Skip to content

အရပ်ပုပုငယ်ငယ်လေး
ယေရှုကိုရှာတဲ့ ဇက္ခဲ
အသက်တာပြောင်းလဲသွားပါတယ်
သို့ပေမယ့် သူဟာအခွန်ခံခေါင်းအဖြစ်တာဝန်ထမ်းဆဲပါ
ဒါပေမယ့်
အရင်ကလိုအခွန်ခံခေါင်းမဟုတ်တော့ပါ

“ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။ ယေရှုကလည်း၊ ဤသူသည် အာဗြဟံ၏သား ဖြစ်သည်နှင့်အလျောက်၊ ယနေ့ပင် ကယ်တင်တော်မူခြင်း ကျေးဇူးသည် ဤအိမ်အပေါ်မှာ သက်ရောက်လေ၏။ လူသားသည် ပျောက်သောသူတို့ကိုရှာ၍ ကယ်တင်အံ့သောငှာ ကြွလာသတည်းဟု ဇက္ခဲကို မိန့်တော်မူ၏။”

ယေရှုဟာပျောက်သောသူတို့ကို “ရှာ” ပြီး “ကယ်တင်” ဖို့ကြွာလာခဲ့တာပါ။ ဇက္ခဲလည်း ပျောက်သောသူတယောက်ဖြစ်ခဲ့ပါတယ်။ အခုသူဟာ အတွေ့ခံရပြီ ကယ်တင်ခြင်းခံရပြီ။
လူအများကြီးထဲ လူအုပ်ကြီးထဲမှာ သခင်ယေရှုကိုတွေ့ချင်လွန်း၍ သစ်ပင်ပေါ်တက်ကာ ရှာတဲ့ ဇက္ခဲ သခင့်ရဲ့ဂရုပြုမှုကိုရခဲ့တယ်။ ဝမ်းမြောက်ကာ ပြောင်းလဲခဲ့တယ်။
သခင်ရဲ့ဒေသနာဟာ သခင့်ကိုပဲရှာစေခဲ့တယ်။
သခင့်ရဲ့ဒေသနာဟာ ပြောင်းလဲမှုကိုပေးခဲ့တယ်။
ပြောင်းလဲခြင်းကနေ သခင်ဘာအကျိုးအမြတ်မှမယူခဲ့ပါဘူး။ မတောင်းဆိုခဲ့ပါဘူး။
ပြောင်းလဲကယ်တင်ခံရသောအသက်တာကနေသာ အလိုအလျောက် ဖြစ်ပေါ်လာသောပြောင်းလဲမှုကို သခင့်ရှေ့မှာ ဇက္ခဲဝန်ခံကတိပြုခဲ့တာပါ။

ဒီအဖြစ်အပျက်မှာ အမှုဆောင်နေသူ၊ အမှုဆောင်ဖို့ရန်စဉ်းစား ပြင်ဆင်နေသူတို့အဖို့ ကြိးမားတဲ့သင်ခန်းစာကိုပေးနေပါတယ်။
ဝေနေယျသတ္တဝါအပေါင်းတို့ကို ကယ်တင်ခြင်းတရားဝေငှတဲ့အခါ ကယ်တင်တော်မူသောသခင်ရဲ့ အကျိုးနဲ့ ဘုန်းကိုထောက်ရှုဖို့ အင်မတန်မှအရေးကြီးကြောင်းဆင်ခြင်မိပါတယ်။

ပျောက်သောသူကိုရှာ၍ကယ်တင်မယ်ဆိုတဲ့ သခင့်စကားဟာ ခမည်းတော်ရဲ့အကျိုးနဲ့ဘုန်းကို ဘယ်လောက်ထိဝန်ခံပြီး နားထောင်ကာ အလိုတော်ကိုဆောင်ခဲ့သလဲဆိုတာကိုသိမြင်စေပါတယ်။
ဒါကြောင့် ပျောက်သောသူကိုရှာတွေ့ကာ ပြောင်းလဲစေမယ့် သမ္မာတရားကိုဟောပြောမည်ဟု ပြင်ဆင်ရမည့်အစား၊ ကိုယ့်အကျိုးအဖို့သာကြည့်ကာ ရှာနေဦးမည်ဆိုလျင် ပျောက်သောသူအားတွေ့ပါလိမ့်မည်လော။
ပျောက်သောသူသည်လည်း ထိုတရား၏အရှင်အား ရှာဖွေပါလိမ့်မည်လော။

ဒီကနေ့ကျွန်တော်တို့ရဲ့ ထင်ရှားကျော်ကြားမှုကနေ သခင့်ရဲ့ကယ်တင်ခြင်းကို ကြားပြောဖို့အခွင့်အရေးရှိငြားသော်လဲ စိတ်မကောင်းစရာက ထင်ရှားကျော်ကြားမှုကိုသာလိုချင်လာခြင်း၊ အထင်ကြီးလေးစားမှုကိုသာခံလိုခြင်း၊ အချီးအမွမ်းမြှောက်ပင့်ခြင်းကိုဆာငတ်လာခြင်း၊ လောကရဲ့အဖိုးကြီးသောအရာများနှင့်သာဇိမ်ခံလိုခြင်း၊ စသည့် အသွေးအသားကိုဦးစားပေးသော စိတ်ဆန္ဒများသာ ဦးစားပေး ရှေ့တန်းတင်နေလာကြသည်။
ဒီကနေ့သင်ဟာတရားဟောရင်းနာမည်ကြီးလာလျင် အမြဲသတိရလိုက်ပါ “ငါဟာသခင့်ခြေဖျားက ခြေမှုန်ကိုတောင်မမှီပါလား” ဆိုပြီးတော့ပေါ့။

“ထိုအကြောင်းကို လူအပေါင်းတို့သည်မြင်လျှင်၊ ဆိုးသောလူ၏အိမ်သို့ဝင်၍ လုပ်ကျွေးခြင်းကို ခံတော်မူပါသည်တကားဟု ကဲ့ရဲ့အပြစ်တင်ကြ၏။”

သခင်ယေရှုဟာ ဇက္ခဲရဲ့အိမ်သို့ကြွသွားတဲ့အခါ ကဲ့ရဲ့ပြစ်တင်သံတွေထွက်လာပါတယ်။ ဘာကြောင့်လည်းဆိုရင် ဇက္ခဲ ဟာထိုသူတို့အတွက် လူဆိုး သဖွယ်ဖြစ်နေသလို ဇက္ခဲကိုယ်တိုင်ဟာလည်း မတရားသောအမှုကိုပြုသောသူဖြစ်လို့ပါပဲ။
ဒီနေရာမှာ ဆင်ခြင်ရတာက လူတွေအဖို့ အံ့ဩမှင်သက်လောက်အောင် နိမိတ်လက္ခဏာတွေကိုပြု၊ တခါမှမကြားဖူးလောက်အောင်နက်နဲတဲ့ဒေသနာစကားတွေနဲ့ဆုံးမတဲ့ ယေရှုဆိုသူဟာ အဘယ်ကြောင့် ဒီလိုလူဆိုးအိမ်ကိုဝင်ရသလဲပေါ့။
အဖြေကရှင်းပါတယ် ဇက္ခဲဟာ သခင်ရှာနေတဲ့ပျောက်သောသူဖြစ်လို့ပါပဲ။
“သင်အိမ်၌ငါတည်းမည်” ဆိုတဲ့စကားဟာ “ဥစ္စာတဝက်ကိုဆင်းရဲသူတို့အားပေးပြီး၊ သူတပါးဥစ္စာအနည်းငယ်ယူမိလျင် လေးဆပြန်လျော်ပေးမည်” ဆိုတဲ့ အသက်တာအဖြစ်ပြောင်းလဲစေခဲ့ပါတယ်။

ပြောင်းလဲသွားရင်ဒါတွေလုပ်ပါလို့သခင် အတင်းအကြပ်မပြောခဲ့ပါ။ ပြောင်းလဲသွားသူကသာ ပြောထွက်လာသော သက်သေသာ။
သခင့်တရားဟာ ကျွန်ုပ်တို့ရဲ့အိတ်ဖောင်းလာဖို့ဟောပြောခြင်းမဖြစ်စေပဲ၊ ပျောက်သောအသက်တာများအားရှာတွေ့ကာ ပြောင်းလဲစေဖို့ရာ ဟောကြားခြင်းဖြစ်ဖို့ အင်မတန်မှသတိပြုဆင်ခြင်ရပေမည်။
ဒါကြောင့် ပျောက်သောသူကိုရှာသော တရားကိုဝေငှသက်သေခံသည့်အခါ ချမ်းသာ၊ ဆင်းရဲ၊ အယုတ်၊ အမြတ် မရွေးပါနဲ့။ သခင့်တရားကိုသာပြောကြားပါ။ သခင့်တရားက အထဲ၌အလိုအလျောက်ကျေးဇူးပြုပါလိမ့်မည်။ ထိုအကျိုးကိုသာ၍မြော်လင့်တတ်စေပါ။

“ဘုရားသခင်၏ဘုန်းထင်ရှားခြင်းသည်
ကျွန်ုပ်တို့အတွက်ဆုလာဒ်ပေတည်း။ “

ဆင်ခြင်လျက်

You may also subscribe this Telegram channel: https://t.me/bookshelfproject