Skip to content

ပရောဖက်” ဆိုတဲ့စကားလုံးကို အပြည့်အစုံဖော်ပြရမယ်ဆိုရင် “ထာဝရဘုရားသခင် ကိုယ်စား ဘုရားရဲ့စကားကိုကြားပြောသောသူ” လို့အဓိပ္ပါယ်ရပါတယ်။ ဘုရားရဲ့ ပရောဖက်တွေဟာ လူပုဂ္ဂိုလ်တဦးတယောက်တည်းကိုပဲဖြစ်ဖြစ်၊ လူစုတစုကိုပဲ ဖြစ်ဖြစ် ထာဝရဘုရားပေးပို့လိုတဲ့ သတင်းစကားကို ကြားခံဆင့်ဆိုပေးရတဲ့သူတွေလည်း ဟုတ်ပါတယ်။ ပရောဖက်တွေဟာ “ရူပါရုံ” တွေရှိသောသူများလို့သိမှတ်ရပြီး၊ အနာဂတ်ကို ကြိုမြင်နိုင်တဲ့အခွင့်အရေးကို ရရှိကြသူတွေလည်း ဖြစ်ကြပါတယ်။ သို့သော်လည်း အနာဂတ်ကိုဟောကိန်းထုတ်ခြင်းကတော့ ကျမ်းစာထဲ၌ပါသောပရောဖက်တို့အဖို့ အမှုတော်မှာ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်ပါတယ်။ ထိုသူတွေဟာ အဓိကအားဖြင့် လူတွေကိုရှာဖွေခေါ်ဆောင်လျက် ဘုရားသခင်ရဲ့စံနှုန်းနဲ့အညီအသက်ရှင်လာအောင် ဟောပြောသောသူတွေဖြစ်ကြပါတယ်။ တခါတရံ မျှော်လင့်ခြင်းနှင့်ဆိုင်သောအကြောင်းအရာတွေအားဖြင့်သော်လည်းကောင်း၊ အနာဂတ်မှာဖြစ်ပေါ်လာမယ့်ကြောက်မက်ဖွယ်ရာအဖြစ်အပျက်များအားဖြင့်သော်လည်းကောင်း အသုံးပြုလျက် လူတွေသတိပြု၊ ခွန်အားယူလျက် “နောင်တ”နှင့်ဘုရားသခင့်နောက်တော်သို့လိုက်စေဖို့ နှိုးဆော်ကြပါတယ်။

ဒီသတင်းစကားဟာ သူတို့အတွက်အမြဲတမ်းဦးစားပေးအကြောင်းအရာဖြစ်ပါတယ်။ သူတို့ ဘယ်လောက်တော်တတ်တယ်၊ အရှေ့မှာဘာတွေဖြစ်လာမယ်ဆိုပြီး လူတွေအထင်ကြီးလာအောင်ပြောဖို့ စိတ်မဝင်စားကြပါဘူး။ လူတွေရဲ့အသက်တာ အမှန်တကယ်ပြောင်းလဲပြီး သက်ဝင်လှုပ်ရှားလာဖို့ရန်သာ စိတ်ဝင်စားကြပါတယ်။ နောင်တရဖို့ရန်၊ ဘုရားသခင်နောက်တော်သို့လိုက်ဖို့ရန်လိုအပ်မှုတွေဟာ ရာစုနှစ်ပေါင်းချီလာသော်လည်း ပြောင်းလဲခြင်းမရှိပါ။ ဒါကြောင့် ပရောဖက်တို့ရဲ့ဟောပြောချက်တွေဟာ သူတို့ဟောပြောခဲ့တဲ့ အချိန်နေရာ၌သာမက ယခုလက်ရှိအချိန်အတွက်ပင်လျင်အသုံးဝင်နေဆဲပါပဲ။ ပရောဖက်တို့ရဲ့ စကားတွေအားဖြင့် ဘယ်နေရာမှာမှမရနိုင်၊ ရှာမတွေ့နိုင်တဲ့ ဘုရားသခင်ရဲ့အဖြစ်တော်နှင့်သခင်ခရစ်တော်၏အလုပ်တော်တို့ကို ထိုးထွင်းသိကျွမ်းရပါတယ်။ ဘုရားသခင်သည် သန့်ရှင်း၍ကောင်းကင်ပလ္လင်၌စိုးစံသောဘုရင်၊ နောင်တမရသောသူတို့တဘက်၌အမျက်တော်ကိုထင်ရှားစေသောဘုရား၊ သို့သော်လည်း သစ္စာတော်ကိုစောင့်သောသူတို့၌ မပြောင်းလဲသောမေတ္တာတော်နှင့်ချစ်သောဘုရားအဖြစ် နှုတ်ကပတ်တော်စကားဖြင့်ပုံဖော်ထားပါတယ်။ သူဟာအုပ်စိုးခြင်းတန်ခိုးအာဏာစက်နှင့်ပြည့်စုံလျက် အနာဂတ်ကိုသိမြင်ပြီး သူ့ရဲ့ဘုန်းတန်ခိုးတော်နှင့်လူမျိုးတော်တို့၏ကောင်းခြင်းအဖို့အလို့ငှါ ဤလောကကြီးအားအစဉ်အမြဲလမ်းပြနေပါတယ်။ အပြစ်မှခွင့်လွတ်ခြင်း မျှော်လင့်ရာကိုယခုကမ်းလှမ်းနေလျက် ထာဝရကာလတိုင်သူနှင့်အတူနေရခြင်းအခွင့်ကိုပေးနေပါတယ်။

ပရောဖက်တွေဟာ ဧဝံဂေလိသတင်းစကားကို အသေးစိတ်ရှင်းပြပါတယ်။ နောင်တရခြင်းရဲ့သဘောနဲ့ သက်သေခံခြင်းအလို့ငှါ တာဝန်ဝတ္တရားရှိခြင်း အရာတို့ပင်ဖြစ်သည်။ ပရောဖက်တွေဟာ ယနေ့မျက်မှောက်ခေတ်လူတွေရဲ့ သူတော်ကောင်းယောင်ဆောင်ခြင်း၊ ရုပ်ဝါဒစွဲလမ်းခြင်း၊ ဓလေ့ထုံးတမ်းသို့လိုက်ခြင်း အပြစ်တွေကိုဖော်ပြလျက်စီရင်နေသလို၊ တဖက်မှာလည်း ယုံကြည်သူတွေဟာ ဤလောကရဲ့စိတ်ပျက်စရာအမှုအရာတွေကို ကြုံတွေ့ရသော်ငြားလည်း သခင်ဘုရားရဲ့နောက်တော်သို့ ရဲရင့် စွာဖြင့်နာခံလျက် လိုက်လျှောက်ခြင်းအလိုငှါ ခွန်အားပေးတိုက်တွန်းနိုးဆော်ခြင်းစကားများစွာလည်း ရှိပါတယ်။ ဒီလိုသတင်းစကားကို လေ့လာဖို့၊ အသုံးမချဖို့ မလိုတဲ့သူဘယ်သူရှိမှာလဲ။

ပရောဖက်အတုများကို သတိနဲ့ရှောင်

ဘုရားသခင် မစေလွှတ်ဘဲ သူတို့ကိုယ်သူတို့ ဘုရားရဲ့ ပရောဖက်တွေပါဆိုပြီး လူအထင်ကြီးအောင် ဟန်ဆောင် လိမ်လည်တတ်တဲ့သူတွေကို သမ္မာကျမ်းစာမှာ ဒီလို သတိပေးထားပါတယ်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ပ​ရော​ဖက်​ပြု၍ သင်​တို့​အား ဟော​တတ်​သော​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ကြ​နှင့်။ သူ​တို့​သည် သင်​တို့​အား အ​ချည်း​နှီး​ဟော​တတ်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​တော်​ထွက်​သို့​မ​လိုက်၊ ကိုယ်​အ​လို​အ​လျောက် ရူ​ပါ​ရုံ​ကို​မြင်​သည်​အ​တိုင်း ဟော​ပြော​တတ်​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား၏​နှုတ်​က​ပတ်​တော်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​အား၊ သင်​တို့​သည် ငြိမ်​ဝပ်​ခြင်း​ရှိ​ကြ​လိမ့်​မည်​ဟု ဟော​တတ်​ကြ၏။ မိ​မိ​တို့​စိတ်​နှ​လုံး ခိုင်​မာ​ခြင်း​သ​ဘော​သို့ လိုက်​သော​သူ​တို့​အား၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် မ​တွေ့​ရ​ကြ​ဟု ဟော​တတ်​ကြ၏။ ထို​သူ​တို့​တွင် အ​ဘယ်​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နှင့် တိုင်​ပင်​ဘက်​ပြု​သ​နည်း။ အ​ဘယ်​သူ​သည် အ​မှု​တော်​ကို ကြား​မြင်​သ​နည်း။ အ​ဘယ်​သူ​သည် နှုတ်​က​ပတ်​တော်​ကို နား​ထောင်၍ ကြား​သ​နည်း။ ငါ မ​စေ​လွှတ်​ဘဲ ထို​ပ​ရော​ဖက်​တို့​သည် ပြေး​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ သူ​တို့​သည် ကိုယ်​အ​လို​အ​လျောက် ဟော​ပြော​ကြ​ပြီ။ ထို​သူ​တို့​သည် ငါ​နှင့် တိုင်​ပင်​ဘက်​ပြု​လျှင်၊ ငါ့​စ​ကား​ကို ငါ၏​လူ​မျိုး​အား​ဆင့်​ဆို၍၊ ငါ၏​လူ​မျိုး​ကို မ​တ​ရား​သော​လမ်း​မှ​လည်း​ကောင်း၊ မ​ကောင်း​သော အ​ကျင့်​ဓ​လေ့​မှ​လည်း​ကောင်း လွဲ​သွား​စေ​ကြ​ပြီ။”

‭‭(ယေရမိအနာဂတ္တိကျမ်း။‬ ‭၂၃ : ၁၆၁၈၊ ၂၁၂၂)

ဓမ္မဟောင်းထဲမှာသာမက ဓမ္မသစ်ကျမ်းထဲမှာလည်း မိစ္ဆာပရောဖက် နဲ့ ပရောဖက်အတုအယောင်များကို သတိနဲ့ ရှောင်ကြဉ်ဖို့ရန်လည်း သခင်ယေရှုခရစ်တော်နှင့် တမန်တော်ကြီးများမှ အထပ်ထပ် သတိပေးထားတာကို အောက်ပါအတိုင်း ဖတ်ရှုလေ့လာဆင်ခြင်မိပါတယ်။

အ​တွင်း၌ ကြမ်း​တမ်း​သော တော​ခွေး​ဖြစ်​လျက် သိုး​ရေ​ကို​ခြုံ၍ သင်​တို့​ရှိ​ရာ​သို့​လာ​သော မိ​စ္ဆာ​ပ​ရော​ဖက်​တို့​ကို သ​တိ​နှင့် ရှောင်​ကြ​လော့။ သ​ခင်၊ သ​ခင်​ဟု ငါ့​ကို​လျှောက်​သော​သူ​တိုင်း ကောင်း​ကင်​နိုင်​ငံ​တော်​သို့ ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော ငါ့​ခ​မည်း​တော်၏​အ​လို​ကို ဆောင်​သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။ ထို​နေ့၌​ကား၊ သ​ခင်၊ သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် ကိုယ်​တော်​အ​ခွင့်​နှင့် ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် နတ်​ဆိုး​တို့​ကို နှင်​ထုတ်​ပါ​ပြီ မ​ဟုတ်​လော။ ကိုယ်​တော်​အ​ခွင့်​နှင့် များ​စွာ​သော တန်​ခိုး​တို့​ကို ပြ​ပါ​ပြီ​ (ကိုယ့်ကိုကိုယ် miracle makers များဆိုတဲ့သူတွေ အထူးသတိထားပါ) မ​ဟုတ်​လော​ဟု အ​များ​သော သူ​တို့​သည် လျှောက်​ကြ​လိမ့်​မည်။ထို​သို့​လျှောက်​ကြ​သော​အ​ခါ သင်​တို့​ကို ငါ​အ​လျှင်း​မ​သိ၊ အ​ဓ​မ္မ​အ​မှု​ကို ပြု​သော​သူ​တို့၊ ငါ့​ထံ​မှ ဖယ်​ကြ​ဟု ထို​သူ​တို့​အား အ​တည့်​အ​လင်း ငါ​ပြော​မည်။

ဒီနှုတ်ကပတ်တော်ကို တခြားသူပြောတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှိခိုးကိုးကွယ်တဲ့ သခင်ယေရှုဘုရားကိုယ်တော်တိုင်ပဲ မိန့်ခဲ့တာပါ (ရှင်မဿဲခရစ်ဝင် ၇ : ၁၅၊ ၂၁၂၃)

တမန်တော်ကြီး ရှင်ပေတရုကလည်း မိစ္ဆာပရောဖက်တွေနဲ့ ပတ်သက်ပြီး ဒီလို သတိပေးထားတယ်။

ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။ သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။” (ရှင်ပေတရုဩဝါဒစာ ဒုတိယစောင် ၁ :၂၀၊ ၂ : )

တမန်တော်ကြီး ရှင်ပေါလုကလည်း လူငယ်လေး တိမောသေ ကို ပေးပို့တဲ့ “တိမောသေဩဝါဒစာ ဒုတိယစောင် ၄ : ၄” မှာ ဒီလိုသတိပေးထားပြန်တယ်။

နှုတ်​က​ပတ်​တ​ရား​တော်​ကို ပြော​လော့။ အ​ချိန်​ရှိ​သည်​ဖြစ်​စေ၊ မ​ရှိ​သည်​ဖြစ်​စေ၊ ကြိုး​စား​အား​ထုတ်​လော့။ အ​ပြစ်​ကို ဖော်​ပြ​လော့။ ဆုံး​မ​ခြင်း​ကို​ပြု​လော့။ အ​လွန်​ရှည်​သော​စိတ်​နှင့် ဩ​ဝါ​ဒ​မျိုး​ကို​ပေး၍ တိုက်​တွန်း​သွေး​ဆောင်​လော့။အ​ကြောင်း​မူ​ကား၊ နောင်​ကာ​လ၌ လူ​တို့​သည် စင်​ကြယ်​သော​ဩ​ဝါ​ဒ​ကို နား​မ​ခံ​နိုင်​ဘဲ၊ ယား​တတ်​သော နား​ရှိ​လျှင်၊ မိ​မိ​တပ်​မက်​ခြင်း​အ​တိုင်း များ​ပြား​သော ဆ​ရာ​တို့​နောက်​သို့ လိုက်​ကြ​လိမ့်​မည်။သ​မ္မာ​တ​ရား​ကို နား​မ​ထောင်​ဘဲ၊ ဒ​ဏ္ဏာ​ရီ​စ​ကား​ကို နား​ထောင်၍ လွဲ​သွား​ကြ​လိမ့်​မည်။

တမန်တော်ကြီး ရှင်ယောဟန်ကလည်း “သမ္မာကျမ်းစာမပါဘဲနဲ့ ဝိညာဉ်တော်က ငါ့ကို ဒီဟာဖွင့်ပြတယ်၊ ဟိုဟာဖွင့်ပြတယ်” ဆိုပြီး လိမ်လည်လှည့်ဖြားတတ်တဲ့ မိစ္ဆာပရောက်ဖက်တွေရှိကြောင်း သူ့ရဲ့ ဩဝါဒစာမှာ လေ့လာတွေ့ရှိရပြန်တယ်။ “ချစ်​သူ​တို့၊ ခပ်​သိမ်း​သော​စိတ်​ဝိ​ညာဉ်​တို့​ကို မ​ယုံ​ကြ​နှင့်။ စိတ်​ဝိ​ညာဉ်​တို့​သည် ဘု​ရား​သ​ခင်​နှင့် စပ်​ဆိုင်​သည် မ​စပ်​ဆိုင်​သည်​ကို စုံ​စမ်း​ကြ​လော့။ အ​ကြောင်း​မူ​ကား၊ မိ​စ္ဆာ​ပ​ရော​ဖက်​အ​များ​တို့​သည် ဤ​လော​က​သို့ သွား​ကြ​ပြီ။ဘု​ရား​သ​ခင်၏​ဝိ​ညာဉ်​တော်​ကို အ​ဘယ်​သို့ သိ​နိုင်​သ​နည်း​ဟူ​မူ​ကား၊ လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​ခံ​သော ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့်​စပ်​ဆိုင်၏။လူ​ဇာ​တိ​အား​ဖြင့် ကြွ​လာ​တော်​မူ​သော ယေ​ရှု​ခ​ရစ်​ကို ဝန်​မ​ခံ​သော​ဝိ​ညာဉ်​မည်​သည်​ကား၊ ဘု​ရား​သ​ခင်​နှင့် မ​စပ်​ဆိုင်။” (ရှင်ယောဟန်ဩဝါဒစာ ပထမစောင် ၄ : )

မိစ္ဆာပရောဖက်အများ ရှိနေပြီဆိုတာကိုတော့ သိခဲ့ပြီ။
ဒါဆို ဘုရားသခင်ရဲ့ ပရောဖက် အစစ်အမှန် ဟုတ်၊ မဟုတ် ဘယ်လို စမ်းစစ် သိရှိနိုင်မလဲ။

ဓမ္မဟောင်းကျမ်းထဲမှာတော့ လူမျိုးတော်ကို ဒီလိုနည်းနဲ့ ဘုရားသခင် စေလွှတ်တဲ့ ပရောဖက် အမှန် ဟုတ်၊ မဟုတ် စမ်းစစ်သိရှိနိုင်မယ့် နည်းလမ်းကို ရှင်းရှင်းလင်းလင်း ပြောထားတာ လေ့လာတွေ့ရှိရပါတယ်။ “ပ​ရော​ဖက်​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​ခွင့်​ကို​ဆောင်၍ ဟော​ပြော​သည်​အ​တိုင်း အ​မှု​မ​ဖြစ်၊ ဟော​ပြော​သော​စ​ကား မ​ပြည့်​စုံ​လျှင်၊ ထို​စ​ကား​ကို ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မ​မူ၊ ပ​ရော​ဖက်​သည် ရဲ​ရင့်​စွာ​ဟော​ပြော​ပြီ။ သူ့​ကို မ​ကြောက်​ရ။” ‭‭(တ ရား ဟော ရာ ကျမ်း။‬ ၁‭၈ : ၂၂)

ဒီကျမ်းချက်ထက် ရှင်းတာ ရှိဦးမလား။ ရိုးရိုးလေးပဲ ပြောထားတာပါ။ လူတိုင်းနားလည်နိုင်ပါတယ်။‬‬ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားတော်ဟာ ရှင်းလင်းတယ်၊ တိကျတယ်၊ ပြတ်သားတယ်၊ ချွတ်ေချာ်မှု လုံးဝမရှိဘူး။ ဘုရားစကားမှာ “မှားသွားလို့နော်၊ ဆောရီး” ဆိုတာမျိုး လုံးဝမရှိဘူး။ ကျွန်တော်တို့ ခရစ်ယာန်တွေကိုးကွယ်တဲ့ သန့်ရှင်းမြင့်မြတ်တော်မူတဲ့ သုံးပါးတဆူ ထာဝရဘုရားသခင် ဟာ ဘယ်တော့မှ အမှား မလုပ်တတ်တဲ့ ဘုရားသခင်ဖြစ်တယ်။ ခုနကလည်း အထက်မှာ ပြောခဲ့ပြီးပါပြီ။ “ပရောဖက်” ဆိုတာ “ထာဝရဘုရားသခင် ကိုယ်စား ဘုရားရဲ့စကားကိုကြားပြောသောသူ” ဖြစ်ပါတယ်။ ပရောဖက်တွေဟာ “ရူပါရုံ” တွေရှိသောသူများလို့သိမှတ်ရပြီး၊ အနာဂတ်ကို ကြိုမြင်နိုင်တဲ့အခွင့်အရေးကို ရရှိသူဖြစ်ပါတယ်။ အဲ့ အနာဂတ်ကို မြင်နိုင်စွမ်းကလည်း ဘုရားသခင် အားဖြင့်ပဲ ဖြစ်တယ်။ ဒါကြောင့် ထာဝရဘုရားရဲ့ စစ်မှန်တဲ့ ပရောဖက်တယောက်ဟာ ဘုရားဆီက ကြားရတဲ့အတိုင်း “၏၊ သည်” မရွေး တလုံးမကျန်ပြောရတယ်။ မြင်ရတဲ့ ရူပါရုံအတိုင်း အတိအကျပြန်ပြောရတယ်။ ပရောဖက် အစစ်အမှန်ဟာ ဘုရားစကားကို ပြန်မွမ်းမံတာတို့၊ အသစ်ထပ်ထည့်တာတို့၊ ဒါလေးကတော့ မလိုပါဘူးဆိုပြီး ဘုရားစကားထဲကနေ နှုတ်ယူချန်လှပ်ပြောဆိုတာတို့ လုံးဝ မလုပ်ပါဘူး။ ပရောဖက် တယောက်ဟာ “မှားသွားလို့ တောင်းပန်ပါတယ်။” လို့ ပြန်ပြောတာကို “အို .. ဒီပရောဖက်က တော်တော်နှိမ့်ချတာပဲနော်၊ သူ့ဆီက လေ့လာသင်ယူရမယ်” သွားလုပ်လို့ မရပါဘူး။ ကိုယ့်ကိုကိုယ် “ပရောဖက်” ဆိုပြီး တလွဲပရောဖက်ပြုတဲ့သူဆိုတာ ဘုရားသခင်ကို “စကားကို ဗလောင်းဗလဲ ပြောတတ်တဲ့ ဘုရား” ပုံပေါက်အောင် လုပ်တဲ့သူ၊ တနည်းဆိုသော် ဘုရားသခင်ကို ပြစ်တင် စွပ်စွဲသူ၊ ဘုရားကို စော်ကားသူ၊ လိမ်လည်လှည့်ဖြားသူသာ ဖြစ်တယ်။ ထိုသို့သော ပရောဖက်ဆိုတဲ့သူတွေဟာ အစကတည်းက ဘုရားမပြောဘဲ သူတို့စိတ်ထင်ရောတွေလျှောက်ဟောပြောနေခဲ့တဲ့ မှားယွင်းသော ပရောဖက် အတုအယောင်များသာ ဖြစ်ပါတယ်။ ဟန်ဆောင်တတ်သော မိစ္ဆာပရောဖက်များ ခင်ဗျာ.. သင်တို့ဟာ ဓမ္မဟောင်းခေတ်မှာသာဆိုရင် အသေသတ်ခြင်းကို အမှန်ခံရမှာပါ (တရားဟောရာကျမ်း ၁၈:၂၀) ဒါပေမဲ့လို့ သခင်ယေရှုဘုရားရဲ့ ကျေးဇူးကရုဏာတော်ကြောင့် သင်တို့အတွက် သတင်းကောင်းတော့ရှိပါသေးတယ်။ “… ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ ငါ​တို့​အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြော​တော်​မူ၏။ကိုယ်​အ​ပြစ်​မ​ရှိ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ကိုယ်​ကို​ကိုယ် လှည့်​ဖြား​ကြ၏။ ငါ​တို့၌ သ​စ္စာ​တ​ရား​မ​ရှိ။ကိုယ်​အ​ပြစ်​တို့​ကို ဖော်​ပြ​တောင်း​ပန်​လျှင်၊ ငါ​တို့​အ​ပြစ်​များ​ကို​လွှတ်၍ ဒု​စ​ရိုက်​ရှိ​သ​မျှ​နှင့် ကင်း​စင်​စေ​ခြင်း​ငှာ ဘု​ရား​သ​ခင်​သည် သ​စ္စာ​တ​ရား​နှင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​နှင့်​လည်း​ကောင်း ပြည့်​စုံ​တော်​မူ၏။ဒု​စ​ရိုက်​ကို​မ​ပြု​ပြီ​ဟု ငါ​တို့​သည်​ဆို​လျှင်၊ ဘု​ရား​သ​ခင်​ကို မု​သား​အ​ပြစ်​တင်​ကြ၏။ နှုတ်​က​ပတ်​တော်​လည်း ငါ​တို့၌​မ​ရှိ။” (ရှင်ယောဟန် ဩဝါဒစာ ပထမစာစောင် ၁ : ၁၀)

ကိုယ့်အပြစ်ကို ကိုယ်သိရင် ဘုရားသခင်ထံတော်မှာ မိမိအပြစ်အတွက် “အကျွန်ုပ် နောင်တရပါပြီ။ ကိုယ်တော်ကို ကျွန်ုပ်ပြစ်မှားမိပါပြီ။ ခွင့်လွှတ်တော်မူပါ။ သခင်ခရစ်တော်၏ အသေွးတော်အားဖြင့် ကျွန်ုပ်အား စင်ကြယ်စေတော်မူပါ။ နောက်တဖန် ထိုသို့ မပြုတော့ပါ။ ကိုယ်တော်ကို နောက်တဖန် မပြစ်မှားမိအောင်လည်း ကူမတော်မူပါ .. ဘုရား” လို့ ဝန်ချတောင်းပန်ပြီး ဆုတောင်းပါ။ သတင်းကောင်းကတော့ ဘု​ရား​သ​ခင်၏​သား​တော် ယေ​ရှု​ခ​ရစ်၏ အ​သွေး​တော်​သည်၊ သင်တို့နဲ့ ကျွနု်ပ်တို့ရဲ့ အ​ပြစ်​ရှိ​သ​မျှ​ကို ဆေး​ကြောတော်မူပါတယ်တဲ့။ သခင်ယေရှုကိုပဲ ကျေးဇူးတင်လိုက်ပါ။

ဓမ္မသစ်ကျမ်းစာထဲမှာ သခင်ယေရှုဘုရားသခင်ကလည်း ပရောဖက်အတု၊ အစစ် ခွဲခြားနည်းကို နားလည်လွယ်အောင် ပုံဥပမာနဲ့ သွန်သင်ပေးထားပါတယ်။ “ဆူး​ပင်၌ စ​ပျစ်​သီး​ကို ဆွတ်​တတ်​သ​လော။ ဆူး​လေ​ပင်၌ သင်္ဘော​သ​ဖန်း​သီး​ကို ဆွတ်​တတ်​သ​လော။ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး​ကို သီး​တတ်၏။ကောင်း​သော​အ​ပင်​သည် မ​ကောင်း​သော​အ​သီး၊ မ​ကောင်း​သော​အ​ပင်​သည် ကောင်း​သော​အ​သီး​ကို မ​သီး​နိုင်။ကောင်း​သော​အ​သီး မ​သီး​သော အ​ပင်​ရှိ​သ​မျှ​တို့​ကို ခုတ်​လှဲ၍ မီး​ထဲ​သို့ ချ​လိုက်​တတ်၏။သို့​ဖြစ်​လျှင် ထို​ပ​ရော​ဖက်​တို့၏ အ​ကျင့်​ကို​ထောက်​သော် သူ​တို့၏ သ​ဘော​ကို သိ​ရ​ကြ​လိမ့်​မည်။(ရှင်မဿဲခရစ်ဝင် ၇ : ၁၆၂၀)

ယနေ့ခေတ်မှာရော ဘုရားသခင်စေလွှတ်တဲ့ ပရောဖက်တွေရှိသေးလား။

ဒီနေရာမှာ စာဖတ်သူများကို အသိပေးလိုတာက ပရောဖက်ပြုခြင်း ဆုကျေးဇူးဆိုတာ ရှေ့ဖြစ်ဟောတရားတွေ ဟောပြောနိုင်တာတခုတည်းကိုပဲ ပြောတာ မဟုတ်ပါဘူး။ ဆောင်းပါးရဲ့ နိဒါန်းမှာလည်း “ပရောဖက်” ရဲ့ မူရင်းအဓိပ္ပါယ်ကို ရှင်းပြပြီးသားပါ။ မြန်မာပြည်မှာ “ပရောဖက်” ဆိုရင် အဲ့လိုဟောပြောနိုင်တဲ့စွမ်းရည်တမျိုးတည်း ရှိတဲ့လူလို့ ထင်နေတာတွေကို တွေ့နေရလို့ အသိပေးခြင်းဖြစ်ပါတယ်။ ပြီးတော့ “ဆုကျေးဇူး” ဆိုတဲ့အတိုင်းပဲ ဘုရားသခင်ရဲ့ ကျေးဇူးတော်အားဖြင့် ရရှိတဲ့ အခွင့်အရေး(privilege) မျှသာဖြစ်ပါတယ်၊ ဝါကြွားစရာ စွမ်းအား(power) မဟုတ်ပါ။ “ယနေ့ခေတ်မှာရော ဘုရားသခင်စေလွှတ်တဲ့ ပရောဖက်တွေရှိသေးလား” ဆိုတဲ့မေးခွန်းကတော့ ဘုရားသခင် အသုံးပြုတဲ့ဓမ္မပညာရှင်များကြားထဲမှာပင် ဆွေးနွေးငြင်းခုံနေရဆဲ မေးခွန်းတခုဆိုလည်း မမှားပါဘူး။ အလုံးစုံကိုတော့ ဘုရားရှင်သာလျှင် သိပေလိမ့်မည်။ အထူးသဖြင့် ဒီလိုမေးခွန်းတွေကြောင့်ပေါ့။ “ပရောဖက်ပြုခြင်း ဝိညာဉ်ဆုကျေးဇူးက ဒီနေ့အချိန်အခါထိ ရှိနေသေးလား၊ ကွယ်ပျောက်သွားပြီလား”၊ “ဘုရားသခင်နဲ့ လူတို့စပ်ကြားမှာ ပြီးပြည့်စုံတဲ့ ကြားခံပုဂ္ဂိုလ် သခင်ယေရှုခရစ်တော်ရှိနေတာကို နောက်ထပ်ကြားခံပုဂ္ဂိုလ်တွေ ဘာလို့ထပ်လိုဦးမှာလဲ” ဆိုတဲ့ Rhetorical မေးခွန်းတွေကြောင့်ဖြစ်ပါတယ်။ တဖက်မှာလည်း သခင်ယေရှုကိုယ်တော်က သိုးရေခြုံသော တောခွေးများဆိုတဲ့ ပရောဖက်အတုတွေအကြောင်း သတိပေးထားတာက တကြောင်း၊ တမန်တော်ကြီးများကလည်း သခင်ယေရှုခရစ်တော် ကောင်းကင်သို့ ပြန်လည် တက်ကြွသွားပြီးနောက်ပိုင်းအချိန်ကာလများမှာတောင်မှ သူတို့ရဲ့ ဩဝါဒစာများအားဖြင့် မိစ္ဆာပရောက်အန္တရာယ်ကို သတိပေးထားတဲ့အတွက် ဘုရားသခင်ရဲ့ စစ်မှန်တဲ့ ပရောဖက်တွေလည်း ရှိနိုင်သေးကြောင်း ယေဘုယျအားဖြင့် နားလည်သိရှိနိုင်ပါတယ်။ ဧဖက်ဩဝါဒစာ ၄ : ၁၁၁၂ မှာလည်း “ခ​ရစ်​တော်၏​ကိုယ်​တော်​ကို တည်​ဆောက်၍ ဓ​မ္မ​ဆ​ရာ၏​အ​မှု​ကို ပြု​တတ်​မည်​အ​ကြောင်း၊သန့်​ရှင်း​သူ​တို့​ကို ပြင်​ဆင်​ခြင်း​အ​လို​ငှာ၊ ထို​သ​ခင်​သည် လူ​အ​ချို့​တို့​ကို တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​ကို သာ​သ​နာ​ပြု​အ​ရာ၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို သင်း​အုပ်​အ​ရာ၊ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း၊ ခန့်​ထား​တော်​မူ၏။” လို့ပြောထားတဲ့အတွက် သခင်ယေရှုခရစ်တော် ကောင်းကင်သို့ ပြန်လည် တက်ကြွသွားပြီးနောက်ပိုင်းအချိန်ကာလများမှာလည်း ပရောဖက်ပြုနိုင်တဲ့ ဝိညာဉ်ဆုကျေးဇူးရှိတဲ့သူတွေ ရှိခဲ့တဲ့အကြောင်း နားလည်ရပါတယ်။ ဒါပေမဲ့လို့ အဲ့ဒါက ယနေ့ ၂၁ ရာစုအချိန်ထိ ဘုရားရဲ့ပရောဖက်တွေရှိနေသေးတယ်လို့တော့ ထစ်ချမဆိုနိုင်သလို လုံးဝမရှိတော့ဘူးလို့လည်း ယတိပြတ်မပြောနိုင်ပြန်ပါဘူး။ သခင်ယေရှုခရစ်တော် ကောင်းကင်သို့ ပြန်လည် တက်ကြွသွားပြီးနောက်ပိုင်းအချိန်ကာလများမှာ ပရောက်ပြုနိုင်ခြင်း ဆုကျေးဇူးကို ဘုရားသခင် ဆက်ပြီးပေးထားတာက ကနဦးအသင်းတော်ကာလအတွက်ပဲ ဖြစ်နိုင်ပါသေးတယ်။ အချိန်ကာလအားဖြင့် ပထမရာစုနှစ်အတွင်းပေါ့။ ဘာလို့ အဲ့လိုပြောနိုင်တာလဲဆိုတော့ ကနဦးအသင်းတော်ကာလမှာ ယနေ့ခေတ်လိုမျိုး ၆၆ အုပ်တစုတစည်းတည်း ပါဝင်တဲ့ ပြီးပြည့်စုံတဲ့သမ္မာကျမ်းစာအုပ် မရှိသေးလို့ပဲဖြစ်ပါတယ်။ စာဖတ်သူတို့အနေနဲ့ အဲ့တချက်ကိုတော့ သိထားစေချင်ပါတယ်။ သမ္မာကျမ်းစာအုပ်က မိုးပေါ်ကနေ အစီအရီလေး “ဝုန်းကနဲ၊ ဒိုင်းကနဲ” ပြုတ်ကျလာတာ မဟုတ်ပါဘူး။

ဒါကြောင့် ပထမရာစုနှစ်အတွင်းမှာ သူတို့မှီခိုရပ်တည်စရာ အလုံးစုံပြီးပြည့်စုံတဲ့သမ္မာကျမ်းစာရယ်လို့ မရှိသေးတဲ့အတွက် ပရောဖက်များရဲ့ အခန်းကဏ္ဍက အရေးပါခဲ့သေးသလို လိုလည်း လိုအပ်ခဲ့ပါတယ်။ အဲ့လိုမျိုး ခံယူဖို့ ယုတ္တိတန်တယ်လို့ စာရေးသူ ထင်မြင်မိပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့လက်ထဲမှာ ပြီးပြည့်စုံတဲ့ ထာဝရဘုရားရဲ့ သမ္မာကျမ်းစာအုပ်ကို တမန်တော်ကြီးများနဲ့ ကနဦးအသင်းတော်ဖခင်ကြီးများအားဖြင့် ဘုရားသခင်က ပေးအပ်ခဲ့ပြီးပါပြီ။ မြန်မာပြည်မှာဆိုရင်တော့ ဆရာကြီးယုဒသန်အားဖြင့်၊ မြန်မာနိုင်ငံ သမ္မာကျမ်းစာအသင်းကြီး အားဖြင့်ပေါ့လေ။ ဒါကြောင့် ဘုရားသခင်အသုံးပြုတဲ့ ဓမ္မပညာရှင်အများစုကတော့ ပရောဖက်ပြုခြင်း ဆုကျေးဇူးက ကနဦး အသင်းတော်ကာလမှာပဲရှိခဲ့ပြီး ယနေ့ခေတ်မှာတော့ မရှိနိုင်တော့ပါဘူးလို့ ယေဘုယျအားဖြင့် ခံယူထားကြပါတယ်။ ထိုခံယူချက်ကို ပိုပြီးခိုင်မာစေတဲ့အချက်များကတော့ တိမောသေဩဝါဒစာ ဒုတိယစောင် ၃ : ၁၆ နဲ့ ဗျာဒိတ်ကျမ်း ၂၂ ၁၈၂၁ တို့ပဲဖြစ်ကြပါတယ်။ “ထို​ကျမ်း​စာ​ရှိ​သ​မျှ​သည် ဘု​ရား​သ​ခင် မှုတ်​သွင်း​တော်​မူ​သော အား​ဖြင့်​ဖြစ်၍ဘု​ရား​သ​ခင်၏ လူ​သည်​စုံ​လင်​သော​သူ၊ ကောင်း​သော အ​မှု​အ​မျိုး​မျိုး​တို့​ကို ပြု​စု​ခြင်း​အ​လို​ငှာ ပြင်​ဆင်​သော​သူ ဖြစ်​မည်​အ​ကြောင်း၊ ဩ​ဝါ​ဒ​ပေး​ခြင်း၊ အ​ပြစ်​ကို​ဖော်​ပြ​ခြင်း၊ ဖြောင့်​မတ်​စွာ ပြု​ပြင်​ခြင်း၊ တ​ရား​ကို သွန်​သင်​ခြင်း ကျေး​ဇူး​များ​ကို ပြု​တတ်၏။”

ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား​ကို ကြား​သော​သူ​အ​ပေါင်း​တို့​အား ငါ​သက်​သေ​ခံ​သည်​ကား၊ အ​ကြင်​သူ​သည် ဤ​အ​ရာ​တို့၌​ထပ်၍ အ​သစ်​သွင်း၏။ ဤ​စာ​စောင်၌​ရေး​ထား​သော​ဘေး​ဒဏ်​တို့​ကို ထို​သူ​အ​ပေါ်​သို့ ဘု​ရား​သ​ခင်​သက်​ရောက်​စေ​တော်​မူ​မည်။အ​ကြင်​သူ​သည် ဤ​စာ​စောင်၏​အ​နာ​ဂ​တ္တိ​စ​ကား အ​ချို့​ကို​နုတ်​ပယ်၏။ ဤ​စာ​စောင်၌​ရေး​ထား​သော အ​သက်​ပင်​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​မြို့​တော်​နှင့်​လည်း​ကောင်း၊ ထို​သူ​စပ်​ဆိုင်​သော​အ​ခွင့်​ကို ဘု​ရား​သ​ခင်​နုတ်​ပယ်​တော်​မူ​မည်။”

ဓ​မ္မ​သစ်​ကျမ်း​တို့​တွင် နောက်​ဆုံး​ကျမ်း​တည်း​ဟူ​သော ရှင်​ယော​ဟန် စီ​ရင်​ရေး​ထား​သော​ ဗျာ​ဒိတ်​ကျမ်း​ပြီး၏။ဟူ၍ ဖြစ်ပါတယ်။

ဘုရားသခင်မှုတ်သွင်းတော်မူသောအားဖြင့်ဖြစ်၍ အလံုးစုံပြီးပြည့်စုံတဲ့ ထာဝရဘုရား၏ နှုတ်ကပတ်တော် (ေခါ်) သမ္မာကျမ်းစာရှိနေပြီပဲကို ယနေ့ခေတ်ကျမှ နောက်ထပ် အသစ်ထပ်သွင်းဖို့၊ ပြန်နှုတ်ဖို့ ပရောဖက်များကို ကျွန်ုပ်တို့ လိုအပ်ဦးပါမည်လော။