Skip to content

ယခုဆောင်းပါးသည် ဧဖက် ၄း၇-၁၃ လေ့လာခြင်း အနှစ်ချုပ်ဖြစ်ပါတယ်။

အခန်းငယ် ၇ မှာ ဘာပြောထားသလဲဆိုရင် ..
ယုံကြည်သူတိုင်းမှာ ဘုရားသခင်ပေးထားတဲ့ ဆုကျေးဇူးကိုယ်စီရှိပါတယ်။
သားတော်ယေရှုရှင်ဟာ ဆုကျေးဇူးကို ပေးသူဖြစ်ပါတယ်။ သူပေးတဲ့အတိုင်းသာ ကျွန်ုပ်တို့ဟာ ဆုကျေးဇူးကို အသီးသီးရရှိကြတာ ဖြစ်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဆု‌တောင်းပေးလို့ ရတာမျိုးဆိုတာက ကျမ်းစာရဲ့ သွန်သင်ချက်နဲ့ မကိုက်ညီပါဘူး။

နောက်ပြီး ဆုကျေးဇူး ရဲ့ မူရင်းအဓိပ္ပာယ်က “ကျေးဇူးတော်” ဆိုတဲ့ စကားလုံးနဲ့ အရင်းအမြစ်တူပါတယ်။ ဒါကြောင့် ရရှိထားတဲ့ ဆုကျေးဇူးတွေအတွက် ကယ်တင်ခြင်းနည်းတူပါပဲ။ ဝါကြွားစရာ မရှိပါဘူး။ ထောင်လွှားစရာလည်း မဟုတ်ပါဘူး။ “သူ့ထက်ငါ” ဆိုပြီး ပြောစရာ မရှိပါဘူး။ ဆုကျေးဇူးတွေ မတူရင်တောင် အားလုံးက ကျေးဇူး‌တော်အားဖြင့်သာ ရရှိကြတာပါ။

အခန်းငယ် ၈-၁၀ ထဲမှာကတော့ ရှင်ပေါလုဟာ ဓမ္မဟောင်းကျမ်းက ကျမ်းချက်တစ်ချက်ကို ကိုးကားပြီးတော့ ယုံကြည်သူများအား ဆုကျေးဇူးကို ဘယ်သူကပေးပြီး ဘယ်လိုအကြောင်းခံနဲ့အတူ ပေးထားသလဲဆိုတာကို ရှင်းပြထားပါတယ်။
အတိကျပြောရရင် ဆာလံ ၆၈း၁၈ ကို ကိုးကားထားတာပါ။ အဲဒီဆာလံဟာ အောင်နိုင်ခြင်းအတွက် စပ်ဆိုထားတဲ့ သီချင်း (Song of Victory) ဖြစ်ပါတယ်။ ရှင်ဘုရင်တစ်ပါးဟာ အောင်ပွဲရပြီးနောက် သိမ်းပိုင်ရရှိတဲ့ အရာတွေကို သူ့လူတွေကို ပြန်လည်ပေးကမ်းခြင်း ပုံရိပ်ကို ဝိညာဉ်ဆုကျေးဇူးပေးခြင်းနဲ့ စပ်ဆက်တင်ပြထားတာ ဖြစ်ပါတယ်။

ဒီနေရာမှာ တမန်တော်ကြီး ရှင်ပေါလုက ယေရှုခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် လောက(စာတန်/သေခြင်းတရား) အပေါ် အောင်နိုင်ခဲ့တဲ့အကြောင်းကို ဆာလံသီချင်းကို ကိုးကားပြီးတော့ ညွှန်းဆိုထားတာဖြစ်ပါတယ်။ အဲဒီ အောင်နိုင်ခြင်းကို ဘယ်လို ယူဆောင်ခဲ့သလဲဆိုတာက ယေရှုခရစ်တော်ဟာ လူ့ဇာတိကို ခံယူပြီး၊ ကိုယ်စားပြု အသေခံအသွေးသွန်းကာ ရှင်ပြန်ထ‌မြောက်ခဲ့တာ ဖြစ်ပါတယ်။ သဘောက ကျွန်ုပ်တို့ ယုံကြည်သူတွေ ရရှိထားတဲ့ ဆုကျေးဇူးတွေဟာ အနိုင်/အရှုံးအတွက် တိုက်ပွဲဝင်ဖို့ ဘုရားပေးအပ်ထားတာမဟုတ်ဘဲ အနိုင်ရနှင့်ပြီးသော သခင့်ရဲ့ ဘုန်းတော်ကို ထင်ရှားစေဖို့၊ အချီးအမွမ်း ပြုဖို့ ပေးထားတာဖြစ်တယ် ဆိုတဲ့ သဘောပါပဲ။ ကျွန်တော်တို့ ယုံကြည်သူတွေဟာ ‌အောင်နိုင်ဖို့အတွက် တိုက်ခိုက်နေကြတာ မဟုတ်ပါဘူး … အောင်နိုင်ပြီးဖြစ်တဲ့ သခင့်ဘက်ကနေ ကျေးဇူးပြုထားတဲ့ ဆုကျေးဇူးတွေနဲ့ အစေခံကာ အစဉ်အောင်မြင်တော်မူသော သခင့်ဘုန်းတော်ကို ထင်ရှားစေဖို့ ဖြစ်ပါတယ်။
ယေရှုခရစ်တော်ကိုယ်တိုင်က “သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီ” ဟု မိန့် တော်မူခဲ့ပါတယ်။ (ယောဟန် ၁၆း၃၃)

အခန်းငယ် ၁၁-၁၂ မှာတော့ ဝိညာဉ်ဆုကျေးဇူးတွေရဲ့ ရည်ရွယ်ချက်ကို ဖော်ပြထားပါတယ်။ ရည်ရွယ်ချက်တွေကတော့ –

၁။ “ခရစ်တော်၏ကိုယ်တော်ကိုတည်ဆောက်” ဖို့

၂။ “ဓမ္မဆရာ၏အမှုကို ပြုတတ်” ဖို့

၃။ “သန့်ရှင်းသူတို့ကို ပြင်ဆင်” ဖို့ ဆိုပြီးပြောထားပါတယ်။

ကိုယ်ကျိုးအတွက်မဟုတ်ပါဘူး … ညီအစ်ကိုချင်းရဲ့ အကျိုးအတွက်ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်အကျိုးကျတော့ ဘယ်လို လုပ်မလဲ ဆိုပြီး မပူပါနဲ့။ အခြားညီကိုချင်းက သင့်အကျိုးအတွက် သူ့ / သူမ အား ဘုရားပေးထားတဲ့ ဆုကျေးဇူးကို အသုံးပြုပြီး ဖြည့်ဆည်းပေးပါလိမ့်မယ်။

အခန်းငယ် ၁၃ မှာတော့ အထက်ပါ ရည်ရွယ်ချက်တွေကို ဘယ်လို လုပ်ဆောင်ခြင်းအားဖြင့် ပြည့်စုံစေရမလဲ ဆိုတာကို ပိုမို တိကျအောင် ဖော်ပြပေးထားပါတယ်။
ကျွန်တော်တို့ရှိသမျှသည် (ယုံကြည်သူတိုင်း တစ်ယောက်မကျန်နော်) တညီတညွတ်တည်း
ယုံကြည်ခြင်း (သြဝါဒခံယူချက်) တွေကို သမ္မာကျမ်းစာ၌ ဖော်ပြထားသည့်အတိုင်း ရှင်းလင်းတိကျ မှန်ကန်စွာ နားလည်ကြဖို့၊ အသိသာမဟုတ် ဘုရားသခင်၏သားတော်ကို အကျွမ်းတဝင်ရှိဖို့ (သိကျွမ်းခြင်း) နဲ့ ခရစ်တော်၏ သဏ္ဍာန်တော်နဲ့အတူ ကြီးပြင်းခြင်း ရှိစေဖို့ (ရင့်ကျက်သောသူများဖြစ်လာစေဖို့) အတွက်ကို ဘုရားပေးထားတဲ့ ဆုကျေးဇူးတွေကို အသုံးပြုသွားဖို့ ဖြစ်ပါတယ်။

နိဂုံး

ကျွန်ုပ်တို့ ရရှိခံစားရသော ဆုကျေးဇူးမှန်သမျှသည် ယုံကြည်သူချင်းအတွက် တည်ဆောက်စရာအတွက်လည်းကောင်း၊ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေဖို့အတွက်လည်းကောင်း ယေရှုခရစ်တော်ကိုယ်တော်တိုင်က ကျေးဇူးပြုခြင်း ဖြစ်သဖြင့် ကိုယ်ကျိုးအတွက်မဟုတ်၊ ဝါကြွားစရာမရှိခြင်းတို့ကို သိမှတ်လျှက် အလိုတော်နှင့်အညီ အစေခံနိုင်ကြပါစေ။

ဘုရားသခင် ဘုန်းကြီးပါစေ … အာမင်။