Skip to content

ယေရှုခရစ်တော်ကို တယောက်တည်းအဖြစ်မမြင်ဘဲ ယေရှုကတယောက် ခရစ်တော်ကတယောက်အဖြစ် မြင်နေကြတဲ့သူတွေရဲ့ သြဝါဒတွေဟာ ၂၀၁၈ ခုနှစ်လောက်က စပြီး မြန်မာပြည်ကို ပြန့်ပွားလာကာ ယနေ့ထိတိုင် မြန်မာခရစ်ယာန်အသင်းတော်တွေကြားမှာ အငြင်းပွားနေလျက်ရှိပါသည်။ ယေရှုနဲ့ ခရစ်တော် မတူဘူးလို့ ခွဲရခြင်းရဲ့ အဓိကအကြောင်းအရင်းများကို လေ့လာကြည့်တဲ့အခါ

၁။ ဓမ္မတက္ကသိုလ်တက်ရောက်ကာ ဓမ္မပညာသင်ယူခြင်း ကို အထင်မကြီးဘဲ သမ္မာကျမ်းစာကို ဓမ္မဓိဋ္ဌာန်ကျကျ မလေ့လာတတ်ခြင်း။

၂။ ဝိညာဉ်တော်ဖော်ပြခြင်းဟုဆိုကာ မိမိထင်သလို ကျမ်းစာကိုအနက်ပြန်ခြင်း။

၃။ ယေရှုခရစ်တော်၏ ဘူရားဇာတိနှင့်လူဇာတိကို နားလည်မှုလွဲမှားခြင်း (သို့) ဓမ္မတက္ကသိုလ်၌သာ အတွင်းကျကျသင်ကြားသော “ခရစ်တော်ဗေဒ” (Christology) ကို နားမလည်ခြင်းများကိုတွေ့ရှိရပါတယ်။

အဓိကလွဲတဲ့ နံပါတ် ၃ ကိုပဲ လေ့လာသွားမှာဖြစ်ပါတယ်။ တချို့သော ဧဝံဂေလိတရားဟောဆရာများ (Evangelists) ဟာ ဝိညာဉ်တော်ဖွင့်ပြမှုဟုဆိုကာ သမ္မာကျမ်းစာနှင့်လွဲချော်နေမှန်း မသိအောင်ကို လွဲချော်နေကြပါတယ်။ မိမိအထင်အမြင် အနည်းငယ်မျှ သမ္မာကျမ်းစာ၌ ထည့်သွင်းလိုက်ခြင်းသည် မုန့်စိမ်းတပုံးလုံးကိုဖောင်းကြွစေသော တဆေးအနည်းငယ်မျှနှင့်တူကာ ကြီးမားသော အယူဝါဒအမှားကိုဖြစ်ပေါ်စေပါတယ်။ ယုံကြည်သူများ အထူးသိထားရမှာက ဝိညာဉ်တော်ဖော်ပြသည်မှန်လျှင် သမ္မာကျမ်းစာနှင့် ဘယ်တော့မှ မလွဲပေ။

တရားတော်ကိုလည်းကောင်း၊ သက်သေခံတော်မူချက်ကိုလည်းကောင်း နားထောင်ကြကုန်။ သူတို့ပြောသောစကားသည် နှုတ်ကပတ်တော်နှင့်မညီလျှင်၊ သူတို့၌ အရုဏ်မတက်သေး။
ဟေရှာယ ၈:၂၀

နှုတ်ကပတ်တော်တည်းဟူသော ထာဝရဘုရား၏သမ္မာကျမ်းနှင့် ဝိညာဉ်တော်သည် အကြင်လင်မယားသဖွယ်ဖြစ်သည်ကို ယုံကြည်သူများ သတိထားလျက် သမ္မာကျမ်းစာကို ဗေရိ မြို့သား များကဲ့သို့ စေ့စေ့ခံယူကာ အထက်ပါ ယေရှုနှင့် ခရစ်တော် ခွဲခြင်းခြင်း ပြဿနာကို လေ့လာကြပါစို့။

ယေရှုခရစ်တော်၏ ဘူရားဇာတိနှင့်လူဇာတိကို နားလည်မှုလွဲမှားခြင်း (သို့) ဓမ္မတက္ကသိုလ်၌သာ အတွင်းကျကျသင်ကြားသော “ခရစ်တော်ဗေဒ” (Christology) ကို နားမလည်ခြင်း

ယေရှုနှင့် ခရစ်တော်ကို မတူဘူးဟူ၍ ခွဲရခြင်း၏ အဓိကအကြောင်းရင်းမှာ ယေရှုခရစ်တော်၏ ဘုရားဖြစ်တော်မူခြင်းနှင့် လူဖြစ်ခြင်းကို ကောင်းစွာနားမလည်ဘဲ ဘုရားဖြစ်တော်မူခြင်းကတယောက်၊ လူဖြစ်ခြင်းက တယောက်အဖြစ် ခံယူလိုက်ခြင်းကြောင့်ဖြစ်သည်။ ယေရှုခရစ်သည် ဘုရား ၁၀၀%၊ လူ ၁၀၀% ခွဲလို့မရသော တပြိုက်နက် ဖြစ်ပေါ်တည်ရှိနေသော တပါးတည်းသော ပုဂ္ဂိုလ်အဖြစ်မသိမမြင်ခြင်းကြောင့်ဖြစ်ပါတယ်။

(က) ဘုရားဖြစ်တော်မူခြင်းနှင့် လူဖြစ်ခြင်း

“The Word became flesh and made His dwelling among us. We have seen His Glory, the Glory of the One and only Son, who came from the Father, full of grace and truth.” (John 1:14 NIV)

နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။

ရှင်ယောဟန် ၁:၁၄

ယေရှုနဲ့ ခရစ်တော်ခွဲတဲ့အဖွဲ့ဟာ ဤကျမ်းချက်ကို တမျိုးနားလည်ကြပါတယ်။ နှုတ်ကပတ်တော်က ခရစ်တော်ဖြစ်ပြီး ခန္ဓာတော်က လူထဲကဖြစ်လာတဲ့အတွက် ဖန်ဆင်းခံအဖြစ် အလွဲယူလိုက်ကြပါတော့တယ်။ ဒါသည် ကျမ်းစာကို အတွင်းကျကျနားမလည်ခြင်း၊ ဘုရားသခင်၏ တတ်နိုင်စွမ်း ဘုန်းတော်၊ တန်ခိုးတော်တွေကို နားမလည်ဘဲ လူ့အတွေးတွေးကာ အင်မတန်မှ လျှော့တွက်သောသူများဖြစ်ပါတယ်။

“The Word became flesh” ဆိုတဲ့ နှုတ်ကပတ်တော်ကို သေချာနားလည်ဖို့လိုပါတယ်။ နှုတ်ကပတ်တော်ကိုယ်တိုင်က အသွေးအသားခန္ဓာဖြစ်လာသည် ဟူသော အဓိပ္ပါယ် ဖြစ်ပါတယ်။ ဤလူဇာတိခံခြင်းသည် မယ်တော်မာရိ၏ မျိုးဥကို အသုံးတော်ခံသလား မခံသလား ဆိုတာကိုတော့ ကျမ်းစာ၌မပါသောကြောင့် မပြောနိုင်ပါ။

မျိုးဥကို အသုံးတော်ခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ဒါသည် Objective Baptism အမျိုးအစားဖြစ်ပါတယ်။

(ရေခွက်ထဲ သကြားထည့်လိုက်ခြင်းဖြင့် သကြားရေဖြစ်လာကာ သကြားနဲ့ရေလုံးလုံးခွဲခြားမရသကဲ့သို့ ယေရှုခရစ်၏ဘုရားဖြစ်ခြင်းနှင့်လူဖြစ်ခြင်းသည် ထိုအတိုင်းပင်ဖြစ်ပါတယ်။)

ငါသည်ကောင်းကင်မှဆင်းသက်သော အသက်မုန့်ဖြစ်၏

ယောဟန် ၆း၅၁(က)

ဤကျမ်းပိုဒ်မှာ သခင်ယေရှုပြောတဲ့ အသက်မုန့်ဆိုတာကို သေချာစဉ်းစားပါ။ ဂျုံမှုန့်စိမ်းဟာ မုန့်ဖြစ်လို့မရပါဘူး။ တဆေးထည့်လိုက်တဲ့အခါ ဖောင်းကြွလာပြီး မီးဖုတ်လိုက်မှ မုန့်ဖြစ်လာပြီး တဆေးနဲ့ မုန့်ခွဲခြားလို့မရသကဲ့သို့ မုန့်တလုံး ဖြစ်နေခြင်းဖြစ်သည်။

အခြားသောဥပမာစကားကို မိန့်မြွက်တော်မူသည်ကား၊ ကောင်းကင်နိုင်ငံတော်သည် တဆေးနှင့်တူ၏။ မိန်းမသည် တဆေးကိုယူ၍ မုန့်ညက်သုံးတင်း၌ထည့်သဖြင့်၊ မုန့်ညက်ရှိသမျှကို ဖောင်းကြွစေတတ်သည်ဟု မိန့်တော်မူ၏။

ရှင်မဿဲခရစ်ဝင် ၁၃:၃၃

နှုတ်ကပတ်တော်တည်းဟူသော ဘုရားသခင်သည် တဆေးကဲ့သို့ဖြစ်လျက် မယ်တော်မာရိဝမ်း၌ ပဋိသန္ဓေစွဲယူပြီး ဂျုံမှုန့်ညက်ကဲ့သို့သော ကိုယ်ခန္ဓာတော်ကိုဘုရားပကတိဖြစ်အင်များဖြင့် ဖြစ်ပွားဖောင်းကြွစေပြီး မုန့်တလုံးဖြစ်သကဲ့သို့ ယေရှုခရစ်တော်သည် ဘုရားပကတိ၊ လူပကတိခွဲခြားမရသော ကောင်းကင်မှဆင်းသက်သည့် အသက်မုန့်ဖြစ်လာပါတယ်။ (သင်ဟာ မုန့်တလုံးကို တဆေးကဘယ်အပိုင်း ဂျုံမှုန့်ညက်က ဘယ်အပိုင်းဟု ခွဲခြားနေသူလော၊ ခွဲခြားမရအောင် တလုံးတည်းဖြစ်နေသည်ကိုမသိသလော။)

ဥပမာ ၁။ ။ ဧနောက်က ဘုရားသခင်နှင့်အတူ တသက်လုံးသွားလာတဲ့အခါ ဘုရားသခင်ရဲ့ဖြစ်အင် ဘုန်းတော်၊ တန်ခိုးတော်၊ ဂုဏ်တော်တွေဟာ ဧနောက်နဲ့ တထပ်တည်းတသားတည်းဖြစ်သွားပြီး သေခြင်းပင်မခံရဘဲ ကောင်းကင်ဘုံသို့ ချီဆောင်ခံရသကဲ့သို့ ဖြစ်ပါတယ်။

ဧနောက်သည် ဘုရားသခင်နှင့်အတူသွားလာ၏။ နောက်တစ်ဖန် သူသည်မရှိ။ အကြောင်းမူကား၊ ဘုရားသခင် သိမ်းယူတော်မူသောကြောင့်တည်း။

ကမ္ဘာဦးကျမ်း ၅:၂၄

ဥပမာ ၂။ ။မောရှေသည် သိနာတောင်ပေါ်မှာ အရက် ၄၀ ပတ်လုံး ဘုရားသခင်နှင့်အတူရှိနေတဲ့အခါ မောရှေရဲ့ မျက်နှာဟာ ဘုရားသခင်၏ တန်ခိုးတော် ဘုန်းတော်ကွန့်မြူးခံရပြီး အရောင်အဝါ ထွန်းတောက် သကဲ့သို့ ဖြစ်နေခဲ့ပါတယ်။

ထိုအရပ်မှာ မောရှေသည် အစာကိုမစား၊ ရေကိုမသောက်ဘဲ၊ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားအထံတော်၌ နေလေ၏။ ကျောက်ပြားပေါ်မှာ ပဋိညာဉ်စကား၊ ပညတ်တော်ဆယ်ပါးကို ရေးထားတော်မူ၏။ မောရှေသည် သက်သေခံချက် ကျောက်ပြားနှစ်ပြားကိုကိုင်လျက်၊ သိနာတောင်ပေါ်မှ ဆင်းသက်သောအခါ၊ မိမိနှင့် ဘုရားသခင်နှုတ်ဆက်တော်မူသောကြောင့်၊ မိမိမျက်နှာအရေထွန်းပကြောင်းကို မိမိမသိ။ အာရုန်နှင့် ဣသရေလအမျိုးသားအပေါင်းတို့သည်၊ မောရှေကိုမြင်သောအခါ၊ သူ၏မျက်နှာအရေ ထွန်းပသောကြောင့်၊ သူတို့သည် မချဉ်းမကပ်ဝံ့ကြ။

ထွက်မြောက်ရာကျမ်း ၃၄:၂၈၃၀

အပြစ်ရှိသော လူ၏သားများဖြစ်သော ဧနောက်နှင့် မောရှေ တွင် ဘုရားသခင်၏ဘုန်းတော်၊ တန်ခိုးတော်၊ ဖြစ်အင်တွေ ကွန်မြူးခြင်းခံရလျှင် ယေရှုခရစ်တော်၏ ဘုရားပကတိနှင့်လူပကတိ ခွဲမရအောင် တပါးတည်းဖြစ်နေခြင်းကို ပို၍နားလည်လိမ့်မည်ဟု ထင်ပါတယ်။ ယေရှုသည် ဖန်ဆင်းခံမဟုတ်၊ ဖန်ဆင်းရှင်ပင် ဖြစ်ပါတယ်။ နှုတ်ကပတ်တော်တည်းဟူသော ဖန်ဆင်းရှင်ဘုရားသခင်ကိုယ်တော်တိုင် လူဖြစ်လာခြင်းဖြစ်ပါတယ်။ မယ်တော်မာရိ၏ မျိုးဥကို အသုံးခံသည်ဖြစ်စေ၊ မခံသည်ဖြစ်စေ ထို နှုတ်ကပတ်တော်တည်းဟူသောဘုရားသခင်၏ Objective Baptism ကြောင့် ခန္ဓာတော်ဖြစ်လာခြင်းဖြစ်သည်။ ထိုခန္ဓာတော်သည် အပြစ်နှင့်ကင်းစင်သော ဘုရားပကတိ လူပကတိ ခွဲခြားမရသော(သကြားရေ နှင့် အသက်မုန့် ကဲ့သို့) ယေရှုခရစ်တော်တည်းဟူသော တပါးတည်းသော ကယ်တင်ရှင်ဖြစ်လာပါတယ်။ ထိုသို့နှုတ်ကပတ်တော်တည်းဟူသော ဘုရားသခင်သည် မာရိဝမ်း၌ ပဋိသန္ဓေစွဲယူသောကြောင့် မယ်တော်မာရိပင် ဝိညာဉ်တော်နှင့်ဘုရားဘုန်းတန်ခိုးအာနုဘော် လွှမ်းမိုးခြင်းခံခဲ့ရပါတယ်။

ကောင်းကင်တမန်ကလည်း၊ သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အပေါ်မှာ သက်ရောက်တော်မူ၍၊ အမြင့်ဆုံးသောဘုရား၏ တန်ခိုးအာနုဘော်တော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် ထိုသန့်ရှင်းသောသားသည်လည်း ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံရလိမ့်မည်။

ရှင်လုကာခရစ်ဝင် ၁:၃၅

မွေးဖွားမယ့်သူငယ်ဟာ ထာဝရအဘဖြစ်ကြောင်းဟေရှာယက ခရစ်တော်ဖွားမြင်တော်မူခြင်း ခံတော်မမူမှီကပင် ကြိုတင်ပရောဖက်ပြုထားခဲ့ပါတယ်။ ဟေရှာယက ထိုသူငယ်သည် ဘုရားသခင်ဖြစ်ကြောင်းအခိုင်အမာ အတည်ပြုပြောဆိုထားသည် (နှုတ်ကပတ်တော်တည်းဟူသော ဘုရားသခင်ကိုယ်တော်တိုင် သူငယ်တော်အဖြစ်ခံယူ မွေးဖွားခြင်းဖြစ်သည်)

အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်ကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။

ဟေရှာယ ၉:
(
မှတ်ချက်။ ဟေရှာယကျမ်းစာစောင်ဟာ ၇၄၀ BC နဲ့ ၆၈၆ BC အတွင်းလောက်ကတည်းက ရှိနေပြီးသားကျမ်းမို့ ဒီကျမ်းစောင်များသည် ခရစ်တော် မကြွလာခင်ကတည်းကပင် ရှိနှင့်နေပြီးဖြစ််ပါတယ်)

ဤအကြောင်းအရာကို ဓမ္မတက္ကသိုလ် တက်ပြီး Systematic theology, Christology များကို အတွင်းကျကျလေ့လာမှ နားလည်ရခြင်းဖြစ်ပါတယ်။ ထို့ကြောင့် သင်ဟာ ဝိညာဉ်ရေးကိုတဖက်သတ်အားသန်ပြီး ဓမ္မပညာ (Theology) ကို မုန်းသောသူဖြစ်နေပါသလား။ ဒါဆို သင့်အမြင်ပြောင်းလိုက်ပါ။ ဒုတိယမွေးခြင်းခံရသူအဖို့ ဓမ္မတက္ကသိုလ်တက်ပြီး theology တတ်မြောက်ခြင်းဟာ ခြင်္သေ့ကိုအတောင်ပံ တပ်ပေးလိုက်သလို ရှင်ပေါလုကဲ့သို့ နက်ရှိုင်းမှန်ကန်သော theology တွေကို ဝိညာဉ်တော်အားဖြင့် ဓမ္မဓိဋ္ဌာန်ကျကျ ဖော်ထုတ်လာနိုင်လိမ့်မည်။ စနစ်တကျလေ့လာသော ဓမ္မပညာ (Systematic theology)တို့၊ ခရစ်တော်ဗေဒ(Christology)တို့ ဆိုတာ သင့်ထက်အဆပေါင်းများစွာ ဝိညာဉ်ရေးရာတွင် ရင့်ကျက်သော ရှေးဘိုးဘေးများ ဖော်ထုတ်ခဲ့သော သမ္မာနည်းကျသော ဩဝါဒ (Biblical Doctrines) များဖြစ်တယ်ဆိုတာ သိစေလိုပါတယ်။

() ယေရှုနှင့် ခရစ်တော်

အထက်ပါအတိုင်း ယေရှုခရစ်တော်ဟာ ဘုရား ၁၀၀%၊ လူ ၁၀၀% ရှိနေသော တပါးတည်းသော ပုဂ္ဂိုလ်အဖြစ် မမြင်တော့ဘဲ ဘုရားဖြစ်ခြင်းကတယောက်၊ အသွေးအသားဇာတိက တယောက်အဖြစ်မြင်လာတဲ့အခါမှာ ယေရှုဟာ ဖန်ဆင်းခံလူသက်သက်ဖြစ်ပြီး ယေရှုထဲ၌တည်နေသောဝိညာဉ်သာလျှင် ခရစ်တော်ဖြစ်သည်ဟု လွဲမှားစွာ ဟောပြောသွန်သင်လာကြပါတော့တယ်။ ဤအယူဝါဒသည် သိုးသငယ်တည်းဟူသော ယေရှုခရစ်အသေခံခြင်းကို အင်မတန်ထိခိုက်စေသော အယူဝါဒဖြစ်ပါတယ်။ ယေရှုဟာလူသက်သက်ဖြစ်ပြီး ခရစ်တော်မဟုတ်၊ ဖန်ဆင်းခံလူဟုဆိုလိုက်သောကြောင့် လက်ဝါးကပ်တိုင်မှာ အသေခံခြင်းဟာ ဘုရားအသေခံခြင်းမဟုတ်တော့ဘဲ လူသက်သက်အသေခံခြင်းဖြစ်သည်ဟု အခိုင်အမာစွပ်စွဲလိုက်ခြင်းဖြစ်ပါတယ်။ ထိုလူသက်သက်ဖြစ်သော ယေရှုအသေခံခြင်းသည် ယုံကြည်သူများအဖို့ အပြစ်မဖြေနိုင်၊ အသက်မပေးနိုင်သကဲ့သို့ဖြစ်သွားသည်။ ဤသို့သော မှားယွင်းသောအယူကို ယူလာရခြင်းမှာ ယေရှုခရစ်တော်(Jesus Christ)တည်းယူသောအမည်နာမကို နားမလည်သော ဒုတိယ အကြောင်းပြချက်ဖြစ်ပါတယ်။

Christ= (Greek; Christos, Hebrew; Mashiah)= “Anointed One”= ဘိသိက်ခံရသောသူ

Jesus= (Hebrew; Yehoshua, “Yahweh is salvation” ထာဝရဘုရားသည် ကယ်တင်ခြင်းဖြစ်သည်) = မိမိလူတို့ကိုအပြစ်မှကယ်ချွတ်မည့်သူ

Jesus Christ= ဘိသိက်ခံရသော အပြစ်မှကယ်ချွတ်မည့်သူ (သို့) ဘိသိက်ခံရသောကယ်တင်ရှင်

ယေရှုခရစ်တော်ဆိုတာ ဘိသိက်ခံရသောအပြစ်မှ ကယ်ချွတ်မည့်သူဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ဣသရေလ(Israel) လူမျိုးတွေကတော့ ဘိသိက်ဆိုတာ ကောင်းကောင်းနားလည်တယ်။ ဓမ္မဟောင်းမှာ ယဇ်ပရောဟိတ်တို့၊ ပရောဖက်တို့၊ ရှင်ဘုရင်တို့ကို ခန့်အပ်တော့မယ်ဆိုရင် ဘိသိက်ပွဲလုပ်ရတယ်။ ထိုဘိသိက်ပေးခြင်းဟာ ပုဂ္ဂိုလ်မဟုတ်ဘူး၊ ဝိညာဉ်မဟုတ်ဘူး၊ သတ်မှတ်ထားခြင်း၊ အလုပ်အပ်ခြင်း၊ အခွင့်အာဏာအပ်နှင်းခြင်းဆိုတာကို ဣသရေလ(Israel) လူမျိုးတွေကောင်းကောင်းနားလည်တယ်။ ဒါကြောင့် ဂျူးတွေကရှင်းတယ်။ ယေရှုအထဲမှာခရစ်တော်ရှိလား၊ မရှိလား ခွဲခြားမနေဘူး။ ဒီလူဟာ ငါတို့ကို ကယ်တင်ဖို့ ဘုရားခွဲခန့်ထားခြင်းခံရသူ(Christ= ဘိသိက်ခံရသောသူ) ဟုတ်မဟုတ်သေချာလေ့လာခြင်းပဲရှိတယ်။ ဟုတ်ရင်လက်ခံ၊ မဟုတ်ရင်သတ် ဒါဘဲ။ ယဇ်ပရောဟိတ်တို့၊ ဖာရိရှဲတို့အမြင်မှာ (Christ=ခရစ်တော်=ဘိသိက်ခံရသောသူ) မဟုတ်တဲ့အတွက် သတ်ကြတာပဲ။ ဂျူးတွေရဲ့ ဓမ္မအမြင်ကမှ ယေရှုနဲ့ခရစ်တော်ခွဲတဲ့ သူတွေရဲ့ အမြင်ထက် များစွာသာလွန်နေတယ်။

ဒါဝိဒ်ကို ရှမွေလက ဘိသိက်ပေးတဲ့အခါ သံလွင်ဆီနဲ့ခေါင်းကိုလိမ်းပေးတယ်။ ပြီးတော့ ဒီနေ့ကစပြီး သင်ဟာ ဣသရေလ ရှင်ဘုရင်ဖြစ်တယ်လို့ ကြေငြာတယ်။

တစ်ဖန် ထာဝရဘုရားက၊ ရှောလုကို ဣသရေလရှင်ဘုရင်အရာမှ ငါပယ်သောကြောင့်၊ သင်သည် အဘယ်မျှ ကာလပတ်လုံး စိတ်မသာ ညည်းတွားလျက် နေလိမ့်မည်နည်း။ သင်၏ဘူးကို ဆီနှင့်ပြည့်စေလော့။ ဗက်လင်မြို့သား ယေရှဲရှိရာသို့ ငါစေလွှတ်မည်။ (သူ၏သားတို့တွင် ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို ငါပြင်ဆင်ပြီဟု ရှမွေလအား မိန့်တော်မူ၏။)”

ဓမ္မရာဇဝင် ပထမစောင် ၁၆:

ရှမွေလသည်လည်း၊ ဆီဘူးကိုယူ၍ သူ၏အစ်ကိုစုထဲမှာ သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ်မှာ သက်ရောက်လေ၏။ ရှမွေသည်ထ၍ ရာမမြို့သို့ ပြန်သွား၏။

ဓမ္မရာဇဝင် ပထမစောင် ၁၆:၁၃

ဒါဝိဒ်ဟာ ဘိသိက်ခံရလို့ ပုဂ္ဂိုလ် နှစ်ပါးဖြစ်သွားသလား။ မဖြစ်ပါဘူး။ ဘုရားသခင်၏အလိုတော်အားဖြင့် ဒါဝိဒ်ကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားခြင်းခံလိုက်ရခြင်းသာဖြစ်သည်။ ဘိသိက်ခံရသော ရှင်ဘုရင်က ဒါဝိဒ်မဟုတ်ဘူး၊ ဒါဝိဒ်အထဲက ဝိညာဉ်လို့သင်ပြောမလား။ ဒါဆိုသင် တခုခုတော့လွဲနေပြီဆိုတာ သေချာနေပြီ။ တခုရှိတာက ဘိသိက်ခံလိုက်ရတဲ့သူတိုင်းဟာ ဘုရားသခင်ရဲ့အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ဝိညာဉ်တော်၏ လမ်းပြမစမှုကို အမြဲလက်ခံရရှိလေ့ရှိတယ်။

ထိုကြောင့် ဘိသိက်ဆိုတာကိုကောင်းစွာ သိဖို့လိုတယ်။ ယေရှုခရစ်တော်(ဘိသိက်ခံရသောကယ်တင်ရှင်)ဟာ ကိုယ်တော်တိုင် (ဘိသိက်ခံရသောသူ)ခရစ်တော်ဖြစ်ကြောင်း ဝန်ခံထားတယ်။

မိန်းမကလည်း၊ မေရှိယကြွလာတော်မူသည်ဟု အကျွန်ုပ်သိပါ၏။ ရောက်တော်မူသောအခါ အကျွန်ုပ်တို့အား အလုံးစုံတို့ကို ဖော်ပြတော်မူမည်ဟု လျှောက်ပြန်၏။ မေရှိယအနက်ကား၊ ခရစ်တော်ဟု ဆိုလိုသတည်း။ယေရှုကလည်း၊ သင်နှင့်စကားပြောသောငါသည် မေရှိယပင်ဖြစ်သည်ဟု မိန့်တော်မူ၏။

ရှင်ယောဟန် ၄:၂၅၂၆

ခရစ်တော်(ဘိသိက်ခံရခြင်း)လို့ပြောလာရင် ကိုယ်၊ စိတ်၊ ဝိညာဉ် သုံးပါးစလုံးကို ဘိသိက်ပေးတာဖြစ်တယ်။ လူသားတွေကိုကယ်တင်ဖို့ ခန့်အပ်ခြင်းဖြစ်တယ်။

ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှု ဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။

ရှင်မဿဲခရစ်ဝင် ၁:၂၀၂၁

ယေရှုကို ကယ်တင်ရှင်အဖြစ်သတ်မှတ်တာဟာ လူမဟုတ်ဘဲ ထာဝရဘုရားဖြစ်တယ်။ ဘယ်လိုသတ်မှတ်တာလဲ? ဝိညာဉ်ကိုပဲလား မဟုတ်ပါဘူး။ ထိုသားယောကျာ်းဟာ ကယ်တင်ရှင်ဖြစ်တယ်လို့ ထာဝရဘုရားကိုယ်တိုင် သတ်မှတ်တာ ဘိသိက်ပေးတာ ခန့်အပ်ထားတာဖြစ်တယ်။ ဝိညာဉ်ကိုပဲ ခန့်ထားတာမဟုတ်ဘူး။ ထိုသားတော်ရဲ့ ခန္ဓာ၊ စိတ်၊ ဝိညာဉ် အကုန်လုံးကိုသတ်မှတ်တာဖြစ်တယ်။

ဒါကြောင့် ယေရှုခရစ်တော်က အသေမခံမှီ ပသခါပွဲကျင်းပတဲ့အခါ

ထိုအခါ စားလျက်နေကြစဉ်တွင်၊ ယေရှုသည် မုန့်ကိုယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးမှ မုန့်ကိုဖဲ့၍၊ ဤမုန့်ကား ငါ၏ကိုယ်ဖြစ်၏။ ယူ၍စားကြလော့ဟု မိန့်တော်မူလျက်၊ တပည့်တော်တို့အား ပေးတော်မူ၏။ခွက်ကိုလည်းယူ၍ ကျေးဇူးတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍ သင်တို့ရှိသမျှသည် သောက်ကြလော့။ဤခွက်ကား ပဋိညာဉ်တရား သစ်နှင့်ဆိုင်၍ လူများတို့၏အပြစ်ကို လွတ်စေခြင်းငှာ သွန်းသော ငါ၏အသွေးဖြစ်၏။

ရှင်မဿဲခရစ်ဝင် ၂၆:၂၆၂၈

ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူသား၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင်တို့၌ အသက်မရှိ။ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။ရှင်ယောဟန် ၆:၅၃၅၄ လို့ပြောခဲ့တယ်။

ယေရှုခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော်၊ အသွေးတော်ဟာ ဘယ်လောက်အရေးကြီးသလဲဆိုတာ သိမြင်နိုင်တယ်။ ယုံကြည်သူတယောက်ရဲ့ကယ်တင်ခြင်းဟာ ယေရှုခရစ်တော်ရဲ့ ဝိညာဉ်နဲ့ပဲ သက်ဆိုင်နေတာမဟုတ်ဘူး။ ယေရှုခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော်၊ အသွေးတော်၌တည်သော ပဋိညာဉ်သစ်နဲ့ အဓိက သက်ဆိုင်နေတယ်။ လောက အခေါ်အဝေါ်နဲ့ပြောမယ်ဆိုရင် တကယ့်စစ်မှန်တဲ့ စာချုပ်က ယေရှုခရစ်တော်ရဲ့ ကိုယ်ခန္ဓာတော်၊ အသွေးတော်မှာ တည်နေတာဖြစ်တယ်။ ယေရှုခရစ်တော်ရဲ့ အသေခံခြင်း၊ အသွေးသွန်းခြင်းသည် အပြစ်လွတ်မြောက်ခြင်း၊ ကယ်တင်ခြင်းဖြစ်တယ်လို့ခံယူမှ ပဋိညာဉ်စာချုပ်အရ ထိုသူဟာ ယေရှုခရစ်တော်၏ဝိညာဉ်ကိုလက်ခံရရှိတယ်၊ ဝိညာဉ်တော်ကို ရရှိတာဖြစ်တယ်။

ယေရှုဟာ ဘိသိက်မခံရသော လူသားသက်သက်ဖြစ်ပြီး အထဲမှာ ပုန်းနေတဲ့ ဝိညာဉ်ကသာ ဘိသိက်ခံရတယ်(ခရစ်တော်ဖြစ်တယ်)လို့ ပြောလာရင် ထိုသူဟာ မုသားသုံးသောသူပဲဖြစ်လာလိမ့်မယ်။ ဘာကြောင့်လဲ။ ဘုရားသခင်ဟာ ယေရှုကို ကယ်တင်ရှင်အဖြစ် မသတ်မှတ်ထားဘူးလို့ ပြစ်တင်စွပ်စွဲလိုက်တာနဲ့ အတူတူပဲ ဖြစ်သွားပြီ။ ဘုရားသခင်ဟာ သူ မသတ်မှတ်၊ မခန့်အပ်ထားတဲ့အရာတခုကို လက်ခံမယ်ထင်ပါသလား။ ယေရှုဟာ ခရစ်တော်မဟုတ်ဘူးလို့ တစုံတယောက်ပြောလာရင် ယေရှုခရစ်တော်တည်းဟူသော သိုးသူငယ်ယဇ်ကောင်ကို ဘုရားသခင်သတ်မှတ်ထားတာမဟုတ်ဘူး၊ ဘိသိက်ပေးထားတာမဟုတ်ဘူးလို့ ဘုရားသခင်ကို တည့်တည့်ကြီး စွပ်စွဲလိုက်ခြင်းဖြစ်ပါတယ်။

ယေရှုအထဲ၌ ပုန်းကွယ်နေသော ဝိညာဉ်သာလျှင် ဘိသိက်ခံရတယ်(ခရစ်တော်ဖြစ်တယ်) ဆိုရင် သို့တည်းမဟုတ် ယေရှုဟာလူသက်သက်ဖြစ်ပြီး အသေခံထမြောက်ပြီးမှ ဘုရားဖြစ်လာတယ်ဆိုရင် ထိုသူဟာ ကယ်တင်ခြင်းခံရမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲ။ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာတော်၊ အသွေးတော်၌ တည်နေသော ပဋိညာဉ်စာချုပ်ကို ငြင်းပယ်လိုက်ခြင်းကြောင့် ဖြစ်ပါတယ်။ ကောင်းကင်မှဆင်းသက်သော အသက်မုန့်ကို နားမလည်၊ လက်မခံခြင်းကြောင့်ဖြစ်တယ်။ ယေရှုခရစ်တော်၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ် အပေါင်းဟာ ဘုရားဇာတိနဲ့လူဇာတိပေါင်းစပ်ထားခြင်းဖြစ်တယ်၊ ကယ်တင်ရှင်ဖြစ်တယ်၊ အသက်မုန့်ဖြစ်တယ်။

အချုပ်အားဖြင့်ဆိုရသော် အမှုတော်ဆောင်တယောက်အနေနဲ့ ဓမ္မတက္ကသိုလ် တက်ရောက်အောင်မြင်ထားဖို့တော့လိုပါလိမ့်မယ်။ မတက်ထားဘူးဆိုရင် ထိုသူဟာ မိမိအတွေးအခေါ်အယူအဆတွေ ထည့်သွင်းကာ ဟောပြောလာခြင်း၊ ကျမ်းချက်မပါဘဲ ပုံဆောင်ချက်တွေနဲ့ ဟောပြောသွန်သင်လာခြင်း Exegesis, Hermeneutic, Church History, Systematic theology, Christology တွေနားမလည်ခြင်း စသဖြင့် အလွဲလွဲအမှားမှားတွေဖြစ်လာနိုင်ပါတယ်။ ဓမ္မတက္ကသိုလ် မတက်ဘူးဆိုရင် ဧဝံဂေလိဆရာ တပါးအနေနဲ့ပဲ ဆက်ကပ်ပါ။ ကိုယ်မပိုင်တဲ့ Theology တွေ သွန်သင်ဟောပြောခြင်းကို ရှောင်ကျဉ်ပါလို့ အကြံပြုပါရစေ။