုတ်တတ်ကြပါတယ်။
ပထမဦးဆုံးသိသင့်တာကတော့ ဒီနေရာမှာ ဘယ်သူတွေကိုပြောနေလဲဆိုတာသိဖို့လိုပါတယ်။ ပြီးရင် ဘယ်သူက၊ ဘာကြောင့် ပြောရတာလဲ သိရပါမယ်။

ဘုရားသခင်ဟာ သူပဋိညာဥ်ဖွဲ့၍ရွေးကောက်သူ ကျွန်ခံရာအဲဂုတ္တုပြည်မှ ထုတ်ဆောင်လာသော သူ့လူမျိုးတော်ဣသရေလတို့အား ပြောနေခြင်းဖြစ်ပါတယ်။
ဘုရားက ဘာကြောင့်ဒါကိုတားမြစ်လဲဆိုတော့
“တစ်​ဖန် မော​ရှေ​အား​ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့၏​ဘု​ရား​သ​ခင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သန့်​ရှင်း​သော​ကြောင့်၊ သင်​တို့​လည်း သန့်​ရှင်း​ခြင်း​ရှိ​ကြ​လော့။”
ဝတ်ပြုရာကျမ်း ၁၉း၁-၂
ကြားနေဖန်များနေရတာကတော့ ဘုရားမကြိုက်ဘူး ဆိုတဲ့သွန်သင်ချက်မျိုးပေါ့။
တကယ်တမ်းကျတော့ ဘုရားမနှစ်သက်တာထက် ဘုရားကရွံရှာတာပါ။

သန့်ရှင်းသောဘုရားဟာ သူရွေးနှုတ်သန့်ရှင်းစေတဲဲ့လူမျိုးကို ရွံရှာစရာအရာတွေနဲ့ကင်းကွာစေချင်ပြီး၊ မပြုစေချင်ခြင်းဖြစ်သလို၊ ဣသရေလရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ထာဝရဘုရားကို မကြောက်ရွံ့သော၊ ဆန့်ကျင်သော တပါးအမျိုးသားတွေကဲ့သို့ မဖြစ်စေချင်ဘဲ ဘုရားရွေးကောက်သောလူမျိုးပီသစွာ သန့်ရှင်းသောယဇ်ပုရောဟိတ် နိုင်ငံအနေဖြင့်ထာဝရဘုရားရဲ့ဂုဏ်သတင်းကိုထင်ရှားစေခြင်းအလို့ငှါသာဖြစ်သည်။

မေးချင်တာက တက်တူးထိုးခြင်းက သင့်ကိုဘာထူးခြားစေလို့လဲ။
လူထင်ကြီးခံချင်တာလား၊ ရှယ်ပဲကွာမိုက်တယ်လို့အပြောခံချင်တာလား၊ ဒါမှမဟုတ် အမှတ်တရအနေနဲ့ထိုးတာလား။
စိတ်မကောင်းစရာက တချို့တွေရဲ့ အမှတ်တရတက်တူးတွေဟာ ခဏခဏဆိုသလိုဖျက်လိုက် ပြန်ရေးလိုက်နဲ့ ခန္ဒာမှာနေရာမကျန်လောက်အောင်နေရာတွေယူသွားတာပါပဲ။

တချို့ကျပြန်တော့လည်း ဓမ္မသစ်ကာလဖြစ်သောကြောင့် ထိုးလို့ရပါတယ်လို့ဆိုလာပါသေးတယ်။
ထိုးချင်သပဆိုထိုးပါ မတားပါဘူး။ ဘာကြောင့်လဲဆိုတော့ စာရေးသူကိုယ်တိုင်က ဝါသနာမပါလို့၊ မကြိုက်လို့ မကောင်းဘူးမထိုးနဲ့လို့ တိုက်တွန်းနှိုဆော်နေတာမှမဟုတ်တာလေ။
ကျေးဇူးတော်ကာလ ဆိုပြီးသာ အကြောင်းပြထိုးကြတာ တကယ်တမ်းကျတော့ inspired or motivated အရင်းခံက ကိုယ်နားထောင်တဲ့အဆိုတော်တွေ၊ ရုပ်ရှင်တွေထဲကမင်းသား မင်းသမီးတွေကိုအားကျပြီး သူတို့အတိုင်း လုပ်ယူခြင်းသာ။
မေးချင်တာက သင့်ကိုဘုရားက “ငါ့ဘုန်းတော်အတွက်တက်တူး ထိုးပါ ချစ်သား”လို့ ပြောတာကြားဖူးပါသလား။ သမ္မာကျမ်းစာကရောသင့်ကို တိုက်တွန်းပါသလား။
ဘယ်သူမှကြားဖူးမှာမဟုတ်ပါဘူး။ သန့်ရှင်းသောနှုတ်ကပတ်တော်ကလည်း သန့်ရှင်းသောဘုရားကို ဆန့်ကျင်ပြီး ဘယ်သောအခါမျှတိုက်တွန်းမည်မဟုတ်ပါ။

မိတ်ဆွေတယောက်အကြာင်းပြောပြချင်ပါတယ်။ သူဟာဆိုရင် ခရစ်တော်ကို မရရှိခင်အသက်တာမှာ အင်မတန်မှ ဆိုးသွမ်းတဲ့လူမိုက်တယောက်ပါ။ အသက်တာပြောင်းလဲပြီး ခရစ်တော်ကိုရရှိပြီးနောက်မှာ သူ တက်တူးထိုးပါတယ်။ သူရဲ့လက်ဖျံနှစ်ဖက်မှာပါ။ တဖက််မှာ သခင်ခရစ်တော်ကားတိုင်ပေါ်မှာ အသေခံံတဲ့ပုံဖြစ်ပြီး၊ တဖက်မှာတော့ နှုတ်ကပတ်တော်ကိုထိုးထားပါတယ်။ ဒီအတိုင်း အလှထိုးတာလား အပျော်ထိုးလားဆိုတော့ မဟုတ်ပါဘူး။ အဲ့တက်တူးတွေနဲ့ သတင်းကောင်းကိုသက်သေခံဝေမျှတာပါ။ သူရဲ့အရင်ချိန်ကလို ဆိုးမိုက်နေဆဲ သူငယ်ချင်းတွေ ပတ်ဝန်းကျင်အတွက် သက်သေခံကာ ခုချိန်ထိသစ္စာရှိစွာဟောပြောနေဆဲပါပဲ။

ကဲ … ချစ်သောလူငယ်တို့၊ တချို့တွေကတော့ မူးမူးရူးရူးနဲ့ထိုးခဲ့ပြီး ခုတော့နောင်တတွေရနေကြပြီ။ ထိုးဖို့ရည်ရွယ်ထားပြီ ပြီးတော့ရည်ရွယ်ချက်က ခိုင်မာနေပြီဆိုလည်း ဘာပုံတွေထိုးမှာလဲ။
ဧဝံဂေလိဟောဖို့ သင်တက်တူးမလိုပါဘူး။ အပေါ်မှာပြောခဲ့တဲ့သူလို လူတိုင်းကမှမဖြစ်နိုင်တာလေ။
သတင်းကောင်းကိုပြောဖို့ဆို သင်သတင်းကောင်းကိုပဲ လိုပါတယ်။
အဲ့သတင်းကောင်းထဲမှာ သခင့်ရဲ့ ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း ရှိပါတယ်။
အကယ်၍သင်ဟာ တက်တူးတွေရှိနေတဲ့သူ၊ တက်တူးထိုးတာကိုနောင်တရပြီး၊ အခြားသောယုံကြည်သူလူငယ်တွေကို မထိုးစေချင်ဘူးဆိုရင် ဘုရားရဲ့သန့်ရှင်းခြင်းထဲကနေ တိုက်တွန်းပါ နှိုးဆော်ပါ။
အကယ်၍ ထိုးဖို့ပြင်ဆင်နေရင်းနဲ့မှ ဒီစာကိုဖတ်မိပြီး ဆင်ခြင်မိရင်လည်း သခင့်ဆီပြန်လည်တိုးဝင်ပါ။
ခေတ်မှီချင်လို့ထိုးတယ်ကွာ ဆိုလည်း သင့်သဘောပါ။
မတတ်သာလို့သာ ရှိနေရတဲ့ တက်တူးတွေကြောင့်လည်း စိတ်မပျက်လိုက်ပါနှင့်။ ကိုယ့်ကြောင့်သူများတက်တူးထိုးချင်စိတ်ဖြစ်လာတာနဲ့ ကိုယ့်ကြောင့် အသက်ရှင်သောဘုရားကိုသိရှိလာရခြင်း နှစ်ခုမှာဘာကိုရွေးချယ်မလဲ။ သင်ရွေးချယ်မှုတိုင်းက သင်ရဲ့ဘုရားစကားအပေါ်နာခံမှုကိုဖော်ပြပါတယ်။

“သင်​တို့​သည် အ​ဖိုး​နှင့် ဝယ်​တော်​မူ​သော​သူ ဖြစ်​သော​ကြောင့်၊ ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော သင်​တို့၏ ကိုယ်​ခ​န္ဓာ​နှင့် စိတ်​ဝိ​ညာဉ်​အား​ဖြင့် ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ထင်​ရှား​စေ​ကြ​လော့။”
‭‭ကောရိန္သုဩဝါဒစာပထမစောင် ၆:၂၀

“သင်​တို့​သည် အ​ဖိုး​နှင့်​ဝယ်​တော်​မူ​သော​သူ ဖြစ်၍၊ လူ​ထံ၌ အ​လို​အ​လျောက်​ကျွန်​မ​ခံ​ကြ​နှင့်။-”
‭‭ကောရိန္သုဩဝါဒစာပထမစောင် ၇:၂၃

တက်တူးဟာ ကိုယ်​ပေါ်ကို မ​ရောက်ခင် စိတ်ထဲကို အရင် ​ရောက်တယ်။
စိတ်ထဲမှာ တက်တူး ရဲ့ ​နေရာ မရှိဘဲ သတင်း​ကောင်း ရှိ​နေရင် ​ကိုယ်​ပေါ်ကိုလည်း ​ရောက်လာမှာ မဟုတ်ပါဘူး။
ချစ်သောလူငယ်တို့ဆင်ခြင်ပြင်ဆင်နိုင်ပါစေကြောင်း

မေတ္တာဖြင့်