Skip to content

နိဒါန်း

God-of-the-gaps fallacy ဆိုသည်မှာ ယုတ္တိဗေဒဆိုင်ရာ ယုတ္တိအမှား တခုဖြစ်ပြီး သိပ္ပံဆိုင်ရာ ဒဿနိကပညာရပ် (The philosophy of Science)တွင် သုံးသော အသုံးအနှုန်းတခုဖြစ်ပေသည်။ မြန်မာဘာသာဖြင့် အနီးစပ်ဆုံး အတိုချုံးဘာသာပြန်ရလျှင် “မသိနားမလည်သေးသောအရာများအတွက် ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးအား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” ဟု ပြန်ဆိုရမည်ဟု ထင်ပါသည်။ God-of-the-gaps-fallacy နှင့်ပတ်သက်၍ ယခုထက် ပိုကောင်းမည်၊ ပိုသင့်တော်မည်ဟု ယူဆသော မြန်မာဘာသာပြန်ရှိပါကလည်း စာရေးသူအား အကြံပြုနိုင်ပါသည်။ ကျွန်ုပ်တို့ နေ့စဉ်နှင့်အမျှ တွေ့ကြုံ ပြောဆိုနေရတဲ့ ဖြစ်ရပ်များထဲ၌ မိမိဘာသာ မှန်သည်ဟု ထင်မှတ်နေတတ်သော်လည်း ယုတ္တိဗေဒအရ မှားယွင်းနေသည့် အချက်များ ပုံစံများစွာ ရှိနေတတ်ပါသည်။ God-of-the-gaps fallacy ကို ပိုမိုနားလည်ရန် ဤနေရာတွင် “ယုတ္တိဗေဒ” ဆိုသည်မှာ အဘယ်နည်း၊ “ယုတ္တိအမှား” ဆိုသည်မှာ အဘယ်နည်း။ ဤအဓိပ္ပါယ် ၂ ခုကို ဦးစွာနားလည်ထားရန် လိုအပ်ပေလိမ့်မည်။

ယုတ္တိဗေဒ

ယုတ္တိဗေဒ (Logic) ဆိုသည်မှာ ကျိုးကြောင်းဆင်ခြင်မှုဆိုင်ရာ သိပ္ပံပညာပင်ဖြစ်သည်။ ယုတ္တိဗေဒဖြင့် လူတို့သည် အမှန်အမှားကို ခွဲခြားနိုင်ပေသည်။ အတွေးအခေါ်ပညာရှင် အရစ္စတိုတယ် (Aristotle) ၏ ယုတ္တိဗေဒ ဆိုင်ရာ ဥပမာ တစ်ခုမှာ အောက်ပါ အတိုင်းဖြစ်သည်။

၁။ လူတိုင်းသည် သေမျိုးဖြစ်သည်။
၂။ အရစ္စတိုတယ်သည် လူဖြစ်သည်။
၃။ ထို့ကြောင့် အရစ္စတိုတယ်သည် တစ်နေ့တွင် သေရလိမ့်မည်။



နံပါတ် ၁ နှင့် ၂ နှစ်ခုစလုံးမှန်ကန်မှသာ နံပါတ် ၃ (အမှန်တရား/မှန်ကန်သော နိဂုံး) ကို ရပေမည်။ ထိုနည်းဖြင့် ယုတ္တိဗေဒတွင် အမှားအမှန် ခွဲခြားနိုင်ပေသည်။

ယုတ္တိအမှား

ယုတ္တိအမှား (Fallacy) ဆိုသည်မှာ ယုတ္တိဗေဒတွင် သို့မဟုတ် လူအများ ဆွေးနွေးငြင်းခုံရာတွင်လည်းကောင်း၊ ပညာရှင်ဆန်ဆန် ကျိုးကြောင်းဆီလျော်စွာ ဆင်ခြင်သုံးသပ်ရာတွင်လည်းကောင်း အမှားများ၊ အလွဲများဖြစ်ပေါ်ခြင်းကို ဆိုလိုသည်။ အခြားသူများ၏ အငြင်းအခုံတွင် ယုတ္တိအမှားများကို ရှာဖွေခြင်း သို့မဟုတ် မိမိ၏ အငြင်းအခုံတွင် ယုတ္တိအမှားများ ကို ရှောင်ရှားခြင်းသည် အကျိုးသင့်အကြောင်းသင့် ငြင်းခုံဆွေးနွေးလိုသည့် လူ့အဖွဲ့အစည်း အတွက် အလွန်အရေးပါလှသည်။ ယုတ္တိအမှားများကို ကျူးလွန်ပါက ဆွေးနွေးငြင်းခုန်ရာတွင် အမှန်တရားနှင့် ဝေးကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းသွားမည်ဖြစ်သည်။ ယုတ္တိအမှား အမျိုးအစားများစွာရှိသည့်အနက် God-of-the-gaps Fallacy သည် ခရစ်ယာန်တယောက်အနေဖြင့် အခြားသူများနှင့် ဘုရားသခင်တည်ရှိကြောင်း ကျိုးကြောင်းဆီလျော်စွာ ပညာရှင်ဆန်ဆန် ဆွေးနွေးငြင်းခုန်ရာတွင် အထူးရှောင်ရှားအပ်သော၊ မကျူးလွန်သင့်သော ယုတ္တိအမှားများထဲမှ တခုဖြစ်ပေသည်။
God-of-the-gaps ယုတ္တိအမှား၏ အဆို (Premise) မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ “X” ဟူသော သဘာဝဖြစ်စဉ်သည် ထူးဆန်းပြီး နက်နဲဆန်းကြယ်သည်ဟု ထင်ရသည်။
၂။ ထာဝရဘုရားသခင်သည် အရာရာကို ထူးခြားဆန်းပြားစွာ ဖန်ဆင်းနိုင်သောအရှင်ဖြစ်သည်။
၃။ ထို့ကြောင့် “X” ဟူသော သဘာဝဖြစ်စဉ်ကို ဘုရားသခင်က တိုက်ရိုက်ဖြစ်ပေါ်စေသည်။

ဟု ဆင်ခြေပေးသည့် ယုတ္တိအမှားဖြစ်ပေသည်။

သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများအတွက် ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးအား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား

သိပ္ပံပညာရပ်ဝန်းတွင် ယနေ့အချိန်ထိ သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများ၊ အဖြေ မပေးနိုင်သေးသော မေးခွန်းများ၊ နက်နဲဆန်းကြယ်သောအရာများအတွက် ကျွန်ုပ်တို့နားလည်လက်ခံထားသောအရာများထဲတွင် ကွာဟချက်များရှိနေခြင်း (gaps in our understanding) စသဖြင့် ကျွန်ုပ်တို့ မသိနားမလည်သေးသောအရာများစွာရှိပါသည်။ သိပ္ပံပညာရှင်များကတော့ ထိုကဲ့သို့ နက်နဲဆန်းကြယ်သောအရာများ (Mysteries) ကို ရှေ့ဆက်သုတေသနပြုလေ့လာရမည့်အရာများ၊ မေးခွန်းများအဖြစ်သာ ရှုမြင်ထားကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့အတွက် နက်နဲဆန်းကြယ်သောအရာများသည် မနက်ဖြန် သို့မဟုတ် နောင်တချိန်အတွက် ထမင်းစား၊ ရေသောက်သာသာအရာများဖြစ်သွားတတ်သည့် မရေမတွက်နိုင်သော သာဓကများစွာရှိခြင်းကြောင့် ဖြစ်ပါသည်။ ဥပမာ .. လူသားတို့သည် လေယာဉ်ပျံကို မတီထွင်နိုင်ခင်အချိန်က၊ ဝေဟင်တွင် ပျံသန်းနိုင်သည့် နည်းပညာကို ရှာမတွေ့ခင်က ငှက်များကဲ့သို့ ကောင်းကင်တွင်ပျံဝဲရသည့်အရာသည် လူသားတို့အတွက် နက်နဲသော ဆန်းကြယ်သောအရာဖြစ်ခဲ့ဖူးသော်လည်း ကောင်းကင်ယံတွင်ပျံဝဲခြင်းသည် ယနေ့အချိန်တွင် အထူးအဆန်းတခု မဟုတ်တော့ပေ။ ထိုကဲ့သို့ ပျံဝဲရုံမျှမက မိုင်ပေါင်းများစွာကို နာရီပေါင်းများစွာ မရပ်မနား ခရီးဆက်ပျံသန်းနိုင်နေပြီပဲ ဖြစ်ပါသည်။ ထို့အပြင် ငှက်များပင် မပျံသန်းနိုင်သည့် ကမ္ဘာ့အပြင်ဘက် အာကာသဟင်းလင်းပြင်ထဲသို့ပင် လူသားတို့ ပျံသန်းသွားလာနိုင်နေပြီ ဖြစ်ပါသည်။ ထိုမျှမက ညအိပ်ယာဝင်ပုံပြင်ဖြစ်ခဲ့ဖူးသော ဖိုးလမင်းကြီး (The Moon) ဆီကိုလည်း လူသားတို့ ခြေချခဲ့ဖူးပြီးဖြစ်ပါသည်။ လာမည့် ၂၀၃၀ မတိုင်ခင်နှင့် နောက်ပိုင်းနှစ်များတွင်လည်း အင်္ဂါဂြိုလ်ပေါ်(Mars) သို့ ပထဆုံးလူသားများ စေလွှတ်ဖို့ရန် အမေရိကန်အစိုးရ၏ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန NASA နှင့် စွန့်ဦးတီထွင်သူလုပ်ငန်းရှင် အီလွန်မာ့စ်ခ် ရဲ့ SpaceX ကုမ္ပဏီများကလည်း အပြိုင်အဆိုင်ကြိုးစားနေကြပါသည်။

မြန်မာပြည်တွင် ခရစ်ယာန်အများစု အမြဲလိုလို ဆင်ခြင်ပေးတတ်သည့်အရာတခုရှိပါသည်။ တစုံတခု သို့မဟုတ် သက်ရှိတကောင်ကောင်က မည်သို့မည်ပုံ ဖြစ်တည်လာသည်ကို သိပ္ပံနည်းကျမရှင်းပြနိုင်သေးသည့်အခါ “ဟော … တွေ့လား၊ သိပ္ပံပညာကတောင် အဖြေမပေးနိုင်ဘူး။ ဒါကြောင့် ဒီအရာရဲ့အဖြေက ဘုရားသခင်ပဲ။ ဒီလိုဖြစ်လာအောင် ဘုရားက တန်ခိုးတော်နဲ့ တိုက်ရိုက် ဖန်ဆင်းလိုက်တာ၊ ဒါကြောင့် ဘုရားသခင်ဆိုတာ တကယ်ရှိတယ်” စသဖြင့် ကိုယ်တိုင် မသိနားမလည်သေးတဲ့အရာအတွက် ဘုရားသခင်ကို အစားထိုးဖြည့်တင်းလိုက်ကြပါတော့သည်။ God-of-the-gaps-fallacy ဆိုသည်မှာလည်း သိပ္ပံပညာနဲ့ သိပ္ပံနည်းကျမရှင်းပြနိုင်သေးတဲ့အရာကို သို့မဟုတ် လက်ရှိအချိန်တွင် မသိနားမလည်သေးသော အသိပညာကွာဟချက်(gaps) ကို အခွင့်ကောင်းယူပြီး ထာဝရဘုရားသခင် တည်ရှိခြင်းရဲ့ သက်သေ(Proof for God’s Existence) အဖြစ် အလွဲသုံးလိုက်ခြင်း၊ မမှန်မကန်ဖြည့်တင်းလိုက်ခြင်းပဲဖြစ်ပါသည်။ သဘာဝတရားအတိုင်းဖြစ်တည်နေသော သဘာဝလမ်းစဉ်နေရာမှာ ဘုရားသခင် သို့မဟုတ် နတ်ဘုရားတပါးပါးကို အစားထိုးလိုက်ခြင်းပဲဖြစ်ပါသည်။ ဘုရားတန်ခိုးတော်ဖြင့် တိုက်ရိုက်ထိန်းချုပ်ထားသည် သို့မဟုတ် တိုက်ရိုက် ဖန်ဆင်းလိုက်သည်ဟု ဆင်ခြင်ပေးသော ယုတ္တိအမှားဖြစ်ပါသည်။

ထိုကဲ့သို့ ယုတ္တိအမှားကို ကျူးလွန်ခြင်းသည် အခြားသူများကို သာသနာပြုသည့်အခါတွင်လည်းကောင်း၊ အထူးသဖြင့် ပညာတတ်လူတန်းစားအသိုင်းအဝိုင်းအတွင်း ဧဝံဂေလိဟောသည့်အခါတွင်လည်းကောင်း၊ မယုံကြည်သူ ခေတ်ပညာတတ်ပုဂ္ဂိုလ်တဦးဦးနှင့် ဘုရားသခင်တည်ရှိခြင်း၊ မတည်ရှိခြင်းအကြောင်းအရာများကို ကျိုးကြောင်းညီညွတ်စွာ ဆွေးနွေးငြင်းခုန်ရာတွင်လည်းကောင်း အန္တရာယ်များသောအတားအဆီးတခု သို့မဟုတ် ရှက်ဖွယ်သောအရာတခုကဲ့သို့ ဖြစ်ပေသည်။ အထက်က ပြောခဲ့ပြီးသည့်အတိုင်း ထိုကဲ့သို့ ယုတ္တိအမှားများ ကို ရှောင်ရှားခြင်းသည် အကျိုးသင့်အကြောင်းသင့် ငြင်းခုံဆွေးနွေးလိုသည့် လူ့အဖွဲ့အစည်း အတွက် အလွန်အရေးပါလှပြီး ယုတ္တိအမှားများကို မမြင်မိပါက ငြင်းခုံဆွေးနွေးရာတွင် အမှန်တရားနှင့် ဝေးကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းသွားမည်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အထူးသတိပြုရမည်မှာ သိပ္ပံပညာနှင့် သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များသည် နေ့စဉ်နှင့်အမျှ တိုးတက်ထွန်းကားနေပါသည်။ ကျွန်တော်တို့ အသုံးပြုသော စမတ်ဖုန်းနည်းပညာများ ပိုမိုထွန်းကားလာခြင်း၊ လက်ရှိကိုဗစ်ကပ်ရောဂါကာလ ၁ နှစ်အတွင်း ကိုဗစ်ကာကွယ်ဆေးမျိုးစုံ လျင်မြန်စွာပေါ်ထွက်လာခြင်းသည် ထိုကဲ့သို့ သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် တိုးတက်နေခြင်း၏ ထင်သာမြင်သာသော ပြယုဂ်များဖြစ်ပေသည်။ ဆိုကြပါစို့ … ကျွန်ုပ်တို့ နားမလည်သေးသော သဘာဝလမ်းစဉ် (Natural Mechanism) နေရာတွင် ဘုရားသခင်အား အစားထိုး ဆင်ခြင်ပေးခဲ့ပါက သို့မဟုတ် God-of-the-gaps ယုတ္တိအမှားအား ဘုရားသခင်တည်ရှိခြင်း၏ သက်သေအဖြစ် အကြောင်းပြချက်ပေးခဲ့ပါက နောင်တချိန်တွင် သိပ္ပံပညာအားဖြင့် ရှာဖွေသိရှိနားလည်လာပြီး သိပ္ပံနည်းကျ ချက်ကျလက်ကျရှင်းပြလာနိုင်ပါက ဘုရားသခင် ဘာဖြစ်သွားမည်နည်း။ ဟုတ်ပါသည် … ဘုရားသခင်ကတော့ ဘာမှမဖြစ်သွားပါ .. သို့သော် ကျွန်ုပ်တို့ အသုံးပြုခဲ့သောယုတ္တိအမှားသည် ပညာမဲ့သောဆင်ခြေ၊ ရှက်ဖွယ်သော invalid ဆင်ခြေဖြစ်သွားပြီး မယုံကြည်သူတို့အတွက် သူတို့ဘဝတွင် ဘုရားသခင်၏အခန်းကဏ္ဍသည် ပိုမိုမှေးမှိန်သွားပေလိမ့်မည်။
ယုံကြည်သူတယောက်အနေနှင့်သော်လည်းကောင်း၊ အကြောင်းအရာတစုံတခုကို ကျိုးသင့်ကြောင်းသင့်ဆင်ခြင်တတ်သူ အနေနှင့်သော်လည်းကောင်း “သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများအတွက် ဘုရားသခင်အား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” ကို မကျူးလွန်မိစေရန် အထူးသတိပြုရှောင်ကြည်သင့်ပေသည်။

အချို့ကလည်း ဆင်ခြေအပေါ် ဆင်ခြေထပ်၍ ပေးတတ်ပါသေးသည်။ သိပ္ပံနည်းကျ မရှင်းပြနိုင်သေးသောအရာများအတွက် ဘုရားသခင်အား အစားထိုးဖြည့်တင်းခြင်းသည် ဘုရားသခင်၏ ဘုန်းတော်ကို ချီးမွမ်းရာ သို့ မဟုတ် ဘုရားအား ဂုဏ်တင်ချီးမြှောက်ရာ မရောက်ပေဘူးလားဟူ၍ဖြစ်သည်။ အထက်ကလည်း “ယုတ္တိအမှား” ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းရှင်းပြခဲ့ပြီးဖြစ်သည်။ ထိုကဲ့သို့ ယုတ္တိအမှား ကျူးလွန်ခြင်းသည် ဘုရားသခင်အား ဂုဏ်တင်ရာမရောက်ဘဲ ဘုရားသခင်အား လူဘုံအလယ်တွင် အရှက်ခွဲနေသည်နှင့်ပင် တူနေပါသည်။ ထိုကဲ့သို့ မမှန်မကန်သက်သေခံခြင်းသည် ဘုရားသခင်အလိုတော်ရှိသောအရာ မဟုတ်ပေ။ ထိုသို့ဆိုသော် အရာအားလုံးသည်လည်း သဘာဝလမ်းစဉ်အတိုင်း သူ့ဘာသူ အလိုလို အမြဲတမ်းဖြစ်တည်လာသည်ဟူ၍လည်း မဟုတ်ချေ။ ကျွန်ုပ်တို့က စူးစမ်းသိလိုစိတ်(curiosity) နဲ့သာ လေ့လာနေသော်လည်း တခါတရံ ဘုရားသခင်ရဲ့ တန်ခိုးတော်နှင့် တိုက်ရိုက်ဖန်ဆင်းထားသည့် သို့မဟုတ် ထိန်းချုပ်ထားသည့်အရာများစွာလည်း ရှိနိုင်ပါသည်။ ထင်သာမြင်သာသော ဥပမာမှာ စကြဝဠာ၏မူလအခြေအနေ (The Origin of The Universe) ဖြစ်ပါသည်။ ယခုလက်ရှိသိပ္ပံပညာရှင်အများ လက်ခံထားကြတဲ့ မဟာပေါက်ကွဲမှု သီအိုရီ (Big Bang Theory) သာအမှန်ဖြစ်မည်ဆိုပါက အချိန်-ဟင်းလင်းပြင်(Space-Time) စင်္ကြာဝဠာကြီးတစ်ခုလုံးဟာ အလွန်ပူပြင်းပြီး၊ အင်မတန် သိပ်သည်းသော အထူးမှတ်(Singularity)မှ မဟာပေါက်ကွဲမှုအားဖြင့် မွေးဖွားလာခဲ့ပါသည်။ မဟာပေါက်ကွဲမှု၏ အစောဆုံးကာလတွင် သိပ်သည်းသောစွမ်းအင်၊ အင်မတန်ပူပြင်းသော အပူချိန်ရှိကာ လျင်မြန်စွာ ဆက်တိုက်အေးမြလာခဲ့သည်။ ၁၀−၃၇ စက္ကန့်ခန့်တွင် ဖောင်းပွမှု စတင်ခဲ့သည်။ နှိုင်းရသီအိုရီဖြင့် အသုံးပြုကာ အချိန်ကိုနောက်ပြန်သွားပါက အင်မတန်သိပ်သည်းကာ ပူပြင်းသော စင်္ကြာဝဠာအားတွေ့ရှိရပေမည်။ ထိုအထူးမှတ်ကိုပင် မဟာပေါက်ကွဲမှုဟု ခေါ်ဝေါ်ကြသည်။ ယင်းအား စင်္ကြာဝဠာ၏ မွေးဖွားမှုဟုပင် သတ်မှတ်နိုင်ပါသည်။ အထူးမှတ် သည် နှိုင်းရသီအိုရီအား ချိုးဖောက်ကာ ရူပဗေဒနိယာမအားလုံးကိုလည်း ချိုးပစ်လိုက်သည်။ ထိုကြောင့် ထိုအထူးမှတ်(Singularity) အရောက်မှာ ကျွန်တော်တို့လက်ရှိနားလည်ထားသည့် ရူပဗေဒနိယာမများဟာ ပြိုလဲကုန်ပါသည်။ အလုပ်မဖြစ်တော့ပါ။ ထို့ကြောင့် အထူးမှတ်အတွင်းကအခြေအနေများနဲ့ ထိုမတိုင်ခင်ကအဖြစ်အပျက်များကို သိရှိနားလည်နိုင်ခြင်းငှါ ကျွန်တော်တို့ မစွမ်းဆောင်နိုင်သေးပါ။ Spacetime ကို အချို့က မြန်မာလို အာကာသအချိန် သို့မဟုတ် အချိန်နေရာ သို့မဟုတ် အချိန်ဟင်းလင်းပြင် စသဖြင့်အမျိုးမျိုး ခေါ်ကြပါသည်။ အာကာသလဟာပြင်ကိုယ်၌က ပြန့်ကားနိုင်ခြင်း၊ ကျုံ့နိုင်ခြင်း၊ ကွေးညွတ်နိုင်ခြင်း ဂုဏ်သတ္တိတွေရှိပါသည်။ ထို့ကြောင့် ကျွန်တော်တို့ စင်္ကြာဝဠာကြီးကို မွေးဖွားပေးသည့် မဟာပေါက်ကွဲမှုဖြစ်စဉ်ကြီးသည် နဂိုကတည်းကကြိုရှိနှင့်နေပြီးသော အာကာသဟင်းလင်းပြင်(Preexisting Space)ထဲမှာ ဖြစ်ပေါ်ခဲ့တာမဟုတ်ဘဲ မဟာပေါက်ကွဲမှုအားဖြင့် အာကာသဆိုတာ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် မဟာပေါက်ကွဲမှုဖြစ်စဉ်အားဖြင့် ကျွန်ုပ်တို့လက်ရှိသိရှိနားလည်ထားပြီးသည့်အရာအပေါ် အခြေခံသုံးသပ်ပါက မဟာပေါက်ကွဲမှုမတိုင်ခင်တွင် အာကာသ (Space)၊ အချိန် (Time) နှင့် ဒြပ် (matter) အားလုံး မရှိခဲ့ပါ။ အချိန် (Time) ဆိုသည့်အရာပင် ထိုပေါက်ကွဲမှုနှင့်အတူ မွေးဖွားလာခြင်းဖြစ်သည့်အတွက် သဘာဝတရားပင်လျှင် Big Bang ဖြစ်ပြီးမှ ဖြစ်ပေါ်လာခြင်းဖြစ်သည့်အတွက် အရာအားလုံးကို သဘာဝလမ်းစဉ်ဖြင့်သာ ဖော်ပြနိုင်မည် မဟုတ်ဟု ယူဆပါသည်။ Multiverse Theory သည် အခြားတကဏ္ဍဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ မသိနိုင်ပါ။ ထို့ကြောင့် မိမိမသိနားမလည်သောအရာအတွက် အရိုးသားဆုံးနှင့် အနှိမ့်ချဆုံးအဖြေမှာ “ကျွန်တော်/ကျွန်မ မသိပါ” ဟူ၍သာဖြစ်ပါသည်။ မသိသည့်အရာကို “မသိပါ၊ မသိသေးပါ” ဟူ၍ ဝန်ခံရခြင်းသည် ရှက်စရာမဟုတ်ပါ။ မိမိ မသိနားမလည်သည့်အရာကို သိချင်ယောင်ဆောင်၊ တတ်ချင်ယောင်ဆောင်ခြင်းကသာ ရှက်စရာဖြစ်ပါသည်။ ကျွန်တော်တို့သည် ကျမ်းစာအုပ်ကြီး ကိုင်ပြီး၊ ကျမ်းစာပဲဖတ်ပြီး “ကျွန်တော်တို့သာလျှင် အကုန်သိ၊ အကုန်တတ်” ပုံစံဖမ်းတတ်ပြီး မောက်မာတတ်ကြပါသည်။ ထိုအရာကို အထူးသတိပြုသင့်ပါသည်။ သူများထိမိ၍ လဲစရာမဖြစ်စေဘဲ ထိမိ၍တည်ဆောက်စရာ သာ၍ဖြစ်ကောင်းပါ၏။

God-of-the-gaps-fallacy နှင့် သမိုင်းထဲမှ သင်ခန်းစာများ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆိုလျှင် လျှပ်စီးလက်၊ မိုးချိန်းပြီး မိုးအော်သံများပါလာပြီဆိုလျှင် မိဘများက ကလေးများကို “ဒေဝေါကြီး .. လာပြီ။ ဒေဝေါကြီး .. လာပြီ။ အိမ်ထဲမြန်မြန်ဝင်ကြ” ဟူ၍ ခြောက်လှန့်ပြောဆိုလေ့ရှိသည်။ ငယ်ငယ်ကတော့ ဘာရယ်မဟုတ်၊ ကျွန်ုပ်တို့ ကြောက်ပြီး အိမ်ထဲပြေးဝင်ကြသည် မဟုတ်ပါလား။ သိပ်မကြာပါ​ .. မိုးများ၊ လေများထန်လာပါလေရော။ ထိုသို့အားဖြင့် ကလေးများ၏စိတ်ထဲတွင် “ဒေဝေါ” ဟူသည့်အရာကို ပုဂ္ဂိုလ်တပါးပါး ဖြစ်မည်ဟု ထင်မှတ်လာပြီး သူလာလျှင် အိမ်ထဲပြေးဝင်ကြရမည်ကို အလိုလိုနားလည်သွားသည်။ အမှန်မှာ မိဘများက ကလေးများ မိုးမိကာ အအေးပတ်ပြီး နေမကောင်းဖျားနာဖြစ်မည်ကို စိုးရိမ်သောကြောင့် ထိုသို့ ခြောက်လန့်ခြင်းသာဖြစ်သည်။ သို့ရာတွင် ကလေးများအတွက်တော့ “ဒေဝေါကြီး” သည် God-of-the-gaps ဖြစ်ခဲ့ပါသည်။ မိုးရွာ၊ လေထန်ခြင်းသည် ဒေဝေါကြောင့်ဖြစ်မည်၊ ဒေဝေါလာသောကြောင့် စသဖြင့်ပေါ့။ အဘယ့်ကြောင့် မိုးရွာ၊ လေထန်သည်ကို မသိနားမလည်သေးသော ကလေးများအတွက်တော့ “ဒေဝေါကြီး” သည် အစားထိုးဖြည့်တင်းခံရသောအရာဖြစ်ခဲ့လေသည်။ ထိုသို့အရွယ်ရောက်လာသည်နှင့် ကျောင်းနေကြရသောအခါ ကျောင်းသင်ခန်းစာပါသိပ္ပံဘာသာရပ်တွင် ရာသီဥတုဖြစ်ပေါ်လာပုံနှင့် အဘယ့်ကြောင့် မိုးရွာသွန်းရသည်ကို သိနားလည်လာသည့်အခါ “ဒေဝေါကြီး” သည် မိုးလေသည်းထန်ရခြင်း၏ အကြောင်းရင်း မဟုတ်ဘဲ သဘာဝဖြစ်စဉ် (Natural Phenomena) ကြောင့်သာ မိုးရွာသွန်းရခြင်းဖြစ်ကြောင်းကို သိနားလည်သွားတော့သည်။

ကလေးများသာ မဟုတ်၊ အရွယ်ရောက်ပြီး လူကြီးများသည်လည်း သဘာဝသတ္တလောကြီးနှင့်ပတ်သက်၍ ထာဝရဘုရားသခင် သို့မဟုတ် နတ်ဘုရား သို့မဟုတ် အတိတ်ဘဝကံ စသည်တို့ကို အစားထိုးဖြည့်တင်းပြီး မိမိတို့ မသိနားမလည်ခြင်းများအတွက် လူ့သမိုင်းတွင် ဆင်ခြေများစွာပေးခဲ့ကြလေသည်။ ဥပမာ မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းသည် ဘုရားသခင်က ကိုယ်တော်၏ တန်ခိုးတော်ဖြင့် တိုက်ရိုက်ဖန်ဆင်းထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ အခြားသော သာဓကမှာ ဂရိနှင့် ရောမတို့၏ ဒဏ္ဍာရီလာ နတ်ဘုရားများ ဖြစ်သည်။ လူ့သမိုင်းတွင် အီဂျစ်၊ ဂရိနှင့် ရောမတို့၏ စာပေယဉ်ကျေးမှုများ၊ နတ်ဘုရားကိုးကွယ်ယုံကြည်မှုများနှင့် ဒဏ္ဍာရီပုံပြင်များတို့သည် အလွန်လူကြိုက်များထင်ရှားခဲ့ဖူးပါသည်။ ထိုအထဲမှ လူသိများသောအရာမှာ ဂရိနတ်ဘုရား ဇူးစ် (Zeus) နှင့် ရောမနတ်ဘုရား ဂျူပီတာ (Jupiter) တို့ဖြစ်သည်။ ရှေးလူကြီးများသည် မိုးရွာသွန်းခြင်း၊ လေမုန်တိုင်းတိုက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းတို့သည် Zeus နတ်ဘုရား အမျက်တော်ထွက်ခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည်။ ရောမတို့သည်လည်း ထိုနည်း၎င်းပင်။ အကြောင်းမှာ သူတို့၏ ယုံကြည်မှုတွင် ဂရိအခေါ် Zeus နှင့် ရောမအခေါ် Jupiter တို့သည် ကောင်းကင်နှင့် မိုးကြိုးလျှပ်စီးတို့၏ နတ်ဘုရား ဖြစ်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Zeus နှင့် Jupiter နတ်ဘုရားတို့သည် ရှေးလူကြီးတို့အတွက် gods-of-the-gaps (သဘာဝတရားနှင့် ပတ်သက်၍ မိမိတို့ မသိနားမလည်ခြင်းများအတွက် အစားထိုးဖြည့်တင်းထားသော နတ်ဘုရားများ) ဖြစ်ခဲ့လေသည်။ မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းသည် အဘယ့်ကြောင့်ဖြစ်ရသည်ကို ထိုခေတ်အခါက ရှေးလူကြီးများ မသိနားမလည်ခဲ့သောကြောင့် ထိုသို့ ဖြစ်ရခြင်းသည် နတ်ဘုရားများ အမျက်တော်ထွက်ခြင်းကြောင့်ဖြစ်သည်ဟု အကြောင်းပြချက်ပေးခြင်းသည် gods-of-the-gaps fallacy ယုတ္တိအမှားကို ကျူးလွန်ခြင်းဖြစ်ပါသည်။

ခရစ်ယာန်တို့၏ သမ္မာကျမ်းစာတော်မြတ်တွင်လည်း ထာဝရဘုရားသခင်သည် ဥတုရာသီစက်ကွင်းများကို တန်ခိုးတော်နှင့် တိုက်ရိုက်ထိန်းချုပ်ထားကြောင်းရှင်းရှင်းလင်းလင်းဖော်ပြထားပေသည်။ ကျမ်းချက်အများအပြားတွင်လည်း မိုးရွာသွန်းခြင်းနှင့် မိုးခေါင်ခြင်း၏ အဓိကအကြောင်းတရားသည် ဘုရားသခင်သာဖြစ်သည်ဟု ဖော်ပြထားပြန်ပါသည်။ ထိုကျမ်းချက်များမှာ …



“သင် တို့ သည် စ ပါး၊ စ ပျစ် ရည်၊ ဆီ တို့ ကို စု သိမ်း စေ ခြင်း ငှာ အ ရင် မိုး၊ နောက် မိုး တည်း ဟူ သော သင် တို့ ပြည် နှင့် ဆိုင် သော မိုး ရေ ကို ငါ ပေး မည်။ သင် တို့ သည် ဝ စွာ စား ရ မည် အ ကြောင်း၊ သင် တို့ တိ ရ စ္ဆာန် များ အ ဖို့ လွင် ပြင်၌ မြက် ပင် ကို ငါ ပေါက် စေ မည်။ သင် တို့ သည် မိ စ္ဆာ ဒိ ဌိ အ ယူ ကို စွဲ၍ လမ်း မ လွဲ၊ အ ခြား တစ် ပါး သော ဘု ရား တို့ ကို ဝတ် ပြု၊ ကိုး ကွယ် ခြင်း နှင့် ကင်း လွတ် မည် အ ကြောင်း၊ ကိုယ် ကို ကိုယ် သ တိ ပြု ကြ လော့။ သို့ မ ဟုတ် ထာ ဝ ရ ဘု ရား သည် အ မျက် တော် ထွက်၍ မိုး မ ရွာ၊ မြေ၏ အ သီး အ နှံ ကို မ ဖြစ် စေ ခြင်း ငှာ၊ မိုး ကောင်း ကင် ကို ပိတ် တော် မူ မည်။ ထာ ဝ ရ ဘု ရား ပေး တော် မူ သော ကောင်း မွန် သော ပြည်၌ သင် တို့ သည် အ လျင် အ မြန် ပျောက် ပျက် ကြ လိမ့် မည်။”
တ ရား ဟော ရာ ကျမ်း။ ၁၁ : ၁၄ – ၁၇

ဘု ရား သ ခင် သည် ကြီး သော အ မှု၊ စစ်၍ မ ကုန် နိုင် သော အ မှု၊ ရေ တွက်၍ မ ဆုံး၊ အံ့ ဩ ဖွယ် သော အ မှု တို့ ကို ပြု တော် မူ၏။ မြေ ပေါ် မှာ မိုး ရွာ စေ သ ဖြင့် လယ် တို့၌ ရေ ကို ပေး တော် မူ၏။”
ယော ဘ ဝ တ္တု။ ၅ : ၉ – ၁၀

“မိုး ကောင်း ကင် အောက်၌ အ နှံ့ အ ပြား လွှတ်၍၊ မြေ ကြီး စွန်း တိုင် အောင် လျှပ် စစ် ပြက် စေ တော် မူ၏။ လျှပ် စစ် ပြက် ပြီး မှ အ သံ တော် ထွက်၏။ ဘုန်း အာ နု ဘော် တော် အ သံ နှင့် မိုး ချုန်း တော် မူ၏။ အ သံ တော် မြည် သော အ ခါ မိုး သက် မုန် တိုင်း ကို ချုပ် တည်း တော် မ မူ။ အံ့ ဩ ဖွယ် သော အ ခြင်း အ ရာ ပါ လျက်၊ ဘု ရား သ ခင် သည် အ သံ တော် နှင့် မိုး ချုန်း တော် မူ၏။ ကြီး သော အ မှု ငါ တို့ နား မ လည် နိုင် သော အ မှု တို့ ကို ပြု တော် မူ၏။ မြေ ပေါ် မှာ ဖြစ် စေ ဟု မိုး ပွင့် ကို လည်း ကောင်း၊ သုန် ဖျင်း သော မိုး ရေ နှင့် တန် ခိုး တော် ကြောင့် ပြင်း ထန် သော မိုး ရေ ကို လည်း ကောင်း မိန့် တော် မူ၏။”
ယော ဘ ဝ တ္တု။ ၃၇ : ၃ – ၆

“သာ သ နာ ပ လူ တို့ ကိုး ကွယ် သော ရုပ် တု ဆင်း တု တို့ တွင်၊ မိုး ရွာ စေ နိုင် သော သူ ရှိ ပါ သ လော။ မိုး သည် အ လို လို ရွာ နိုင် ပါ သ လော။ အ ကျွန်ုပ် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သာ လျှင် တတ် နိုင် တော် မူ သည် မ ဟုတ် လော။ သို့ ဖြစ်၍၊ ကိုယ် တော် ကို မျှော် လင့် လျက် နေ ပါ မည်။ ကိုယ် တော် သည် အ လုံး စုံ တို့ ကို ဖန် ဆင်း သော ဘု ရား ဖြစ် တော် မူ၏။”
ယေ ရ မိ အ နာ ဂ တ္တိ ကျမ်း။ ၁၄ : ၂၂

“မြေ ကြီး စွန်း မှ မိုး တိမ် တို့ ကို တက် စေ တော် မူ၏။ မိုး နှင့် တ ကွ လျှပ် စစ် ကို ဖန် ဆင်း တော် မူ၏။ ဘ ဏ္ဍာ တော် တိုက် ထဲ က လေ ကို ထုတ် တော် မူ၏။”
ဆာ လံ ကျမ်း။ ၁၃၅ : ၇

အခြားသော ကျမ်းချက်များလည်း ရှိပါသေးသည်။ ယခုဆောင်းပါးအတွက် ဤမျှလောက် ဖော်ပြလျှင် လုံလောက်မည်ဟု ထင်ပါသည်။ ဒီကျမ်းစာများကို ဖတ်သည့်အခါ ၂၀ ရာစုက လူတဦး သို့မဟုတ် ၂၁ ရာစုက လူတဦးကဲ့သို့ မယူဆထားဘဲ မိမိကိုယ်ကို လေယာဉ်များ၊ ဂြိုလ်တုများလည်း မရှိသေး၊ ခေတ်သစ်သိပ္ပံနည်းပညာလည်း မထွန်းကားသေးသည့် အချိန်ကာလတခုတွင် အသက်ရှင်ခဲ့ဖူးသည့် ထိုခေတ်အခါက လူတဦးကဲ့သို့ ခဏလောက်ရှုမြင်ပြီး ဖတ်ကြည့်ပါ။ ဤကျမ်းချက်များ ဖတ်ပြီးသည့်နောက် အဘယ့်ကြောင့် မိုးရွာသွန်းရသနည်း၊ အဘယ်ကြောင့် လျှပ်စီးလက်ရသနည်း၊ မိုးချုန်းရသနည်း ဟူသည့် မေးခွန်းများကို ဖြေကြည့်ပါ။ သင်၏ အဖြေမှာ ထိုအရာများကို တိုက်ရိုက်ဖြစ်ပေါ်စေသည့် အကြောင်းရင်းမှာ ထာဝရဘုရားသခင်ပင် ဖြစ်သည်ဟူ၍ပြန်လည်ဖြေဆိုလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်၊​ စာရေးသူဆိုလျှင်လည်း ထိုကဲ့သို့ပင် ထင်မှတ်ခဲ့ပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် သမ္မာကျမ်းစာထဲမှာ ထိုအတိုင်း ရေးထားသောကြောင့် (BIBLICAL) ဖြစ်ပါသည်။ အချို့က ချက်ခြင်းစောတက တက်ပေလိမ့်မည်။ ဒီကျမ်းချက်တွေကို ဒီလို နားလည်ရမှာ မဟုတ်ဘူး၊ ဟိုလို အနက်ပြန်ရမှာ စသဖြင့်ပေါ့။ ထိုကဲ့သို့ “ဟိုလိုအနက်ပြန်ရမယ်၊​ ဒီလိုအနက်ပြန်ရမယ်” ဟု သုံးသပ်နေခြင်းကိုက သင်သည် ယနေ့ ခေတ်ကာလ၏ သိပ္ပံဆိုင်ရာဗဟုသုတသော်လည်းကောင်း မိုးလေဝသဆိုင်ရာ ဗဟုသုတသော်လည်းကောင်း အတိုင်းအတာတခုထိ လွှမ်းမိုးထားခြင်းခံရပြီးဖြစ်သည့်အတွက် သင့်ရဲ့ မသိစိတ်ကနေ “ဒီလို အနက်ပြန်တာကတော့ မမှန်ဘူး၊ ဟိုလို အနက်ပြန်မှ မှန်မယ်” ဟု သုံးသပ်နေခြင်းဖြစ်ပါသည်။​ ထို့ကြောင့်ပင် မိမိကိုယ်ကို ၂၀ ရာစုက လူတဦး သို့မဟုတ် ၂၁ ရာစုက လူတဦးကဲ့သို့ မယူဆထားဘဲ မိမိကိုယ်ကို ရှေးခေတ်ကာလတွင် အသက်ရှင်ခဲ့ဖူးသည့် လူတဦးကဲ့သို့ ခဏလောက်ရှုမြင်ပြီးမှ ထိုကျမ်းချက်များ ဖတ်ကြည့်ဖို့ရန် စာရေးသူ စကားပလ္လင်ခံခဲ့ပါသည်။

ရှေးယခင်ကလူများသည် ဂြိုလ်ပတ်လမ်းများ၏ သဘောသဘာဝကို မသိနားမလည်သေးသည့်အခါ လသည် ကမ္ဘာအား လှည့်ပတ်နေခြင်း၊ ဂြိုလ်များသည် နေ (Sun) အား စည်းချက်ညီညီ စနစ်တကျ လှည့်ပတ်နေခြင်း (Solar System) သည် ထာဝရဘုရားသခင်၏ တန်ခိုးတော်၊ လက်တော်အားဖြင့် တိုက်ရိုက်ထိန်းချုပ်လည်ပတ်စေခြင်းကြောင့်ဖြစ်သည်ဟု အကြောင်းပြချက်ပေးကာ God-of-the-gaps fallacy ကို နှစ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြဖူးသည်။ မိမိတို့ မသိနားမလည်ခြင်းများအတွက် သို့မဟုတ် တစုံတယောက်နှင့် ဆွေးနွေးငြင်းခုန်နေချိန်ကာလတွင် သိပ္ပံပညာမှ မရှင်းပြနိုင်သေးသည့် အရာများအတွက် အကောင်းဆုံးနှင့် အသင့်တော်ဆုံးဖြေရှင်းချက်​ (The best explanation) မှာ ဘုရားသခင်(God) ပင်ဖြစ်သည်ဟု လွှဲချကြလေတော့သည်။ ထိုအရာသည် ယုတ္တိအမှားဖြစ်ပေသည်။ ဘုရားသခင်သည် ဖန်ဆင်းရှင်ထာဝရဘုရားဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ကြသည်။ စာရေးသူလည်း ယုံကြည်ပြီးဖြစ်သည်။ သို့သော် အထက်ပါ ဂြိုလ်ပတ်လမ်းများနှင့် ပတ်သက်၍ ဘုရားသခင်က ကိုယ်တော်၏လက်တော်အားဖြင့် တိုက်ရိုက်ထိန်းချုပ်ထားခြင်း သို့မဟုတ် ဘုရားသခင်ကိုယ်တော်တိုင် တိုက်ရိုက် ပါဝင်ပတ်သက်ဆက်နွယ်နေခြင်း မရှိကြောင်း ယနေ့တွင် ကျွန်ုပ်တို့ သိနားလည်ပြီးဖြစ်ပါသည်။ အမှန်မှာ မိုးရွာသွန်းခြင်းသည် ပင်လယ်သမုဒ္ဒရာများမှ ရေများသည် နေအပူရှိန်ကြောင့် အခိုးအငွေ့ပြန်ကာ မိုးတိမ်များဖြစ်ပေါ်ပြီး အောက်သို့ ပြန်ကျလာခြင်းကြောင့် ဖြစ်ပါသည်။ ထိုအချင်းအရာကို မြန်မာနိုင်ငံ၏ ၇ တန်း ပထဝီဖတ်စာအုပ်တွင်ပင် ပြန်လည် ဖတ်ရှုလေ့လာနိုင်သည်။ ထို့အပြင် လသည် ကမ္ဘာပေါ်သို့ ကျမလာခြင်း၊ ဂြိုလ်များသည်လည်း နေထဲသို့ ဝင်မသွားဘဲ နေမင်းအား ဟန်ချက်ညီညီ လှည့်ပတ်နေခြင်း၏ အကြောင်းရင်းမှန်မှာလည်း ဒြပ်ဆွဲအား (The Force of Gravity) ကြောင့်ဖြစ်သည်။ ဒြပ်ဆွဲအားကို ရှာဖွေတွေ့ရှိခြင်းနှင့်ပတ်သက်ပြီး ထင်ရှားကျော်ကြားသူမှာ အားလုံးသိကြပြီးဖြစ်သည့် ဆရာကြီး Issac Newton ပင် ဖြစ်ပါသည်။

ဆရာကြီး Issac Newton သည် ဒြပ်ဆွဲအား (The Force of Gravity) ကို လူတို့နားလည်ရန် သူရှင်းပြလေ့ရှိသည့် သူ၏ သင်္ချာညီမျှခြင်း (Mathematical Equation) များဖြင့် စာရွက်နဲ့ ခဲတံကိုသာ (ကျွန်ုပ်တို့ခေတ်ကဲ့သို့ ကွန်ပျူတာများဖြင့် မဟုတ်) အသုံးပြုပြီး ဂြိုလ်များ ရွေ့လျားမည့် လမ်းကြောင်းများ၊ နေကို လှည့်ပတ်မည့် ဂြိုလ်ပတ်လမ်းများကို ထိုခေတ်အခါက ထူးချွန်ပြောင်မြောက်စွာ တိတိကျကျ ခန့်မှန်းတွက်ထုတ်နိုင်ခဲ့သည်။ သူ၏ Equation ကြောင့် အထက်က ဂြိုလ်ပတ်လမ်းဆိုင်ရာ God-of-the-gaps fallacy သည် အဆုံးသတ်သွားလေတော့သည်။ သို့သော် ဆရာကြီး Newton ကိုယ်တိုင်သည်ပင်လျှင် နောက်ထပ် God-of-the-gaps fallacy ယုတ္တိအမှားတမျိုးကို ထပ်မံကျူးလွန်ခဲ့မိပြန်ပါသည်။ ထိုအကြောင်းအရာကို စိတ်ဝင်စားပါက ယခုဆောင်းပါး၏ ကိုးကားထားသောစာပေအရင်းအမြစ်များထဲမှ တခုဖြစ်သည့် Are gaps in scientific knowledge evidence for God? ဟူသည့် ဆောင်းပါးတွင် ကိုယ်တိုင်သွားရောက်ဖတ်ရှုလေ့လာနိုင်ပါသည်။ ဆရာကြီး Newton ကဲ့သို့ ထူးချွန်ပြောင်မြောက်သောသူပင်လျှင် God-of-the-gaps fallacy ကို ကျူးလွန်ခဲ့ဖူးသည့်အတွက် ကျွန်တော်တို့ သာမန်လူများသည်လည်း ဘုရားသခင်တည်ရှိခြင်း၊​ မတည်ရှိခြင်းအကြောင်း ကျိုးသင့်ကြောင်းသင့် ဆွေးနွေးငြင်းခုန်သည့်အခါ God-of-the-gaps ယုတ္တိအမှားကို မကျူးလွန်မိစေရန် အထူးသတိပြုရှောင်ရှားသင့်ပေသည်။

God-of-the-gaps fallacy နှင့်ဆင်တူသော အခြားယုတ္တိအမှားများ ရှိပါသေးသလား။

“မသိနားမလည်သေးသောအရာများအတွက် ဘုရားသခင် အား အစားထိုးဖြည့်တင်းသော ယုတ္တိအမှား” မျိုးကို ခရစ်ယာန်များဘက်ကသာလျှင် ကျူးလွန်တတ်သည်တော့ မဟုတ်ပေ။ ထိုကဲ့သို့ ယုတ္တိအမှားများနှင့် ဆင်တူသော အခြားယုတ္တိအမှားလည်း ရှိပါသေးသည်။ ဘုရားသခင် (God) နေရာတွင် ဘာမဆိုဖြစ်နိုင်ပါသည်။ စာရေးသူအတွေ့အကြုံအရ အတွေ့များသော ယုတ္တိအမှားများမှာ Karma-of-the-gaps fallacy နှင့် Naturalism-of-the-gaps fallacy တို့ဖြစ်ကြပါသည်။ Karma-of-the-gaps fallacy ကို ဗုဒ္ဓဘာသာဝင်များက အထူးကျူးလွန်ကြသည်ကို မကြာခဏတွေ့ရတတ်ပါသည်။ ဗုဒ္ဓဘာသာဝင်များသည်လည်း သူတို့ မသိနားမလည်သေးသောအရာများအတွက် သို့မဟုတ် သိပ္ပံပညာက လက်ရှိအချိန်တွင် မရှင်းပြနိုင်သေးသောအရာများ၊ ကွာဟချက်များအတွက် အတိတ်ကံ/ကံ ကို အစားထိုးဖြည့်တင်းတတ်သော ယုတ္တိအမှားများဖြစ်ပါသည်။ ထို့အတူ ဘုရားတရားအယုံအကြည်မရှိသူ (Atheist) အချို့တို့သည်လည်း Naturalism-of-the-gaps fallacy မကြာခဏကျူးလွန်တတ်ကြသည်။ Naturalism-of-the-gaps fallacy ကို တခါတရံ Atheism-of-the-gaps fallacy ဟူ၍လည်း ခေါ်ဆိုကြပါသည်။ ထိုယုတ္တိအမှားမှာ မသိနားမလည်သေးသည့်အရာရာတိုင်းအတွက် “သဘာဝဖြစ်စဉ်/သဘာဝတရား” အား အစားထိုးဖြည့်တင်းခြင်းဖြစ်သည်။ မိမိတို့ မသိနားမလည်သေးသည့်အရာများအတွက် အကောင်းဆုံးဖြေရှင်းချက်မှာ “ဘုရားသခင်” သာလျှင်ဖြစ်သည်ဟု မယူဆသင့်သလို ဘုရားတရားအယုံအကြည်မရှိသူများသည်လည်း မိမိတို့ မသိနားမလည်သေးသည့်အရာများအတွက် အကောင်းဆုံးဖြေရှင်းချက်မှာ “သဘာဝဖြစ်စဉ်/သဘာဝတရား” သာလျှင် ဖြစ်ရမည်ဟု မယူဆသင့်ပေ၊ အစားထိုး မဖြည့်တင်းသင့်ပေ။ မည်သည့်အရာ၌ ဘုရားသခင်တိုက်ရိုက်ပါဝင်ပတ်သက်ပြီး မည်သည့်အရာကတော့ဖြင့် သဘာဝဖြစ်စဉ်ဖြစ်သည်ကို ခွဲခြားသိရှိနိုင်ရန်မှာ နှိမ့်ချသောစိတ်ဖြင့် ဆက်လက်စူးစမ်းလေ့လာရမည့် အရာများသာဖြစ်ပါသည်။

အီဂျစ်၊ ဂရိနှင့် ရောမနတ်ဘုရားကိုးကွယ်မှုနှင့် ခရစ်ယာန်ဘာသာ၏ ထာဝရဘုရားအား ယုံကြည်ကိုးကွယ်မှုတို့၏ ကွာခြားချက်မှာ နတ်ဘုရားကိုးကွယ်သူတို့သည် အာကာသ ဂြိုလ်ထည်များနှင့် သဘာဝပတ်ဝန်းကျင်များကို နတ်ဘုရားများအဖြစ် ကိုးကွယ်ယုံကြည်ခဲ့ကြပြီး (ဥပမာ နေနတ်ဘုရား၊ ကောင်းကင်နတ်ဘုရား၊ ရာသီဥတုအတွက်နတ်ဘုရား စသဖြင့်) ခရစ်ယာန်များကမူ ထိုအာကာသ ဂြိုလ်ထည်များနှင့် သဘာဝပတ်ဝန်းကျင်များသည် ဘုရားသခင်ကိုယ်တော်တိုင် မဟုတ်ဘဲ ထိုအရာများကို ဖန်ဆင်းတော်မူသည့် ဖန်ဆင်းရှင် ဘုရားသခင် အဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် သိပ္ပံပညာက ချက်ကျလက်ကျ ရှင်းပြလာနိုင်သည့်အခါ အထက်ပါ နတ်ဘုရားကိုးကွယ်မှုတို့သည် တိမ်ကောပျောက်ကွယ်သွားပြီး ခရစ်ယာန်ဘာသာတရားကမူ ယနေ့ထက်တိုင် တည်တံ့နေနိုင်ခြင်းဖြစ်သည်။ ခရစ်ယာန်များသည် မည်သူ (Who) ဖန်ဆင်းထားသည်ကို သိရှိယုံကြည်နိုင်ပြီး ဘုရားသခင်က ဤစကြဝဠာကြီးကို မည်ကဲ့သို့ (How) အနုစိတ်ဖန်ဆင်းခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ အလုံးစုံ မသိနားမလည်နိုင်သည်ကို ဝန်ခံရပေမည်။ အချို့အရာများကို ကိုယ်တော့်လက်တော်နှင့် တိုက်ရိုက်ဖန်ဆင်းနိုင်ပြီး အချို့အရာများကို သဘာဝလမ်းစဉ်ကို အသုံးပြု၍ ကိုယ်တော်ရှင် ထိန်းချုပ်ထားနိုင်သည်။ ထင်သာမြင်သာသော ဥပမာမှာ လူတယောက်သည် ကွန်ပြူတာဆော့လ်ဝဲပရိုဂရမ်ကို ရေးသားထားပြီး တနေ့တာ လုပ်ငန်းလုပ်ငန်းစဉ်များကို သူ့အလိုလို အော်တို လည်ပတ်နေအောင် နောက်ကွယ်မှ ထိန်းချုပ်ထားသည်နှင့် ဆင်တူပေမည်။ လူကတော့ အလုံးစုံကို တိုက်ရိုက်ထိန်းချုပ်နေခြင်းမျိုးမဟုတ်ဘဲ စက်က လူရေးထားသည့် ညွှန်ကြားချက် (instruction) အတိုင်း အော်တိုလုပ်ဆောင်ပေးနေသော်လည်း ထို ပရိုဂရမ်အစီအစဉ်များကို စတင်ဖန်တီးရေးသားထားသူမှာ လူပင်ဖြစ်သည်။ ထို့အတူ ဘုရားသခင်သည်လည်း သဘာဝလမ်းစဉ် (Natural Phenomena) ကို အသုံးပြုနိုင်ကောင်းပါ၏။

နိဂုံး



ဘုရားသခင်သည် သဘာဝနည်းလမ်းစဉ်ကို လုံးဝအသုံးပြုမည်မဟုတ်ဟု တွေးထင်ခဲ့ဖူးသည့် ခရစ်ယာန်တို့၏ အယူအဆဟောင်းများသည် မှားယွင်းကြောင်း သမိုင်းတွေ သင်ခန်းစာများရှိခဲ့ဖူးကြောင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် ခရစ်ယာန်များသည်လည်း မိမိ၏ အငြင်းအခုံတွင် ယုတ္တိအမှားများ ကို သတိပြုရှောင်ရှားရုံသာမက အခြားသူများ၏ အငြင်းအခုံတွင် ယုတ္တိအမှားများကို ရှာဖွေတတ်ဖို့ရန် လိုအပ်ပေသည်။ သို့မဟုတ်ပါလျှင် ငြင်းခုံဆွေးနွေးရာ၌ အမှန်တရားနှင့် ဝေးကွာပြီး ကျိုးကြောင်းဆီလျော်မှု ကင်းသွားမည်ဖြစ်သည်။ ယုတ္တိအမှားများစွာရှိသည့်အနက် God-of-the-gaps fallacy သည် ခရစ်တော်ကို ယုံကြည်သက်ဝင်သူ တယောက်အနေဖြင့် မကျူးလွန်သင့်သော ယုတ္တိအမှားတခုပင်ဖြစ်ကြောင်း ဗဟုသုတအနေဖြင့် ဖော်ပြလိုက်ရပါတော့သည်။

“ဘု​ရား​သ​ခင်​မ​ရှိ​ဟု မိုက်​သော​သူ​သည်​ထင်​တတ်၏။ ထို​သို့​သော သူ​တို့​သည် ဆွေး​မြေ့​ယို​ယွင်း၍ စက်​ဆုပ်​ဖွယ်​သော ဒု​စ​ရိုက်​ကို ပြု​တတ်​ကြ၏။ ကောင်း​သော​အ​မှု​ကို​ပြု​သော​သူ တစ်​ယောက်​မျှ​မ​ရှိ။”
ဆာ လံ ကျမ်း။ ၁၄ : ၁၊ ၅၃ : ၁။

“ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​သော​သ​ဘော​သည် ပ​ညာ၏​အ​ချုပ်​အ​ခြာ​ဖြစ်၏။ လူ​မိုက်​တို့​သည် ပ​ညာ​နှင့် ဥ​ပ​ဒေ​သ​ကို မ​ထီ​မဲ့​မြင်​ပြု​တတ်​ကြ၏။”
သု တ္တံ ကျမ်း။ ၁ : ၇