Skip to content

ခရစ်ယာန်လူငယ်များ စကားပြောနေကြသည်။ အရွယ်တူတွေပါသလို အရွယ်ငယ်သေးသူများလည်းပါကြသည်။ သူငယ်ချင်းတွေ ဘုရားကျောင်းတစ်ခုမှလူငယ်များဖြစ်ဟန်တူသည်။ ရုတ်တရက် စကားဝိုင်းထဲမှ စကားသံတစ်ခုကို ကြားလိုက်ရသည်။ “မင်းနဲ့ငါတို့ကလိုင်းမတူဘူး” ဟူ၍ဖြစ်သည်။ ကျွန်တော်စိတ်ဝင်စားသွားသည်။ ဒါနဲ့ အကျိုးအကြောင်းသိချင်လိုသောကြောင့် ဆက်ပြီးနားစွင့်ထားမိသည်။

ထိုလူငယ်အစုထဲမှ တချို့က ဘီယာသောက်ဖို့ရန်တိုင်ပင်စည်းရုံနေချိန် သူတို့ရဲ့သူငယ်ချင်းတစ်ဦးအားပြောလိုက်သည့်စကားဖြစ်သည်။ “မင်းကgospelလိုင်း ငါတို့ကbeerလိုင်းဆိုတော့ နောက်မှတွေ့ကျတာပေါ့” ဟုဆိုကာ အသီးသီးထွက်သွားကြတော့သည်။

အံ့ဩမိပါတယ်။ သခင်ယေရှုခရစ်တော်၏ အသွေးတော်သွန်းခြင်းအဖိုးအခ ခွင့်လွတ်ခြင်းကျေးဇူးအား လူငယ်အများစု နားမလည်ကြသေးသည်ကို အင်မတန်မှစိတ်မကောင်းဖြစ်မိပါတယ်။

ဘုရားကျောင်းအတွင်းမှာသာ အပြင်သဏ္ဌာန်ကောင်းမွန်မှုကိုပြုနေ၊ ပြနေပေမယ့်၊ ဘုရားကျောင်းရဲ့ပြင်ပကိုရောက်သည်တပြိုင်နက် လောကသားများကဲ့သို့သော အသက်တာနှင့်သွေးသားတပ်မက်မှုကိုမလွန်ဆန်နိုင်၊ မစွန့်လွတ်နိုင်မှုက လွမ်းမိုးနေသည်။

ပညာသည် ပြင်မှာကြွေးကြော်၍၊ လမ်းခရီးတို့၌ မိမိစကားသံကို လွှင့်တတ်၏။ လူစည်းဝေးရာ အဦး၌လည်းကောင်း၊ မြို့တံခါးဝတို့၌လည်းကောင်း၊ မြို့ထဲ၌လည်းကောင်းခေါ်၍ မြွက်ဆိုသောစကားဟူမူကား၊ အိုလူမိုက်တို့၊ သင်တို့သည် မိုက်သောအကျင့်ကို နှစ်သက်လျက်၊ ကဲ့ရဲ့သောသူတို့သည် ကဲ့ရဲ့ခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် ပညာအတတ်ကိုမုန်းလျက်၊ အဘယ်မျှကာလပတ်လုံး နေကြလိမ့်မည်နည်း။”

‭‭(သုတ္တံကျမ်း ၁:၂၀၂၂)

မိဘတို့ ကိုယ့်သားသမီးရဲ့အလိုကိုလိုက်နေပါသလား? ပညာမဲ့စေလျက် လွှတ်ထားကြပါသလား? ဘုရားကျောင်းပုံမှန်ရောက်တယ်ဆိုပြီးကျေနပ်နေပါသလား? သူတို့နှစ်သက်၊ မွေ့လျော်နေတဲ့အရာကို သတိပြုမိပါရဲ့လား? သားသမီးတို့ ကိုယ့်မိဘရဲ့ဆုံးမစကားတွေကို နားထောင်ပါရဲ့လား? ဘုရားကျောင်းမှာ ဘုရားစကားကိုဆွေးနွေးဖြစ်ခဲ့ရဲ့လား? လူငယ်ပဲ … “ချကွာ၊ လုပ်ကွာ” ဆိုတဲ့ အလွဲအားပေးစကားတချို့ကို နားဝင်နေပါသလား?

သံကို သံဖြင့်ထက်စေသကဲ့သို့၊ လူသည် အဆွေခင်ပွန်း၏မျက်နှာကို ထက်စေတတ်၏။”

‭‭(သုတ္တံကျမ်း ၂၇:၁၇)

လိုင်းမတူဘူး” ဆိုတဲ့စကားက ရင်ထဲမှာခံစားရခက်သည်။ အထူးသဖြင့် ဝိညာဉ်ရေးရာမှာပေါ့။

ဘုရားသခင်ရဲ့ပုံသဏ္ဌာန်နှင့်အညီဖန်းဆင်းခံရသည်။ ယေရှုခရစ်အားဖြင့် ရွေးနှုတ်ခွင့်လွတ်ခြင်းကျေးဇူးကိုခံစားရသည်။ ကတိတော်တည်းဟူသော သန့်ရှင်းသောဝိညာဉ်တော်တံဆိတ်ခတ်လျက် ထိုဝိညာဉ်တော်အားဖြင့် သမ္မာတရားကို သိနားလည်ရသောကျေးဇူးများရှိနေပါလျက်နှင့် တစ်ဦးနှင့်တစ်ဦး မသက်ဆိုင်သလို မတူသလိုသဘောမှာ မဖြစ်သင့်ပါ။ ဒီနေရာမှာ အတူတကွဘီယာသောက်ဖို့ တိုက်တွန်းနေသည်မဟုတ်ပါ။ တစ်ဦးနဲ့တစ်ဦးဟာ ခရစ်တော်၌ တလုံးတဝတည်းဖြစ်တယ်ဆိုတာရယ်။ ကောင်းသောအမှုမှာ အထူးသဖြင့်ယုံကြည်သောအိမ်သူအိမ်သားတို့ကို ပြုစုကာထက်စေဖို့အင်မတန်မှအရေးကြီးပါတယ်။

မေတ္တာစိတ်နှင့်သမ္မာတရားကို ဟောပြောသဖြင့်၊ ဦးခေါင်းတည်းဟူသော ခရစ်တော်မှာ အရာရာတို့၌ ကြီးပွားကြမည် အကြောင်းတည်း။ထိုဦးခေါင်းမှ၊ အဆစ်အပိုင်းများတို့သည် အားဖြည့်သဖြင့်၊ တစ်ကိုယ်လုံးသည် စေ့စပ်ထုံးဖွဲ့လျက်၊ အသီးအသီးအင်္ဂါများ ကိုယ်ငန်းကိုယ်တာအတိုင်း ပြုပြင်သည်နှင့်အညီ၊ မိမိကိုယ်ကို မေတ္တာ၌ တည်ဆောက်ခြင်းငှာ ကြီးပွားစေတတ်၏။”

‭‭(ဧဖက်ဩဝါဒစာ ၄:၁၅၁၆)

ဦးခေါင်းတော်တည်းဟူသော ခရစ်တော်ကဲ့သို့ အရာရာမှာကြီးထွားဖို့ သမ္မာတရားကို မေတ္တာနဲ့ပြောဖို့လိုအပ်ပါတယ်။
ဒီကနေ့အသင်းတော်တွေ ခရစ်တော်တည်းဟူသော ဦးခေါင်းတော်အားဖြင့် ကြီးထွားမလာခြင်းရဲ့ အဓိကပြဿနာဟာ "မေတ္တာမှောက်ပြီး သမ္မာတရားပျောက်" နေလို့ပါပဲ။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ပစားပြီး၊ ခင်ရာဆွေမျိုး ဆက်ဆံမှုတွေက လူတွေကို လိုင်းမတူဘူး ဆိုပြီးဖြစ်သွားစေတတ်ပါတယ်။
ဦးခေါင်းမရှိတဲ့ ခန္ဒာဟာ ဘယ်လိုလုပ်ပြီးပြည့်စုံတဲ့ ခန္ဒာဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပြီး ကြီးပွားနိုင်မှာလဲ။

စုံလင်ခြင်းအဖွဲ့အစည်းတည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ ယူတင်ဝတ်ဆောင်ကြလော့။သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ ငြိမ်သက်ခြင်း အုပ်စိုးစေ။ ထိုသို့အလိုငှာ သင်တို့သည် တစ်လုံးတစ်ကိုယ်တည်း၌ ခေါ်ထားတော်မူခြင်းကို ခံကြသည် ဖြစ်၍၊ ကျေးဇူးတော်ကို သိသောစိတ်ရှိကြလော့။”

(ကောလောသဲဩဝါဒစာ ၃:၁၄၁၅)

တစ်ယောက်တစ်လိုင်းနဲ့ အကုန်လုံး Blind (အကန်း) ဖြစ်ဖို့ခေါ်ထားတာမဟုတ်ပါဘူး။

လိုင်းမတူဘူးဆိုရင် ခံစားရတဲ့မေတ္တာ ကရုဏာ ကျေးဇူးတော် သတင်းကောင်းစကားဟာ ဘယ်လိုတူညီတော့မှာလဲ။ ဘယ်လိုလုပ်ပြီး အတူတကွအမှုတော်ကိုဆောင်ကြမှာလဲ။

ဒါကြောင့် တူညီတဲ့ ဂရုဏာနဲ့ဆွဲခေါ်၊ ထူးမြတ်တဲ့ကျေးဇူးကိုရှည်ကြာစေသော သခင်ရဲ့မေတ္တာကိုထပ်ဆင့်ယူတင်ဝတ်ဆောင်လျက် တူညီသောအမှုတော်ကို မတူညီတဲ့ အခန်းကဏ္ဍကနေ လုပ်ဆောင်တတ်ဖို့ရာဖြစ်တယ်ဆိုတာကို ဆင်ခြင်ရင်း……