Skip to content

ကျမ်းစာထဲက ကောင်းသောရှမာရိဆိုတဲ့ သခင်ပြောပြတဲ့ ပုံဥပမာလေးကို စန်းဒေးစကူး (Sunday School) ကနေစလို့ အရွယ်ရောက်လို့အသင်းတော်ဝတ်ပြုခြင်းတွေမှာ ခုထိဟောပြောသာဓကပေး​နေဆဲပါပဲ။

“ယေရှုက၊ လူတစ်ယောက်သည် ယေရုရှလင်မြို့မှ ယေရိခေါမြို့သို့သွားရာတွင် ဓားပြနှင့် တွေ့ကြုံလေ၏။ ဓားပြတို့သည် ထိုသူ၏အဝတ်ကိုချွတ်၍ နာကျင်စွာ ရိုက်နှက်ပြီးမှ သေလုမတတ်ရှိသောအခါ ပစ်ထား၍ သွားကြ၏။-
ထိုလမ်းသို့ ယဇ်ပုရောဟိတ်တစ်ယောက်သည် အမှတ်တမဲ့သွား၍ ထိုလူနာကိုမြင်လျှင် လွှဲရှောင်၍ သွားလေ၏။-
ထိုနည်းတူ လေဝိလူတစ်ယောက်သည် ထိုအရပ်သို့ရောက်သောအခါ၊ လာ၍ကြည့်မြင်လျှင် လွှဲရှောင်၍ သွားလေ၏။-
ရှမာရိ လူတစ်ယောက်သည် ခရီးသွားရာတွင် ထိုလူနာရှိရာသို့ရောက်၍ မြင်သောအခါ၊ ကရုဏာစိတ်ရှိသည်နှင့်၊-
ချဉ်းကပ်၍ သူ၏အနာများကို ဆီနှင့် စပျစ်ရည်ထည့်လျက် အဝတ်နှင့်စည်းပြီးလျှင်၊ မိမိတိရစ္ဆာန်ပေါ်မှာ တင်၍ ဇရပ်တစ်ခုသို့ ဆောင်သွားပြုစုလေ၏။-
နက်ဖြန်နေ့၌ ထွက်သွားသောအခါ၊ ဒေနာရိနှစ်ပြားကိုထုတ်၍ ဇရပ်ရှင်အားပေးလျက်၊ ဤသူကို ကြည့်ရှုပြုစုပါ။ ကုန်သမျှကို ငါပြန်လာသောအခါ ဆပ်ပေးမည်ဟုဆို၏။ သင်သည် အဘယ်သို့ထင်သနည်း။-
ထိုသူသုံးယောက်တို့တွင် အဘယ်သူသည် ဓားပြလက်သို့ရောက်သောသူနှင့် စပ်ဆိုင်သောသူ ဖြစ်သနည်းဟု ပြန်၍မေးတော်မူလျှင်၊-
ကျမ်းတတ်ကလည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟု လျှောက်သော် ယေရှုက၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။”

ဓားပြလက်သို့ရောက်ပြီး သေလုမျောပါးဖြစ်နေတဲ့လူတစ်ယောက်ကို ယဇ်ပုရောဟိတ်ကတော့ မြင်တာနဲ့ရှောင်ပါတယ်။ လေဝိလူကတော့တချက်တော့ကြည့်လိုက်သေးတယ်။ ဒါပေမယ့်လည်းရှောင်သွားတာပါပဲ။ နယ်ခံမဟုတ်တဲ့ ခရီးသွား ရှမာရိလူတစ်ယောက်ကတော့ မြင်လိုက်တဲ့အခိုက်မှာပင် ထိုဒုက္ခအတိရောက်နေသူကို ကရုဏာသက်လေတယ်။ ဒါတင်မကသေးဘဲ အသေအချာပြုစုပြီး ဒါဏ်ရာကိုသန့်စင်ပတ်စီးပြီး သူစီးလာတဲ့တိရစ္ဆာန်ပေါ်တင်ကာ တည်းခိုစရာမှာနေရာပေးလျက် ပြုစုပေးတယ်။ နောက်နေ့ သူ့ခရီးကိုဆက်ဖို့ ပြင်ဆင်လျက်မှာပင် တည်းခိုရာပိုင်ရှင်အား အသပြာပေးလျက် ပျောက်ကင်းသည်အထိပြုစုပေးဖို့နှင့် နောက်ထပ်ကုန်ကျစရိတ်ရှိသမျှကိုလည်း ခရီးမှပြန်လာလျှင်ပေးမည်ဟုတောင် ကတိပေးခဲ့သေးသည်။

ထိုနာနေတဲ့သူဟာ ဘယ်သူနဲ့စပ်ဆိုင်လဲလို့သခင်ကမေးတဲ့အခါ၊ ကျမ်းတတ်ကပြန်ပြောပါတယ်၊ လူနာကိုသနားတဲ့သူဟာ စပ်ဆိုင်တဲ့သူပါပဲ တဲ့။

ဒီကနေ့ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေအားဖြင့် ဆင်းရဲဒုက္ခရောက်နေတဲ့ သူတွေကိုတွေ့တဲ့အခါ ဘာကအရင်ဆုံးဖြစ်ပေါ်လာသလည်း။
“ဟာ သနားပါတယ်၊ ကူညီပေးမှဖြစ်မယ်” ဆိုတာလား ဒါမှမဟုတ်
“အင်း ဘယ်တတ်နိုင်မလဲ၊ ကိုယ်လည်းကြုံနေရတာပဲ” ဆိုပြီးရှောင်သွားမလား ဒါမှမဟုတ်
“ငါအဆင်ပြေဖို့အရေးကြီးတယ် ကူညီမယ့်သူအများကြီးပေါ်လာလိမ့်မယ်” ဆိုပြီးတော့ရော ဖြစ်နေသလား။

ဒီအချိန်မှာ အလှူအတန်းကိုရက်ရောစွာလှူဒါန်းချင်သပဆိုလည်း လှူချလိုက်ပါ။ ကူညီချင်တယ်ဆိုလည်း ကူညီလိုက်ပါ။ အဓိကက သင်နှင့်ကျွန်ုပ်ဤအမှုပြုသည့်အခါမှာ “ကရုဏာပါဖို့နဲ့ကျန်ခဲ့ဖို့ပါ”။
“ကရုဏာမပါပဲ နာမည်ချန်ခဲ့ဖို့သက်သက်” ဆိုရင်တော့ အဲ့အကျိုးကို လူတွေဆီကနေပဲ ရပါလိမ့်မယ်။ မထင်ရှားသောအရပ်ကနေ ထင်ရှားစွာအကျိုးပေးတဲ့ သခင့်ထံကနေတော့ မရပါ။

ကောင်းသောရှမာရိလို့ သခင် ဘာကြောင့်ခေါ်သလဲ။ တနေ့ကျရင်လည်း သခင်က သစ္စာရှိသောငယ်သားကောင်းဆိုတဲ့ ချီးမွမ်းသံကို ကြားချင်ကြတယ်မလား။ ဒါဆို ရှမာရိလူလိုပဲ ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်လျက် ကရုဏာပြကာကူညီမစပါ။ ကျွန်တော်တို့ရဲ့အမည်နာမဟာ သခင်ရဲ့ဘုန်းတော်နဲ့ယှဉ်လာရင် ဘာမျှမဟုတ်ပါ။
ထင်ရှားစေရမည့် တခုတည်းသောနာမမှာ ကယ်တင်သော ထိုသခင်၏နာမတော်  တခုတည်းသာ။

ဒါကြောင့် ကောင်းသောအမှုကိုပြုတော့မည်ဆိုလျှင် ကင်မရာရော နာမည်ရော အိမ်မှာထားခဲ့လိုက်ပါ။
ကိုယ့်နာမည်မပါတဲ့ သခင့်ရဲ့ အံ့ဖွယ်ကျေးဇူးတော်၊ မေတ္တာ၊ ဂရုဏာကိုသာ အစဉ်ယူဆောင်ပါလို့နှိုးဆော်ရင်း…….

ဆင်ခြင်လျက်