ဒီနေရာမှာ ဆရာကြီးယုဒသန်က adultery ဆိုတဲ့စကားလုံးနေရာကို မြန်မာလို ကျမ်းဂန်ဆန်ဆန် “မှားယွင်းခြင်းအမှုကို ပြုသော မိန်းမ” လို့ ပျော့ပြောင်းအောင် သေချာလေး ဘာသာပြန်ထားပေးတာပါ။ တကယ်က ခေတ်စကား၊ အရပ်စကားနဲ့ ပြောရင် “လင်ငယ်နေတာ၊ နောက်မီးလင်းတာ၊ ကာမပိုင်ရှိသူနဲ့ ဖောက်ပြန်နေတာ” ကိုပြောတာ။ အဲ့လိုအမှုတွေနဲ့ မှားယွင်းနေတဲ့ မိန်းမပျက်ကို ပြောတာ။
“ယေရှုသည်လည်း သံလွင်တောင်သို့ ကြွတော်မူ၏။– နံနက်စောစောဗိမာန်တော်သို့ တစ်ဖန်ကြွတော်မူ၍ လူအပေါင်းတို့သည် အထံတော်သို့ လာကြ၏။ ထိုအခါ ထိုင်တော်မူ၍ ဆုံးမဩဝါဒပေးစဉ်တွင်၊– မှားယွင်းခြင်းအမှုကို ပြုလျက်နေသော မိန်းမတစ်ယောက်ကိုတွေ့လျှင်၊ ကျမ်းပြုဆရာတို့နှင့် ဖာရိရှဲတို့သည်ခေါ်ခဲ့၍ အလယ်၌ထားပြီးမှ၊– အရှင်ဘုရား၊ ဤမိန်းမသည် မှားယွင်းခြင်းအမှုကို ပြုစဉ်တွင်ပင် တွေ့မိပါသည်။– ထိုသို့သောမိန်းမကို ကျောက်ခဲနှင့်ပစ်ရမည်ဟု မောရှေသည်အကျွန်ုပ်တို့အား ပညတ်တရား၌ စီရင်ထုံးဖွဲ့ပါပြီ။ သို့ရာတွင် ကိုယ်တော်သည် အဘယ်သို့ မိန့်တော်မူမည်နည်းဟု လျှောက်ကြ၏။-”
(တကယ်က ဒါကြီးက သခင်ယေရှုကို ပြစ်တင်ဝေဖန်ကဲ့ရဲ့၊ စွပ်စွဲနိုင်ဖို့ ထောက်ချောက်ဆင်တဲ့ မေးခွန်းဖြစ်တယ်။ သခင်ယေရှုဟာ ခရစ်တော်(မေရှိ) မဟုတ်ဘူး ဆိုတဲ့အကြောင်း ဖာရိရှဲတွေက လူထုကို အတင်းသက်သေပြချင်နေကြတာပါ။ သခင်ယေရှုဘုရားကို အပြစ်မရှိ အပြစ်ရှာပြီး ကွပ်မျက်ဖို့ ချောင်းမြောင်းကြတာပေါ့။ ခေတ်စကား၊ အရပ်စကားနဲ့ဆိုရင် ကိုယ်တော်ကို သွေးတိုးစမ်းတာပေါ့။ အကယ်လို့ သခင်ယေရှုက မောရှေပညတ်သည်အတိုင်း ကျောက်ခဲနဲ့ ပေါက်သတ်စေလို့ ဖြေရင် ဖာရိရှဲတွေက “တွေ့လား။ သူ့ကိုသူ မေတ္တာရှင်လို့ ပြောနေပြီး ခုတော့ ခဲနဲ့ပေါက်သတ်ခိုင်းနေပြီ” ဆိုပြီး လှောင်ပြောင်ဖို့ စဉ်းစားထားကြဟန်တူတယ်။ အကယ်လို့ မောရှေ ပညတ်အတိုင်း မသတ်နဲ့လို့ ဖြေပြန်ရင်လည်း “ပြောတော့ ခရစ်တော်ဆို? ပညတ္တိကျမ်းကို ပယ်ဖို့ လာတာမဟုတ်ဘူးဆို? ကျမ်းကို ပြည့်စုံစေမယ့်သူဆို? ခုတော့ မောရှေရဲ့ ပညတ်ကိုတောင် လူထုရှေ့မှာ ရှေ့ကဦးဆောင် ချိုးဖောက်ပြနေပြီလား… ကယ်တင်ရှင်ကြီးရဲ့ ” စသဖြင့် ပြင်တင်ပြောဆိုဖို့ အသင့်ပြင်ထားပုံရတယ်။ ဒါပေမယ့် သခင်ယေရှု ဘယ်လိုစီရင်သလဲဆိုတာကို ဆက်လေ့လာရအောင်။)
“ထိုသို့လျှောက်ကြသော်၊ ကိုယ်တော်၌ အပြစ်တင်ခွင့်ရှိစေခြင်းငှာ၊ စုံစမ်းနှောင့်ယှက်သောအားဖြင့် လျှောက်ကြ၏။ ယေရှုသည် အောက်သို့ငုံ့လျက် လက်ညှိုးတော်နှင့် မြေ၌ရေးသား၍နေတော်မူ၏။– ထိုသူတို့သည် အထပ်ထပ်မေးလျှောက်ကြသောအခါ ကိုယ်ကိုလှန်တော်မူ၍၊
“သင်တို့တွင် အပြစ်ကင်းသောသူသည် ရှေ့ဦးစွာ ကျောက်ခဲနှင့်ပစ်စေ” ဟု မိန့်တော်မူပြီးမှ၊– တစ်ဖန်အောက်သို့ငုံ့၍ မြေ၌ ရေးသားတော်မူပြန်၏၊
(သခင်ယေရှုက ပညာတော်နဲ့ ပြည့်စုံတော်မူတယ်နော်။ စာရေးသူသာ ဖာရိရှဲတွေ နေရာမှာဆို စွံ့အ သွားမှာသေချာတယ်။ Self-defeating ဖြစ်သွားတယ်လို့ ပြောရမှာပေါ့)
“ထိုသူတို့သည်ကြားရလျှင် မိမိတို့စိတ်နှလုံးသည် မိမိတို့အပြစ်ကို ဖော်ပြသဖြင့်၊ အသက်ကြီးသောသူမှစ၍ အငယ်ဆုံးသောသူတိုင်အောင် တစ်ယောက်နောက်တစ်ယောက် ထွက်သွားကြ၏။ ယေရှုသည် တစ်ယောက်တည်း ကျန်ရစ်တော်မူ၍၊ မိန်းမသည် အလယ်၌ရပ်နေ၏။– ထိုအခါယေရှုသည် ကိုယ်ကိုလှန်တော်မူပြန်၍၊ ထိုမိန်းမမှတစ်ပါး အဘယ်သူကိုမျှ မမြင်လျှင်၊
“အချင်း မိန်းမ၊ သင့်ကို အပြစ်တင်သောသူတို့သည် အဘယ်မှာရှိကြသနည်း။ သင်၏အမှုကို အဘယ်သူမျှမစီရင်လော” ဟုမေးတော်မူ၏။– ထိုမိန်းမကလည်း၊ “အဘယ်သူမျှ မစီရင်ပါသခင်“ ဟု လျှောက်၏။
“ငါသည်လည်း သင်၏အမှုကို မစီရင်။ သွားလော့။ နောက်တစ်ဖန် ဒုစရိုက်ကိုမပြုနှင့်” ဟု မိန့်တော်မူ၏။
ဒီ သမိုင်းဝင်အဖြစ်အပျက်လေးကိုတော့ ဒီအဖြစ်အပျက်အကုန်အစင်ရဲ့ မျက်မြင်သက်သေ(eye witnesses) တွေထဲက တဦးအပါအဝင်ဖြစ်တဲ့ တမန်တော်ရှင်ယောဟန်က သူ့ရဲ့ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၈:၁–၁၁ မှာ မှတ်တမ်းတင်ထားခဲ့တာပါ။ 🙏
ဒီမှတ်တမ်းကနေ ဘာကို ဖော်ပြနေလဲဆိုရင်
၁။ သခင်ယေရှုဟာ ခရစ်တော်(မေရှိ) ဖြစ်တော်မူတယ်ဆိုတာကို တွေ့ရတယ်။
၂။ သခင်ယေရှုဟာ လူသားတွေရဲ့ အပြစ်တွေကို အလိုတော်ရှိသည်အတိုင်း ဖြောင့်မတ်စွာ စီရင်ပိုင်ခွင့်၊ မေတ္တာတော်ရှိသည်အတိုင်း ခွင့်လွှတ်ပိုင်ခွင့်ရှိတယ်ဆိုတာကို တွေ့ရတယ်။
၃။ ဂျူးတို့ရဲ့ ရေခံမြေခံနောက်ခံသမိုင်းကြောင်းအရသော်လည်းကောင်း၊ သမ္မာကျမ်းစာအရသော်လည်းကောင်း ထိုသို့သော အခွင့်အာဏာမျိုးဟာ ထာဝရဘုရားသခင် တပါးတည်းမှာသာ ရှိပါတယ်။
၄။ ဒါကြောင့် သခင်ယေရှုသည် လူ့ဇာတိခံယူတော်မူတဲ့ ထာဝရဘုရားရှင် ဖြစ်တယ်ဆိုတာကို သိနားလည်ရတယ်။
၅။ လူ့ဇာတိခံယူထားတဲ့ သခင်ယေရှုဟာ အပြစ်တင်ခွင့်နှင့် ကင်းပြီး ရာနှုန်းပြည့်အပြစ်ကင်းစင်သော တဦးတည်းသော လူသားစင်စစ်ဖြစ်တယ်ဆိုတာကိုလည်း တွေ့ရှိရတယ်။
ဒီအဖြစ်အပျက်နဲ့အတူ သုတ္တံကျမ်း ၂၈:၁၃ ကို နှလုံးသွင်းကြရအောင်။