Skip to content

ယနေ့ ခရစ်ယာန်များကြား ရေပန်းစားသည့်စကားလုံးတစ်ခု ရှိပါသည်။
အထူးသဖြင့် ထိုစကားလုံးဟာ နာမည်ကြီး၍လူကြိုက်များသော တရားဟောဆရာတွေ၌သာ ရှိသလိုမျိုးအနေအထားဖြစ်လာပါတယ်။

“ဘိသိက်”

#ကောရိန္သုဩဝါဒစာဒုတိယစောင် ၁:၂၁
သင်တို့နှင့် ငါတို့ကို ခရစ်တော်၌တည်စေ၍ ဘိသိက်ပေးသော သူကား၊ ဘုရားသခင်ဖြစ်သတည်း။

ဒီနေရာမှာတော့ ဘိသိက်ဆိုတာဘယ်သူ့ဆီမှာရှိပါတယ်၊ ဘယ်သူ့ဆီမှာတော့မရှိပါဘူး ဆိုတာပြောဖို့ကတော့ အထက်ကကျမ်းပိုဒ်လေးက လုံလောက်ပါတယ်။

ဒီကနေ့ ခရစ်ယာန်လောကဟာ အရှုပ်အထွေး အင်မတန်မှများပါတယ်။
အကြောင်းအရင်းကတော့ ဆရာတွေများလို့ပါပဲ။
ဘယ်လိုဆရာတွေများပြားလာသလည်းဆိုရင် ယားတတ်သောနားတွေကို ကျေနပ်စေသောဆရာမျိုးပေါ့။

စိတ်မကောင်းစရာက ထိုသို့သော ဆရာတွေကို ဘုရားသခင်ဆီက ဘိသိက်အထူးခံရတယ်လို့ထင်ပြီး ချစ်ခင်ကာကွယ်ပေးနေကြခြင်းပါ။
မှန်ရာကိုပြောရလျှင် downloaded တရားဟောချက်တွေနဲ့ လူတွေအကြိုက်ဟောကာ social media platform တွေမှာထင်ပေါ်ကျော်ကြားခြင်းငှါ ခုံမင်တတ်သူများသာ။
ပိုဆိုးသည်က ကျမ်းစာကိုအခြေမပြုပဲ ခံစားချက်ကိုဗဟိုပြု၍ ယားတတ်သောနားတို့အား အာမင်ထူးစေသော post များတင်ခြင်းပေ။

ဘုရားဘိသိက်ရှိသူဟာ ဘိသိက်ရှိပါတယ်ဆိုပြီး မဝါကြွားတတ်ပါ။ ဘိသိက်အရှိန်တန်ခိုးအားဖြင့် ခရစ်တော်၏ဘုန်းကိုသာထင်ရှားစေလျက် ဘုရားရဲ့အလိုတော်ကိုသာဆောင်ပါတယ်။

အကယ်၍ကြွားဝါထောင်လွှားနေလျင်တော့ သူ့ရဲ့ဘိသိက်ဟာ ခေါင်းစဉ်ထဲကအတိုင်း “ဖာရိရှဲ ဘိသိက်” ပဲဖြစ်ပါလိမ့်မယ်။

ဖာရိရှဲတို့ဟာ ကျမ်းစာကိုအမှီပြုပြီး ထောက်ပြသွန်သင်လျက် အပြစ်ကိုဖော်ပြခြင်း တိုက်တွန်းသွေးဆောင်ခြင်း ကျေးဇူးတွေမပြုတတ်ပါဘူး။
သူတို့ဘယ်လောက်တော်တတ်ပါတယ်၊ လုပ်နိုင်ပါတယ်၊ ဆိုတဲ့အပြင်အရာတွေနဲ့ အတွင်း၌ပုပ်စပ်ကာ လူတွေကို လှည့်ဖျားတတ်သူပါ။ အမြင်အားဖြင့် တကယ့်သူတော်ကောင်းတွေပါ။
သို့သော် အခွန်ခံ၏ဆုတောင်းခြင်းနှင့်နှိုင်းယှဉ်လျင် သူတို့၏ အဆင်းမှန်ကိုသိနိုင်ပေသည်။

ရှင်မဿဲခရစ်ဝင် ၅:၂၀
သင်တို့ကျင့်သောအကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက် မလွန်မသာလျှင်၊ သင်တို့သည် ကောင်းကင်နိုင်ငံတော်သို့ မဝင်ရကြဟု ငါအမှန်ဆို၏။

ရှင်မာကုခရစ်ဝင် ၈:၁၅
ကိုယ်တော်ကလည်း၊ ဖာရိရှဲတို့၏ တဆေးကိုလည်းကောင်း၊ ဟေရုဒ်၏ တဆေးကိုလည်းကောင်း၊ သတိနှင့် ကြဉ်ရှောင်ကြဟု ပညတ်တော်မူ၏။

နှုတ်ကပတ်တော်နှင့်ဥပဇ္ဈယ်ဆရာ၏ အကူအညီကျွန်ုပ်တို့လိုအပ်ပါသည်။
ဖတ်လို့ကောင်းလိုက်တာ၊ နားထောင်လို့ကောင်းလိုက်တာနှင့် အာမင်ထူးဖို့မစောပါနှင့်။ (အာမင်ဆိုသည်မှာလည်း အားနေရင်ထူးဖို့နှင့် ကိုယ်နှစ်ခြိုက်မှထူးရသည်မဟုတ်ပါ။)

ချင့်ချိန်ပါ စဉ်းစားပါ ဝေဖန်ပိုင်းခြားပါ ဆင်ခြင်ပါ။
ဤကဲ့သို့ပြုခြင်းက သင့်ကို ဖာရိရှဲဖြစ်မသွားစေပါ။
မပြုပဲနေခြင်း ပေါ့လျော့စွာ အသက်ရှင်ခြင်းကသာလျင် ထုံးဖြူသုတ်သော သင်္ချိုင်းဖြစ်စေမှာပါ။

သတိပြုလျက်