ပန်းတိုင်က ကောင်းကင်ထိလေ …
ဘယ်လိုလုပ်ပြီး လောက က ခဏတာအောင်မြင်မှုတွေနဲ့တင် အလိမ်ခံနေရတာတုန်း။ လောကမှာ ခဏကျရှုံးမှုတွေနဲ့တင် ဘာကြောင့် လက်မြောက်ရမှာတုန်း။ (လောကကြီးကိုယ်၌က ခဏတာ ယာယီနော်)
ဒီကမ္ဘာမှာ ဘာဖြစ်သလဲ။
ဒီကမ္ဘာမှာ ဝင်ငွေဘယ်လောက်ရလဲ။
ဒီကမ္ဘာမှာ ပညာဘယ်လောက်တတ်သလဲ။
ဒီကမ္ဘာမှာ ဘယ်လို အောင်မြင်နေသလဲ။
ဒီကမ္ဘာမှာ ဘယ်လောက် နာမည်ကြီးနေသလဲ။
သို့မဟုတ်
ဒီကမ္ဘာမှာ ဆင်းရဲရလို့ …
ဒီကမ္ဘာမှာ ညှဉ်းဆဲခံရလို့ …
ဒီကမ္ဘာမှာ အသတ်ခံရလို့ …
ဒီကမ္ဘာမှာ ဒုက္ခခံရလို့ …
ဒီကမ္ဘာမှာ ချူခြာလွန်းလို့ …
ဒီကမ္ဘာမှာ ဆုံးရှုံးမှုတွေ များလွန်းလို့ …
စတာတွေနဲ့ ဘုရားရဲ့အကြံအစည်/ကောင်းချီးမင်္ဂလာတွေကို မတိုင်းတာပါနဲ့။
ပန်းတိုင်က “သာဓု သစ္စာရှိသော ငယ်သားကောင်း” ဆိုပြီး သခင်ပြောတာကို ကြားရဖို့ မဟုတ်လား။
သခင်ခွဲခန့်ထားရာ နေရာမှာ သခင်ကျေနပ်စေဖို့ပဲ အာရုံစိုက်ပါ။ သခင်ကျေနပ်စေဖို့က အရာရာ အဆင်ပြေနေမှ၊ ပေးကမ်းလှူတမ်းနေနိုင်မှ၊ ပါဝင်လှုပ်ရှားနေနိုင်မှပဲ မဟုတ်ပါဘူး … အခြေအနေတွေ မကောင်းတဲ့ကြားထဲက၊ ကျန်းမာရေးတွေ ချူခြာနေရင်လည်း၊ ဆုံးရှုံးမှုတွေရှိနေရင်လည်း၊ သခင့်ကို ခပ်သိမ်းသောတန်ခိုးတော်နဲ့ပြည့်စုံကြွယ်ဝတော်မူသော ဖန်ဆင်းရှင်၊ ကယ်တင်ရှင်၊ ပြန်လည်ချီဆောင်တော်မူမယ့် သခင်အဖြစ်လည်းကောင်း၊ ဖြောင့်မတ်တော်မူသည်အတိုင်း တစ်နေ့နေ့မှာ လူတိုင်းကို စီရင်တော်မူဦးမယ်ဆိုတာကို အကြွင်းမဲ့ ယုံကြည်ရင်း နေ့စဉ်အသက်တာမှာ အလိုတော်နဲ့အညီ အသက်ရှင်ခြင်းကိုယ်က ဘုရားသခင်ကို ကျေနပ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့
ယုံကြည်ခြင်းမရှိလျှင် ဘုရားသခင်၏ စိတ်တော်နဲ့ မတွေ့နိုင်လို့ ကျမ်းစာတော်မြတ်မှာ ပြောထားတယ်မလား။
အားမလျှော့လိုက်ပါနဲ့။ မျှော်လင့်ချက် မမဲ့လိုက်ပါနဲ့။ အသက်ရှင်၍ ထာဝရစိုးစံတော်မူသော ဘုရားသခင်ကို ယုံကြည်ကိုးစား နာခံလိုက်လျှောက်လိုက်ပါ။
သခင့်ကို တွေ့ဖို့ ချီဆောင်ခြင်းကို မျှော်လင့်နေကြသလို သေခြင်းတရားဟာလည်း သခင့်ကို တွေ့ဖို့ သင်နဲ့ကျွန်ုပ်အတွက် ဖြစ်လာနိုင်တာပဲ။ အတူတူပဲမဟုတ်လား။
သေခြင်းတရားကိုယ်၌က ခရစ်တော်ရဲ့ ရှင်ပြန်ထမြောက်ခြင်းမှာ ကျရှုံးနှင့်ပြီးသားပါ။
ဘုရားသခင်ကို ယုံကြည်သူတွေအတွက် ဘယ်လိုအခြေနေဖြစ်ဖြစ် အရှုံးမရှိပါဘူး။ ဘုရားသခင်ကို ယုံကြည်ကိုးစားသူတွေက “အထူးသဖြင့် အောင်နိုင်သောသူ” တွေပါ။ ဘာလို့လဲဆိုရင် ဘယ်လို အခြေနေတွေကမှ ဘုရားသခင်ရဲ့မေတ္တာကနေ ကျွန်တော်တို့ကို မကွဲကွာစေနိုင်တော့ဘူးလို့ ကျမ်းစာတော်မြတ်က အတိအလင်းပြောထားပါတယ်။
အားလုံး ဘုရားသခင်ကို ယုံကြည်လျက် လက်တွေ့ကျကျ (စိတ်ကူးသိပ်မယှဉ်ပါနဲ့) ဖြစ်လာသမျှအရာတွေကို ကတိတော်များ စွဲကိုင်ရင်း ရင်ဆိုင်ကြပါစို့လားဗျာ …
ပန်းတိုင်က ဟိုး ကောင်းကင်မှာ 😇