လောကရဲ့စာမျက်နှာတွေအတွက် ဒီနေ့ရက်၊လ၊နှစ် ကအသစ်ပါ မိတ်ဆွေ။ ယခုလာမည့် ရက်၊လ၊နှစ်သစ်မှာ ဘာဖြစ်မလဲဆိုတာဘယ်သူမှမသိပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့သိချင်ကြပါတယ်။ လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး ဒီနှစ်သစ်မှာအဆင်ပြေပါ့မလားဆိုတဲ့ အတွေးကတော့လူတိုင်းမှာရှိတတ်ပါတယ်။ ကိစ္စမရှိပါဘူး။ လူပဲလေ … ပူပန်တတ်တယ်၊ တွေးတောတတ်တယ်၊ အကောင်းဆုံးတွေကိုပဲ ဘဝမှာဖြစ်လာဖို့မျှော်လင့်တတ်ကြတယ်။ တချို့ဆို ရှေ့ဖြစ်ဟောတမ်းစာကိုဝယ်ဖတ်ပြီး ပြင်ဆင်ကြတာတို့၊ ဗေဒင်ဆရာဆီ ဒီနှစ်တွက်ကြိုတင်ပြင်ဆင်ဖို့သွားမေးကြတာတို့၊ ပရောဖက်တွေဆီသွားပြီး ဆုတောင်းခံပြင်ဆင်တာတို့ လုပ်ကြတာပဲလေ။ ဒါဟာ လူတွေမှာ မသိစိတ်က စိုးရိမ်ပူပန်ကြောင့်ကြတတ်တာကိုဖော်ပြတဲ့အရာတွေပဲဖြစ်ပါတယ်။ မိတ်ဆွေ အထက်ကဖေါ်ပြသလိုခံစားမိ၊ စဉ်းစားမိတယ်ဆိုရင် အားပေးပါရစေ။ ဒီလောကရဲ့ အကြီးမားဆုံးလက်နက်ဖြစ်တဲ့ သေခြင်းကိုတောင် အောင်မြင်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂါတ် ကိုပိုင်သတဲ့အရှင်ကို သိထားဖို့ ပိုင်ဆိုင်ထားဖို့ မေတ္တာဖြင့်မိတ်ဆက်ပေးချင်တယ်။
သူ့ အမည်နာမတော် က “ယေရှုခရစ်တော်” ပဲဖြစ်ပါတယ်။ အကယ်၍သိပြီးရင်လည်း သူနဲ့ရင်းနှီးကျွမ်းဝင်ဖို့ ဒီနှစ်သစ်ကိုသူနဲ့အတူ စိတ်ချမှုဖြင့် အတူလျှောက်လှမ်းဖို့ မေတ္တာဖြင့် နှိုးဆော်ပါရစေ။ ထိုသခင်က ဤလောကမှာ သင့်အတွက်ကြံစည်မျှော်လင့်ထားသောအရာများစွာရှိပါတယ်။ သေချာတာကတော့ သင်ကြံစည်မျှော်လင့်ထားတဲ့အရာထက် ထိုသခင်ရဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအတွက်ထားသော အရာများစွာရှိပါတယ်၊ သင်မသိနိုင်ပါ၊ သင့်သိစရာလည်းမလိုပါ။ အဘယ်ကြောင့်ဆိုသော် သင်နှင့်ကျွန်ုပ်မှာ အနာဂါတ်ကိုထိန်းချုပ်ကိုင်တွယ်နိုင်စွမ်းမရှိလို့ပါ အဆွေ။
ဒါကြောင့် အနာဂါတ်သာမက အတိတ်နှင့်ပစ္စုပ္ပန်ကိုပင် ပိုင်သထိန်းချုပ်နိုင်သော တန်ခိုးတော်အရှင်ထံ မိမိရဲ့ဘဝတစ်ခုလုံးကိုအပ်နှံကာအသက်ရှင်ဖို့ထပ်လောင်းနှိုးဆော်ပါရစေ မိတ်ဆွေ။
“တစ်ဖန် မိန့်တော်မူသည်ကား၊ ငါသည် သင်တို့ကို အကျိုးနည်းစေခြင်းငှာ ကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့သည် မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ ကြံစည်သော အကြံတို့ကို ငါသိ၏။”
ယေရမိအနာဂတ္တိကျမ်း ၂၉:၁၁
ချစ်သောမိတ်ဆွေ ထိုသခင်ကိုသင့်ဘဝရဲ့ နေ့၊ရက်၊လ၊နှစ် တွေထဲမှာ ဦးဆောင်လမ်းပြခွင့်ပေးလိုက်ပါ အဆွေ။
“သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။”
ရောမဩဝါဒစာ ၁၂:၂