Skip to content

ဆိုးညစ်မှုနှင့် စီရင်ခြင်း

သောဒုံနှင့်ဂေါမောရဟာ လူတွေရဲ့ဆိုးသွမ်းအပြစ်များမှုနှင့်ထိုဆိုးညစ်မှုတွေကို ဘုရားသခင်စီရင်တော်မူတယ်ဆိုတာကို ပုံဉပမာအနေဖြင့် ကျမ်းစာတလျှောက်မှာဖော်ပြထားတာတွေ့မြင်ရပါတယ်။

ထိုမြို့တွေကို ကမ္ဘာဦး ၁၀:၁၉ မှာဖော်ပြထားပြီး ခါနာန်အမျိုးသားတွေရဲ့နယ်နိမိတ်တွင်းမှာဖြစ်တယ်ဆိုတာလည်း နားလည်ရပါတယ်။

နောက်ထပ်ဖော်ပြထားတဲ့ နေရာကတော့ ကမ္ဘာဦး ၁၃:၁၀ မှာဖြစ်ပြီး ဘုရားသခင်ဖျက်ဆီးတယ်ဆိုတဲ့အချက်ကိုတွေ့ရပါတယ်။ အကြောင်းကတော့

“သော​ဒုံ​မြို့​သား​တို့​သည် ဆိုး​သော​သူ၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌၊ အ​လွန်​အ​ပြစ်​များ​သော​သူ ဖြစ်​ကြ​သ​တည်း။”
ကမ္ဘာဦးကျမ်း ၁၃:၁၃
ကမ္ဘာဦးကျမ်းကိုကြည့်တဲ့အခါ လောတဟာ သူ့ရဲ့အမြင်ပေါ်အခြေခံတဲ့ဆုံးဖြတ်ချက်တွေကိုပြုလုပ်ပြီး၊ သူ့ရဲ့ဦးလေးအာဗြဟံကတော့ ဆုံးဖြတ်ချက်တိုင်းကိုယုံကြည်ခြင်း၌အခြေပြုတယ်လို့ဆင်ခြင်ရပါတယ်။
ဒါကြောင့် လောတနဲ့သူဆုံးဖြတ်အခြေချခဲ့တဲ့သောဒုံ အဖြစ်အပျက်ဟာ အာဗြဟံနှင့်ဘုရားဖွဲ့သောပဋိညာဉ်ကို သာ၍မြင်သာပြည့်စုံစေရုံတင်မကဘဲ ကမ္ဘာဦးအခန်းကြီး ၄ကနေမှစလို့ အခန်းကြီး ၁၁ အထိ ထင်ထင်ရှားရှား ဖော်ပြထားတဲ့ကျရှုံးနေသောလူသားမျိုးနွယ်ရဲ့ အပြစ်ပြဿနာကိုလည်း အောက်မေ့ဆင်ခြင်မိစေပါတယ်။
ထို့အပြင် ကမ္ဘာဦး၁၉ ကိုဖတ်ရှုတဲ့အခါ ရေလွှမ်းမိုးမှုမတိုင်မီ လူသားတွေရဲ့အသက်ရှင်မှုမျိုးကိုလည်း ဆင်ခြင်ရပါသေးတယ်။
ဒါ့ကြောင့် ကမ္ဘာဦးကတည်းကစလို့ ဘုရားသခင်ဟာ သောဒုံနှင့်ဂေါမောရမြို့နှစ်မြို့ကို လူသားတွေရဲ့ဆိုးညစ်မှုနဲ့ဘုရားသခင်ရဲ့စီရင်ခြင်းကို ထင်ရှားသောသာဓကအဖြစ်အသုံးပြုထားပါတယ်။
နောက်ပိုင်းမှာလည်း တူညီတဲ့ဆိုလိုရင်းတွေနဲ့ ကျမ်းစာထဲမှာဆက်လက်ဖော်ပြထားပါသေးတယ်။
ယေရမိဟာ သူ့အချိန်ကာလ ယေရုရှလင်မြို့မှာရှိတဲ့ ပရောဖက်တွေကို ဘယ်လိုဆိုသလဲဆိုရင်….
“ယေ​ရု​ရှ​လင်​မြို့​သား ပ​ရော​ဖက်​တို့၌​လည်း၊ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သော သ​ဘော​ကို ငါ​မြင်​ပြီ။ သူ​တို့​သည် မ​တ​ရား​သော မေ​ထုန်၌​မှီ​ဝဲ​လျက်၊ မု​သား​ကို​လည်း​သုံး​လျက်၊ အ​ဓ​မ္မ​ပြု​သော​သူ​တို့​ကို အား​ပေး​တတ်​သ​ဖြင့်၊ အ​ဘယ်​သူ​မျှ​မိ​မိ​ပြု​သော အ​ဓ​မ္မ​အ​မှု​ကို မ​စွန့်။ ထို​သူ ရှိ​သ​မျှ​တို့​သည် ငါ၌ သော​ဒုံ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​သား​တို့​သည် ဂေါ​မော​ရ​မြို့​သား​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ကြ၏။”
ယေရမိအနာဂတ္တိကျမ်း ၂၃:၁၄
( ဖတ်ရန် တရားဟော ၃၂:၃၂၊ ဟေရှာယ ၁:၁၀၊ ၃:၉၊ ယေဇကျေလ ၁၆:၄၆-၅၆၊ ၂ပေ ၂:၆၊ ယုဒ ၁:၇၊ ဗျာဒိတ် ၁၁:၈။ )
ဗာဗုလုန်မြို့နဲ့ပတ်သက်တဲ့ဘုရားရဲ့ပရောဖက်ပြုချက်ကို ယေရမိကဘယ်လိုဖော်ပြထားသေးလဲဆိုရင်
“သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​မှ​စ၍ နီး​စပ်​သော မြို့​များ​ကို ဘု​ရား​သ​ခင် ဖျက်​ဆီး​တော်​မူ​သ​ဖြင့် လူ​ဆိတ်​ညံ​သ​ကဲ့​သို့၊ ဗာ​ဗု​လုန်​မြို့၌ အ​ဘယ်​သူ​မျှ မ​နေ​ရ၊ လူ​သား​တစ်​စုံ​တစ်​ယောက်​မျှ နေ​ရာ​မ​ကျ​ရ​ဟု၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။”
ယေရမိအနာဂတ္တိကျမ်း ၅၀:၄၀

#λόγος #ThyLogos #God_s_JudgementOnEvil #သောဒုံနှင့်ဂေါမောရ