လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေကို မသိသလို နေလိုက်တာက ဝိညာဉ်ရေးရာကို မထိခိုက်စေဘူးတဲ့လား … အဲဒါဆိုရင် မှားတယ်။
လက်ရှိ အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို ဆိုးရွားစွာ ခံစားနေရတဲ့သူတွေကို ကြည့်ပြီး သနားတဲ့စိတ် … မတရားမှုကို ရွံရှာတဲ့စိတ် … မရှိဘဲ ကူညီလိုမှုကင်းတဲ့စိတ် … လျစ်လျူရှုလိုသောစိတ် ရှိနေတာက ဝိညာဉ်ရေးရာ အတော် ထိခိုက်နေပြီဆိုတာ သိရမယ်။
ဘေးက လိုအပ်နေသူကို လျစ်လျူရှုပြီး တရားကျင့်မယ်ပေါ့ သို့မဟုတ် ဘုရားချစ်မယ်ပေါ့ … အဲဒီစိတ်၊ အဲဒီသဘောက မှားတယ် .. လုံးဝမှားတယ်။
ဟုတ်တယ် …. ငါတို့ မှားမယ်
“ငါ့ညီအစ်ကိုတို့၊ တစ်စုံတစ်ယောက်သောသူက၊ ငါသည် ယုံကြည်ခြင်းရှိ၏ဟု ပြောလျက်၊ အကျင့်ကို မကျင့်ဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။ ထိုယုံကြည်ခြင်းသည် ထိုသူကို ကယ်တင်နိုင်သလော။- ညီအစ်ကိုနှမတို့သည် အဝတ်အချည်းစည်းရှိ၍၊ နေ့တိုင်း စားရသောအစာမရှိသောအခါ၊- သင်တို့တွင် တစ်စုံတစ်ယောက်သောသူက၊ ငြိမ်ဝပ်စွာသွားကြလော့။ နွေးကြလော့။ ဝကြလော့ဟု ပြောလျက်၊ သူတို့ကိုယ်နှင့်တော်လျော်သော အသုံးအဆောင်ကို မပေးဘဲနေလျှင် အဘယ်အကျိုးရှိသနည်း။- ထိုနည်းတူ၊ အကျင့်နှင့်ကင်းသော ယုံကြည်ခြင်းသည် တစ်ပါးတည်းရှိသောကြောင့် အသေဖြစ်၏။- တစ်နည်းကား၊ သင်သည် ယုံကြည်ခြင်းရှိ၏။ ငါသည် အကျင့်ရှိ၏။ သို့ဖြစ်၍ သင်သည်အကျင့်မရှိဘဲ သင်၏ယုံကြည်ခြင်းကို ပြလော့။ ငါမူကား၊ အကျင့်အားဖြင့် ငါ၏ယုံကြည်ခြင်းကို ပြမည်ဟု ပြောစရာရှိ၏။”
ရှင် ယာ ကုပ် ဩ ဝါ ဒ စာ။ 2:14-18
ဒါကြောင့်
အသင်းတော်တွေ အနေနဲ့ ဘုရားကျောင်းလေးပိတ်၊ zoom ကနေတွေ့၊ ဆုတောင်းပေးနေတယ် ဆိုရုံနဲ့ မရတော့ဘူးလို့ ထင်ပါတယ်။
အခြေနေတွေ အရမ်း မဆိုးခင် ကျွန်တော်တို့တွေ ပြင်ဆင်ကြရမယ်။
Prevention is better than cure ဆိုတဲ့အတိုင်း ကျွန်တော်တို့ ညီအစ်ကိုချင်း ဂရုစိုက်ကြရမယ်။ ကူညီနိုင်မယ့် လမ်းကြောင်းတွေ စဉ်းစားရမယ်။ အခုက ကျွန်တော်တို့အတွက် ကျွန်တော်တို့ပဲ ရှိပါတယ်။ ငွေတစ်ခုတည်း ကူညီနေလို့ မရပါဘူး။ ဥပမာ – ရန်ကုန်က နယ်မြို့တွေလို မဟုတ်ပါဘူး။ တစ်စုံတစ်ယောက် ကိုဗစ်ကြောင့် အောက်စီဂျင် လိုအပ်ခဲ့မယ်ဆိုရင် ဆိုင်ကယ်တစ်စီးနဲ့ လိုက်ပတ် ရှာနေလို့ မရပါဘူး။ ကားလိုပါမယ်။ တန်းစီစောင့်နေရတဲ့ အခြေနေမျိုး ဖြစ်နေပါပြီ။ အစေခံမယ့် လူငယ်တွေ လိုပါမယ်။ နောက်ပြီး အဲဒီလို ကူညီမယ့် လူငယ်တွေ သီးသန့်နေဖို့ နေရာမျိုးလိုပါမယ်။
အသင်းတော်ရှိ မိသားစုတွေလည်း ကိုယ်ကိုဂရုစိုက်ကြပါ။ မိမိကစ ကာကွယ်ရပါမယ်။ ကိုဗစ်စည်းကမ်းတွေနဲ့ ပတ်သတ်လို့ အထူးအထွေ
ပြောနေစရာလိုမယ်တော့ မထင်ပါဘူး။
ခေတ်ကိုက တော်တော် ဆိုးနေတာပါ။ တစ်ချို့ဆိုရင် နိုင်ငံရေးတစ်ဘက်၊ ကပ်ဘေးတစ်ဘက် တော်တော်ကို ခက်ခဲစိတ်ဓာတ်ကျနေကြတဲ့သူတွေရှိပါတယ်။ အလုပ်မရှိ၊ စားစရာမရှိပါပဲ။ ယုံကြည်သူချင်းမှ မကူရင် ဘယ်သူကူမှာလဲ။ အကျင့်မပါတဲ့ ယုံကြည်ခြင်းဟာ အသေသက်သက်ပါ။
ဆုတောင်းပေးတာမျိုး၊ ဖုန်းဆက်ပေးတာမျိုး၊ ငွေကြေးကူညီတာမျိုးအပြင်၊ ပိုဆိုးလာတဲ့ အခြေနေမျိုးမှာ ပိုပြီးစနစ်ကျတဲ့ စနစ်တွေနဲ့ တုန့်ပြန်ရင်ဆိုင်ဖို့ လိုလာပါတယ်။ စည်းလုံးဖို့လိုပါတယ်။ လူအင်အား၊ ငွေအင်အား၊ မေတ္တာအင်အား လိုပါမယ်။
နောက်အရေးကြီးဆုံးက ဧဝံဂေလိတရား ကြားပြောဖို့ပါပဲ။ အကူအညီတွေ ဘယ်လောက်ပေးပေး လုံလောက်တယ်၊ သို့မဟုတ် စုံလင်သွားမယ် ဆိုတာကတော့ ဒီလောကမှာ မရှိနိုင်ပါဘူး။ နောက်ပြီး ကူညီသမျှက အိုနာသေခြင်းကို ကျော်လွှားစေနိုင်မှာ မဟုတ်ပါဘူး။ တစ်နည်းမဟုတ် တစ်နည်းနည်းနဲ့ တစ်ချိန်ချိန်မှာ ဘဝကူးသွားကြရဦးမှာပါ။
“လူသည် ဤစကြဝဠာကို အကြွင်းမဲ့အစိုးရ၍ မိမိအသက်ဝိညာဉ် ရှုံးလျှင် အဘယ်ကျေးဇူးရှိသနည်း။ မိမိအသက်ဝိညာဉ်ကို အဘယ်ဥစ္စာနှင့် ရွေးနိုင်သနည်း။”
ရှင်မဿဲ ၁၆:၂၆
နောက်ဘဝအတွက် အာမခံချက် ဖြစ်တဲ့ ခရစ်တော်အကြောင်းကို ပြောကြားရပါမယ်။ ဘုရားသခင်ကို တွေ့ကြုံခံစားယုံကြည်ကြလေမှ စိတ်အေးရပါမယ်။
“သင်တို့သည် ငါ့ကိုအမှီပြု၍ ငြိမ်သက်ခြင်းရှိစေခြင်းငှါ ဤစကားကိုငါဟောပြောပြီ။ သင်တို့သည် လောက၌ ဆင်းရဲဒုက္ခကိုခံကြရလိမ့်မည်။ သို့သော်လည်းမစိုးရိမ်ကြနှင့်။ ငါသည်လောကကိုအောင်ပြီဟု မိန့် တော်မူ၏။”
ယောဟန် ၁၆း၃၃
“ငါ့ကိုယုံကြည်၍ အသက်ရှင်သောသူ ရှိသမျှတို့သည်လည်း သေခြင်းနှင့် အစဉ်မပြတ် ကင်းလွတ်ကြလိမ့်မည်။”
ရှင်ယောဟန် ၁၁:၂၆
#ပြင်ဆင်ကြပါစို့
#ကူညီကြစို့
#ဟောပြောကြစို့