Skip to content

“မင်္ဂလာပါ” လို့နှုတ်ဆက်ရတဲ့အရသာက တကယ်ကောင်းတယ်
ကြားရတဲ့သူရင်မှာအေးသွားတာပဲ
ပြောတဲ့သူရော ကြားတဲ့သူရော ပြုံးနေမှာအသေချာပဲ …
ဒါပေမဲ့ နှစ်ယောက်လုံးက မင်္ဂလာ တကယ်ရှိရဲ့လား?

နှုတ်ကပတ်တော်ထဲမှာ…
မင်္ဂလာ ရှိတဲ့သူတွေဟာ အထွတ်အထိပ်၊ သူဌေးသူကြွယ်၊ နာမည်ကြီး၊ ဆရာကြီးတွေလို့ မပြောထားပါဘူး..(ရှင်လုကာခရစ်ဝင် ၆:၂၄)

လူတချို့ဒီနေ့တခြားလူတွေကိုကြည့်ပြီး မင်္ဂလာရှိတဲ့သူပါလား ပြောပြီး ကိုယ် ကိုယ်တိုင်က သိမ်ငယ်နေတာတွေအများကြီးပဲ …
အောင်မြင်တဲ့အခိုက်အတန့်တချို့.. လိုချင်တာရတဲ့အချိန်လောက်ပဲ .. ကိုယ့်ကိုကိုယ် မင်္ဂလာနှင့်ပြည့်စုံတယ်လို့ထင်ကြတယ်..

ကဲ …ဒါဆို ပထမဆုံးအနေနဲ့

“ခရစ်တော်၏ နာမကြောင့် ကဲ့ရဲ့ခြင်းကိုခံရလျှင် မင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ ဘုရားသခင်၏ ဘုန်းကြီးသော ဝိညာဉ်တော်သည် သင်တို့အပေါ်မှာ ကျိန်းဝပ်တော်မူ၏။ သူတို့၌ကား ကဲ့ရဲ့ခြင်း၊ သင်တို့၌ကား ချီးမွမ်းခြင်းရှိတော်မူ၏။” (ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၄:၁၄)

ခရစ်တော်ကိုရထားပြီး ခရစ်တော်ရဲ့နာမ၌အသက်ရှင်နေပြီဆိုရင် သင့်ဆီကို “ကဲ့ရဲ့ခြင်း” လာမယ် ဒါပေမဲ့ “မင်္ဂလာ” ဖြစ်စေမယ်။
ဘာဖြစ်လို့လဲဆိုတော့ ဘုရားရဲ့ဘုန်းကြီးတဲ့ ဝိညာဉ်တော်ကကျိန်းဝပ်နေလို့ပဲ ... သင့်အသက်ရှင်မှု၊ တုန့်ပြန်မှု၊ အရေးကြီးပါတယ်။

“ခပ်သိမ်းသောအခါတို့၌ တရားကိုစောင့်ရှောက်၍၊ ဖြောင့်မတ်စွာ ကျင့်သောသူတို့သည် မင်္ဂလာရှိကြ၏။” (ဆာလံကျမ်း  ၁၀၆:၃)

ပြီးတော့ ..အချိန်တိုင်းမှာ ဘုရားကသူရဲ့တရားကိုစောင့်ရှောက်စေပြီး အဲ့ဒီတရားဆိုတဲ့ သူရဲ့စကားအပေါ်မှာ ဖြောင့်မတ်စွာအသက်ရှင်ကျင့်စေချင်တယ်..ဘာလို့လဲဆိုတော့..သူပေးတဲ့ “မင်္ဂလာ” ကိုရှိစေချင်တယ်လေ။ သူတို့အပါ်မှာ “မင်္ဂလာ” ပဲရှိတယ်။
“တရားသောသူ၌ အမင်္ဂလာ မရောက်ရာ။ မတရားသောသူမူကား၊ အမင်္ဂလာနှင့် ပြည့်ဝရလိမ့်မည်။” (သုတ္တံကျမ်း ၁၂:၂၁)

ပြီးတော့….ဘယ်အထိ မင်္ဂလာရှိသလည်းဆိုရင်
“ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍၊ သူ၏သားစဉ်မြေးဆက်တို့သည် မင်္ဂလာရှိကြ၏။” (သုတ္တံကျမ်း ၂၀:၇)

သခင်ခရစ်တော်ဟာ ကျွန်ုပ်တို့ကို အကျိုးနည်းစေဖို့ရာ(အမင်္ဂလာဖြစ်စေဖို့ရာ) အလိုမရှိပါဘူး။
“ဗျာဒိတ်တော်မရှိလျှင်၊ လူတို့သည် အကျိုးနည်း ဖြစ်ကြ၏။ တရားတော်ကိုစောင့်သောသူမူကား မင်္ဂလာရှိ၏။” (သုတ္တံကျမ်း ၂၉:၁၈)

ဒါကြောင့် ကိုယ်ထင်ရာကိုအချည်းနှိးပြောဆိုပြီး “မင်္ဂလာ” ရှိတယ်လို့ထင်နေတဲ့လူတွေရှိတယ်။
“ထိုသို့မိန့်တော်မူစဉ်တွင် မိန်းမတစ်ယောက်သည် လူအစုအဝေးထဲကခေါ်၍ ကိုယ်တော်ကို လွယ်သောဝမ်းနှင့် စို့တော်မူသောသားမြတ်သည် မင်္ဂလာရှိပါ၏ဟု လျှောက်လျှင်၊ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို နာ၍ ကျင့်စောင့်သောသူသည် မြတ်စွာသော မင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။” (ရှင်လုကာခရစ်ဝင် ၁၁:၂၇-၂၈)

ရိုးရိုးမင်္ဂလာတောင်မဟုတ်ဘူးနော်…နာပြီးတော့ ကျင့်စောင့်ခြင်းမှာ
မြတ်စွာသောမင်္ဂလာ ..ဟာလေလုယာ..
မယ်တော်မာရိဟာဆိုရင်လည်းပဲ ဘုရားစကားကိုနာခံခြင်းမှာ ဘယ်လိုသမုတ်ခံရလည်းဆိုရင် …
“သင်သည် မိန်းမတကာတို့ထက် မြတ်စွာသောမင်္ဂလာ ရှိ၏။ သင်၏ဝမ်း၌ရှိသော သူငယ်သည်လည်း မြတ်စွာသောမင်္ဂလာ ရှိ၏။” (ရှင်လုကာခရစ်ဝင် ၁:၄၂)

ခရစ်တော်ကို အသိတစ်ခုနဲ့ကျွန်တော်တို့အတွက် မင်္ဂလာမဖြစ်လာပါဘူး။
သူ့ကိုရှိခြင်း၊ အသက်ရှင်စေခြင်း၊ သူ့အလေ့အလာလမ်းထဲမှာ ဖြောင့်မတ်စွာနာခံကျင့်ဆောင်ခြင်းသာ “မြတ်စွာသောမင်္ဂလာ” ဖြစ်စေတာပါ။
အသက်ရှင်၊ နာခံလိုက်လျောက်ခြင်းရဲ့ မြတ်စွာသောမင်္ဂလာနောက်မှာ … မင်္ဂလာတွေပဲ ရှိပါတယ်။

#ThyLogos #TheBlessedDesk #Spiritual_warfare #မြတ်စွာသောမင်္ဂလာ  #ခရစ်တော် #ဘုရားစကား #နာခံကျင့်ဆောင်