မောရှေသည် ကုရှအမျိုးသားမိန်းမနှင့် စုံဘက် သည်ဖြစ်၍၊ ထိုမိန်းမကြောင့် မိရိအံနှင့် အာရုန်သည် မောရှေကို အပြစ်တင်လျက်၊ ၂အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။ ထိုစကားကို ထာဝရ ဘုရားကြားတော်မူ၏။ ၃မောရှေသည် မြေကြီးပေါ်မှာရှိနေသော သူ အပေါင်းတို့ထက် သာ၍ နူးညံ့သိမ်မွေ့သော သဘော ရှိ၏။ ၄ထာဝရဘုရားကလည်း၊ သင်တို့သုံးယောက် သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ထွက်သွားကြ လော့ဟု မောရှေ၊ အာရုန်၊ မိရိအံတို့အား ချက်ခြင်း မိန့်တော်မူ၍ သူတို့သည် ထွက်သွားကြ၏။ ၅ထာဝရဘုရားသည် မိုဃ်းတိမ်တိုင်ဖြင့် ဆင်း သက်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝ၌ ရပ် လျက်၊ အာရုန်နှင့် မိရိအံကို ခေါ်တော်မူ၍၊ သူတို့သည် ချဉ်းကပ်ကြ၏။ ၆ထာဝရဘုရားကလည်း၊ ငါ့စကားကို နားထောင် ကြလော့။ သင်တို့တွင် ပရောဖက်ရှိလျှင်၊ ငါထာဝရဘုရား သည် ထိုသူ၌ ထူးဆန်းသော ရူပါရုံအားဖြင့် ကိုယ်ကို ပြမည်။ သို့မဟုတ် အိပ်မက်အားဖြင့် ဗျာဒိတ်ပေးမည်။ ၇အိမ်တော်တအိမ်လုံး၌ သစ္စာစောင့်သော ငါ့ ကျွန်မောရှေသည် ထိုသို့မဟုတ်။ ၈သူ၌ ဗျာဒိတ်ပေးသောအခါ၊ နက်နဲသောစကား အားဖြင့် မပေး၊ ကိုယ်တိုင်ကိုယ်ကြပ် ထင်ရှားစွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား၏ ပုံသဏ္ဍာန်ကိုလည်း မြင်ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ကျွန်မောရှေကို အဘယ့်ကြောင့် အပြစ်တင်ဝံ့သနည်းဟု မိန့်တော်မူ လျက်၊ ၉အမျက်တော်ထွက်၍ ထာဝရဘုရား ကြွသွား တော်မူသဖြင့်၊ ၁၀မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာသွား၏။ မိရိအံသည်လည်း၊ နူနာစွဲ၍ မိုဃ်းပွင့်ကဲ့သို့ ဖြူလေ၏။ အာရုန်ကြည့်၍ မိရိအံနူသည်ကိုမြင်လျှင်၊ ၁၁အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။ ၁၂ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်ဟု တောင်း ပန်လျှင်၊ ၁၃မောရှေက၊ အို ဘုရားသခင်၊ သူ၏အနာကို ပျောက်စေတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရားအား အော်ဟစ်လေ၏။ ၁၄ထာဝရဘုရားကလည်း၊ သူ၏ အဘသည် သူ၏ မျက်နှာကို တံထွေးနှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ်ရက်ပတ်လုံး အရှက်ကွဲခြင်းကို ခံရမည် မဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန်ဝင်စေဟု မောရှေ အား မိန့်တော်မူသည်အတိုင်း၊ ၁၅မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ၏။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏။
တောလည်ရာကျမ်း အခန်းကြီး ၁၂၊ အငယ် ၁ မှ ၁၅ မှာဖော်ပြထားတဲ့ ပရောဖက်မ မိရိအံ ကြုံတွေခဲ့တဲ့ အဖြစ်အပျက်အပေါ်မှာ အခုလိုမျိုး မေးခွန်းရှိလာပါတယ်။
ထိုအဖြစ်အပျက်မှာ မောရှေက ကုရှအမျိုးသား မိန်းမနဲ့ စုံဖက်တဲ့အတွက် မိရိအံနဲ့ အာရုန်က မောရှေကို အပြစ်တင်ပါတယ်၊ ထိုမျှမကဘဲ ထပ်ပြီးတော့လည်း “အကယ်၍ ထာဝရဘုရားသည်၊ မောရှေအား ဖြင့်သာ ဗျာဒိတ်ပေးတော်မူသလော။ ငါတို့အားဖြင့်လည်း ပေးတော်မမူလောဟု ဆိုကြ၏။” လို့ ပြောပြန်ပါတယ်။ အကျဉ်းချုံးပြောရရင် ထာဝရဘုရားက မောရှေကို အပြစ်တင်တာမနှစ်သက်တဲ့အတွက် အပြစ်ပြော တဲ့သူကို ပြန်ပြီး အပြစ်ပေးခဲ့တယ် ဆိုတဲ့ အဖြစ်အပျက်ပဲဖြစ်ပါတယ်။
မေးခွန်းကတော့ မောရှေကို အပြစ်တင်တဲ့သူ က အာရုန် ရော မိရိအံရော နှစ်ဦးစလုံးဖြစ်ပါလျက်နဲ့ ထာဝရဘုရားက အာရုန်ကိုတော့ အပြစ်မပေးဘဲ၊ ဘာလို့ မိရိအံကိုပဲ နူနာစွဲခြင်း အားဖြင့် အပြစ်ပေးသလဲ။ ဒါဆိုရင် ထိုအမှုအရာမှာ ထာဝရဘုရားဟာ ဘက်လိုက်တတ်တဲ့ ဘုရားဖြစ်သလား? မမျှတတဲ့ တရားစီရင်မှုကိုပြုတော်မူသလားဟု ထပ်ဆင့်မေးခွန်း ရှိလာပါတယ်။
ပထမဆုံးအနေနဲ့ တောလည်ရာကျမ်း အခန်းကြီး ၁၂ တစ်ခုလုံးမှာ ထာဝရဘုရားသည် မိရိအံအား သူမသည် မောရှေကို အပြစ်တင်သောကြောင့် သူမအား နူနာစွဲစေခြင်းအားဖြင့် အပြစ်ပေးခဲ့ပါသည် ဟု တိကျ ရှင်းလင်းစွာဖော်ပြထားခြင်း မရှိပါ။ သို့သော်လည်း နောက်တွင် မောရှေနှင့် အာရုန်တို့ တောင်းပန်သော စကားများအားဖြင့် ဘုရားက မိရိအံအား အပြစ်ပေးခဲ့သည်ဟု ကောက်ချက်ချနိုင်ပါသည်။
ဖြေရှင်းချက်၊ ။ ဘုရား၏ တရားမျှတခြင်း (တနည်း) ပညတ်တရားအတိုင်း အကျိုးအပြစ်ကို စီရင်ခြင်း ဟာ ထာဝရဘုရားနဲ့ သူဖန်ဆင်းတဲ့ လူသားရဲ့ အကြားမှာ ကမ္ဘာဦးကတည်းကရှိခဲ့ပါတယ်။
ဘုရားသခင်ဟာ ပကတိအရ (ဂုဏ်ပုဒ်မဟုတ်) ချစ်ခြင်းမေတ္တာဖြစ်တဲ့အတွက် သူဖန်ဆင်းတဲ့အရာတွေအားလုံး ကို ချစ်တော်မူပါတယ်။ ထိုချစ်ခြင်းမေတ္တာကို အထူးသဖြင့် သူ့ရဲ့ သဏ္ဍာန်တော်နဲ့ ဖန်ဆင်းထားတဲ့ လူသား နဲ့ ရင်းနှီးကျွမ်းဝင်ခြင်းအားဖြင့် ပြည့်စုံဖို့ အလိုတော်ရှိပါတယ်။ ထိုသို့ ဘုရားနဲ့ လူသားနဲ့ အကြားမှာ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခု ပေါ်ထွက်လာဖို့ လူသားမှာ ဘုရားရဲ့မေတ္တာကို မိမိကိုယ်ပိုင်စိတ်သဘောနဲ့ ရွေးချယ်တုန့်ပြန်နိုင်တဲ့ အစွမ်းသတ္တိကိုရှိပါတယ်။
ဧဒင်ဥယျာဉ်မှာ လူသားကို ပထမဆုံး ပေးခဲ့တဲ့ ပညတ်ဖြစ်တဲ့ ကောင်းမကောင်းသိကျွမ်းရာအပင်ရဲ့ အသီးကို စားခြင်းမှ တားမြစ်ခြင်းဟာ လူသားရဲ့လွတ်လပ်သောဆန္ဒနှင့် လူသားဖန်ဆင်းခံဖြစ်ခြင်း ဆိုတဲ့အရာကို အကောင်းဆုံး သက်သေပြခြင်းပဲဖြစ်ပါတယ်။
စိတ်မကောင်းစွာနဲ့ပဲ ထိုပထမဆုံး ပညတ်ချက်မှာတင် ကျွန်တော်တို့ လူသားအားလုံးရဲ့ မိဘ နှစ်ပါးဟာ မိမိတို့ရဲ့ သဘော ဆန္ဒအလျောက်၊ မိမိတို့တပ်မက်မှုနောက်ကို ရွေးချယ်လိုက်ပါခဲ့ပြီး ပထမဆုံး ပညတ်တရားရဲ့ ပထမဆုံးသော စီရင်ခြင်း ကို ကြုံတွေ့ခဲ့ပါတယ်။
ပထမဆုံး ပညတ်က – “ထိုအပင်၏ အသီးကိုကား မစားရ” ဖြစ်ပြီးတော့
စီရင်ခြင်းကတော့ – “စားသောနေ့တွင် ဧကန်အမှန် သေရမည်” ဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ဒီပညတ်နဲ့ စီရင်ခြင်းကို လွယ်ကူစွာ သဘောပေါက်နိုင်ပါတယ်။ ဒီပညတ်ကို လွန်ကျူးတဲ့သူဟာ သေရမည် ဆိုသည့် စီရင်ခြင်းကို ခံရမှာဖြစ်ပါတယ်။
ထိုအပင်၏ အသီးကိုစားလျှင် – “အရိုက်ခံရမည်။ အဆူခံရမည်။ ထောင်ချခံရမည်။ နယ်နှယ်ဒဏ်ခံရမည်” လို့ လုံး၀ (လုံးဝ) မဖော်ပြထားပါဘူး။ မသေချာသည့်သဘောနှင့် “သေရမည်” လို့ပဲ မပြောထားပါဘူး။
စီရင်ခြင်း(သို့) အပြစ်ဒဏ် အဖြစ်ဖော်ပြထားတာက “ဧကန်အမှန် သေရမည်” ပဲဖြစ်ပါတယ်။ “ဧကန်အမှန်” ဆိုတဲ့စကား ကိုပါ ထည့်ထားပါသေးတယ်။
ဖန်ဆင်းရှင် ထာဝရဘုရားဟာ ချစ်ခြင်းမေတ္တာဖြစ်သလို ဖြောင့်မတ်မှန်ကန်တော်မူတဲ့ ဘုရားလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နှုတ်တော်ထွက်စကားဟာ မုသားနဲ့ကင်းပါတယ်။ ဘုရားရှင်ရဲ့ နှုတ်တော်ထွက် ပညတ်တရား ဟာ ဘက်လိုက်မှု မရှိ ဖြောင့်မတ်မှန်ကန်သလို ပညတ်တရားကို ချိုးဖောက် ခြင်းအတွက် ရောက်ရှိလာမယ့် စီရင်ချက်ဟာ လည်း ပညတ်တရားကဖော်ပြထားတဲ့အတိုင်း ဘက်မလိုက်၊ မှန်ကန်စွာ အတိအကျ ဖြစ်ရပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ ပထမဆုံး ဖခင် နဲ့ မိခင် ဟာ ထာဝရဘုရားပထမဆုံး ပညတ်ထားတဲ့ ပညတ်ကို ချိုးဖောက်ခဲ့ကြပါတယ်။ ဒါဆိုရင် သူတို့ဟာ ဘက်မလိုက်ဘဲ ဖြောင့်မတ်စွာ စီရင်ခြင်း ခံရမှာပဲဖြစ်ပါတယ်။
ထိုပညတ်ကို ချိုးဖောက်ခဲ့တဲ့ သူတို့အတွက် ရရှိမည့် စီရင်ခြင်းဟာ ဘာဖြစ်မလဲ၊ အသက်ပင်ရဲ့ အသီးကို ယူစားခွင့် မရှိတော့ခြင်းလား? ဒါမှမဟုတ် ဧဒင်ယျာဉ်ထဲက အပြီးအပိုင် နှင်ထုတ်ခံရခြင်းလား?
မဟုတ်ပါဘူး။ သူတို့ ထိုနေ့ (စားသောနေ့)မှာပင် သေရမှာဖြစ်ပါတယ်။ သူတို့ သေမှ သာ ဘုရားဟာ ဘက်မလိုက်တဲ့ ဘုရား တရားမျှတတဲ့ ဘုရားဖြစ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘာဦး ၃ း ၂၃ မှာတော့ လူဟာ အသက်မသေဘဲ ဧဒင်ဥယျာဉ်ထဲကနေ ထွက်သွားခဲ့ပါတယ်။
လူသည် မိမိထွက်သော မြေ၌ လုပ်ရမည်အကြောင်း၊ ထာဝရအရှင်ဘုရားသခင်သည် ဧဒင် ဥယျာဉ်ထဲက လွှတ်လိုက်တော်မူ၏။ ၂၄ထိုသို့လူကို နှင်ထုတ်ပြီးလျှင်၊
ဘာကြောင့်များ ဘုရားသခင်ဟာ သူကိုယ်တိုင် ပညတ်ထားတဲ့ စကားအတိုင်း ပညတ်တရားကို ချိုးဖောက်တဲ့လူကို ထိုနေ့မှာပင် မသေစေဘဲ ဧဒင်ဥယျာဉ်ထဲကနေသာ ထွက်သွားစေပါသလဲ?
သူတို့ရဲ့ ဝိညာဉ် သာ လျှင် သေသွားပါတယ် (ဘုရားနဲ့အဆက်ပြတ်သွားခြင်းကို ဆိုလို) လို့ပဲ မပြောပါနဲ့ ခန္ဓာလည်း သေရမှာဖြစ်ပါတယ်။ စားသောနေ့တွင် သင်၏ ဝိညာဉ်ပဲသေမည်၊ ရုပ်ခန္ဓာတော့ ဆက်လက်အသက်ရှင်ဦးမည်လို့ ခွဲမပြောခဲ့ပါ။ သေချာသည့်အချက်ကတော့ ဘုရားသခင်ဟာ သူပညတ်တဲ့အတိုင်း ထိုလူသားနှစ်ဦးကို စီရင်ခြင်းအရာမှာ ဂရုဏာထားတော်မူခဲ့ပါတယ်။
ဒါဆိုရင် ဘုရားဟာ သူ့စကားကို သူမတည်တဲ့ ဘုရားဖြစ်သွားပါသလား?
မဖြစ်ပါဘူး။ ချစ်ခြင်းမေတ္တာဖြစ်တဲ့ ဘုရားဟာ ဖြောင့်မတ်တဲ့မှန်ကန်တဲ့ ဘုရားဖြစ်သလို ၊ ဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ဘုရားလည်း ဖြစ်တော်မူပါတယ်။ ဒီလိုဆိုရင် ဘုရားရဲ့ ပညတ်တရားက ဆက်လက်ပြည့်စုံ မှန်ကန်နေဖို့အတွက် ထိုလွန်ကျူးခြင်းရဲ့ အဖိုးအခကို တောင်းဆိုပါတယ်။ ထိုလွန်ကျူးခြင်းရဲ့ အဖိုးအခကတော့ သေခြင်းပါ။
“အပြစ်တရား၏ အခကားသေခြင်းပေတည်း။” ရောမ ၆ : ၂၃
ထပ်ပြီးသော ထိုအဖိုးအခအတွက် အသေးစိတ်တောင်းဆိုခြင်းကတော့ အသွေးသွန်းခြင်းအားဖြင့် ဖြစ်ပါတယ်။
ထိုအချက်အားဖြင့်သာ ပညတ်တရားမှာ တရားမျှတမှုရဲ့ တန်ဖိုးကို ဆက်လက်ရှိနေမှာဖြစ်ပါတယ်။
အသွေးသွန်းခြင်း နဲ့ သေခြင်း ဆိုတဲ့ အရာအားဖြင့်သာ ဘုရားရဲ့ ဖြောင့်မတ်ခြင်းတရားမျှတခြင်း ကို ကျေနပ်စေမှာဖြစ်ပါတယ်။
၁အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင် သည်အပြစ်နှင့် ကင်းစင်သောသူကို ငါတို့အတွက်ကြောင့် အပြစ်ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း။
၂ ကော အခန်းကြီး ၅ း ၂၁ မှာ ဖော်ပြထားတဲ့ အကြောင်းအရာဟာ ကျွန်တော်တို့ လူသားတွေရဲ့ ပထမဆုံး မိဘ တွေဖြစ်တဲ့ အာဒံနဲ့ ဧ၀ တို့ ဧဒင်ဥယျာဉ်ထဲက နေ အပြစ်ကျူးလွန်ခဲ့ရဲ့သားနဲ့ အသက်ရှင်လျက် ထွက်သွားနိုင်ရခြင်းအကြောင်းပဲဖြစ်ပါတယ်။
ဘုရားသခင်ဘက်လိုက်ခဲ့တာလား? ပြောတဲ့အတိုင်းမလုပ်ခဲ့တာလား ? တရားမျှတမှုကို လျစ်လျူရှုခဲ့တာလား ? တစ်ခုမှ မဟုတ်ပါဘူး။
၂၁ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။
အပြစ်ကင်းတဲ့ အသွေး(အသက်)ရှိတဲ့ တစ်စုံတစ်ရာဟာ အပြစ်ရှိတဲ့ သူနှစ်ယောက် ထာဝရဘုရားရဲ့ အမျက်တော်ကနေ လွတ်ဖို့အတွက် မိမိရဲ့ အသွေးနဲ့ အသက်ကို စွန့်ခဲ့ရပါတယ်။ လူသား လင်မယားနှစ်ယောက် ထိုနေ့မှာ သွန်းရမယ့်အသွေး ကို ကိုယ်စားသွန်းခဲ့ရပါတယ်။ လူသားလင်မယားနှစ်ယောက် ထိုနေ့မှာ ပေးရမယ့် အသက်ကို ကိုယ်စားပေးခဲ့ရပါတယ်။ ဒါကြောင့်မို့လို့ ပညတ်တရားအတွက် တရားမျှတခြင်းဆက်လက်ရှိနေခဲ့ပါတယ်။
အချုပ်ပြောရရင်။
သုံးဦးသုံးဖလှယ် ရှုထောင့်အနေနဲ့ ကြည့်တတ်ဖို့လိုပါတယ်။
(၁) ပညတ်တရားဟာ ဘုရားရဲ့ဖြောင့်မတ်ခြင်း တရားမျှတခြင်း ကို ပုံဖော်ပါတယ်။
ထိုအဖြစ်အပျက်မှာ ပညတ်တရားဟာ သူ့ရဲ့ တရားမျှတခြင်း မပျက်ယွင်းသွားခဲ့ပါဘူး။ လွန်ကျူးတဲ့ အဖိုးအခ အသွေးနဲ့ အသက်ကို တောင်းဆိုခဲ့သလို ၊ ရလည်း ရရှိခဲ့ပါတယ်။
(၂) အသွေးသွန်း အသက်ပေးခဲ့ရသော ပုံဆောင်ချက် (တိရိစ္ဆာန်အကောင်)
ထိုအဖြစ်အပျက်မှာ ထိုအကောင်လေးဟာ သူ့ရဲ့ တရားမျှတခြင်း လုံး၀ လုံး၀ မရခဲ့ပါဘူး။ သူမကျူးလွန်ခဲ့တဲ့ ပညတ်အပြစ် အတွက် ကျူးလွန်ခဲ့သူတွေကိုယ်စား ပညတ်တရားရဲ့ တောင်းဆိုမှုကို ပေးခဲ့ရတာဖြစ်ပါတယ်။
(သူ့အတွက် တရားမျှတမှု မရှိပါဘူး။ ဒါပေမဲ့ သူဟာ ဝန်ခံခဲ့ပါတယ်။) ကျမ်းချက်။ “အပြစ်ဖြေသော ယဇ် ကောင်သည်တံခါးနားမှာ ဝပ်လျက်ရှိ၏။ သူသည် သင်၏ အလိုသို့လိုက်၍၊ သင်သည် သူ့ကို အုပ်စိုးရ၏ဟု ကာဣနကိုမိန့်တော်မူ၏။” – ကမ္ဘာဦးကျမ်း ၄ : ၇
(၃) လူသား နှစ်ယောက် (အာဒံနှင့် ဧဝ)
ထိုအဖြစ်အပျက်မှာ လူသားနှစ်ယောက် (အာဒံနဲ့ ဧဝ) အတွက်ကတော့ ထိုက်တန်တဲ့ အပြစ်ဒဏ်ကို ခံရခြင်းမှ လွတ်မြောက်ခဲ့ပါတယ်။ (တကယ်လို့များ သာ သူတို့အတွက် တရားမျှတမှုကို ရခဲ့မယ်ဆိုရင်တော့ သူတို့ဟာ ထိုတိရိစ္ဆာန်လေးလို ထိုနေ့မှာပင် အသွေးသွန်း၊ အသက်ပေးခဲ့ရမှာ မလွဲဧကန်ပဲဖြစ်ပါတယ်။)
ထာဝရဘုရားသခင်ကတော့ ထိုလင်မယား နှစ်ယောက်ကို သနားခြင်းဂရုဏာ (မိမိနှင့်ထိုက်တန်သည့် အပြစ်ဒဏ်မှ လွတ်မြောက်ခြင်း) အပေါ်အခြေခံတဲ့ ဆက်ဆံရေးတစ်ခုနဲ့ ပြန်လည်စတင်ခဲ့ပါတယ်။
ဒါကိုကြည့်ခြင်းအားဖြင့် ကျွန်တော်တို့လူသားတွေဟာ ဘုရားနဲ့ဆိုင်တဲ့ တရားမျှတခြင်းတွေ၊ ဖြောင့်မတ်ခြင်းတွေ နဲ့ ပတ်သက်လို့ မေးခွန်းထုတ်လာကြတဲ့အခါ၊ အဖြေက တစ်မျိုးတည်းပဲရှိပါတယ်။
ဘုရားက အစကတည်းကိုက တရားမမျှတစွာ ကျွန်တော်တို့အပေါ်ကောင်းမြတ်နေခဲ့တာပါ။ (ပညတ်တရားကို အလျော့အတင်းလုပ်ခြင်းအားဖြင့် တရားမမျှခြင်းကို ဆိုလိုခြင်းမဟုတ်ဘဲ သနားခြင်းဂရုဏာခံစားရစေရန် အခြားတစ်စုံတစ်ယောက်၏ ကိုယ်စား ပေးဆပ်ခြင်းအားဖြင့် ပြုတော်မူခြင်း)
ကျွန်တော်တို့လူသားတွေဟာ ဘုရားရဲ့ တရားမျှတခြင်းကြောင့် ဆက်လက်အသက်ရှင်နေရတာ မဟုတ်ပါဘူး။ ဘုရားရဲ့ သနားခြင်းဂရုဏာတော်ကြောင့်သာ ဆက်လက်အသက်ရှင်နေရတယ်ဆိုတာကို ဦးစွာသိရှိနားလည်ကာ ချီးမွမ်းသင့်ပါတယ်။
မေးခွန်းကို ပြန်ဖြေရမယ်ဆိုရင်တော့ မိရိအံ ရော အာရုန်ရော မောရှေ ရော သုံးယောက်စလုံးဟာ ဘုရားရဲ့ သနားခြင်းဂရုဏာ ဆိုတဲ့ တူညီတဲ့ ရပ်တည်မှုမှာ ရှိနေကြတာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဘုရားသခင်ရဲ့ သနားခြင်း ဂရုဏာအပေါ်မှာ ရှိတဲ့နေတဲ့ ရပ်တည်မှုကနေ ဒီကျမ်းချက်ကို ဆက်လက်လေ့လာသွားကြမယ် –
ဒီကျမ်းပိုဒ်ကို ဖတ်လိုက်တဲ့အခါမှာ မိရိအံကိုပဲ နူနာဆွဲစေတဲ့အတွက် ဘုရားမတရားဘူးပေါ့လို့ မြင်နိုင်ပါတယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ဟေဗြဲဘာသာစကားရဲ့ သဒ္ဒါအသွားအလာကို ကြည့်မယ်ဆိုရင် “အပြစ်တင်လျက်” ဆိုတဲ့ စကားလုံးက “ဣတ္တိလိင်ညွှန်း ကြိယာ” ဖြစ်ပါတယ်။ ဒါဟာ ဘာသာစကားတွေရဲ့ သဒ္ဒါအသွားအလာ မတူညီခြင်းကြောင့် “မြန်မာဘာသာစကား” မှာပဲ ဖြစ်ဖြစ် “အင်္ဂလိပ်ဘာသာစကား” မှာပဲ ဖြစ်ဖြစ် “အပြစ်တင်လျက်” ဆိုပြီးတော့ပဲ ဖော်ပြနိုင်ကာ မည်သူမည်ဝါကဟူ၍ အတိအကျ မပြောနိုင်တော့ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ သိတဲ့အတိုင်း အာရုန်အား ဖိအားကို မခံနိုင်တဲ့ သူတစ်ယောက်ဆိုတာကိုလည်း ထွက်မြောက်ရာကျမ်း ၃၂ မှာ တွေ့ခဲ့ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ အပြစ်တင်ခြင်းကို အစပြုဦးဆောင်သူဟာ မိရိအံ ဖြစ်တယ်လို့ ပြောလို့ရသလို အဲဒီအတွက်ကြောင့်ပဲ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းကို ခံခဲ့ရတာ ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ – အခန်းငယ် ၁၁ နဲ့ ၁၂ မှာ အာရုန်က မိရိအံအပေါ် ဘုရားသခင်ရဲ့ စီရင်ခြင်း ကျရောက်တာကို မြင်မြင်ချင်းပဲ “အို အကျွန်ုပ်သခင်၊ အကျွန်ုပ်တို့သည် မိုက်သောအမှုကို ပြုမိ၍ ပြစ်မှားသောအပြစ်ကို အကျွန်ုပ်တို့အပေါ်မှာ တင်တော်မမူပါနှင့်၊ အကျွန်ုပ်တောင်းပန်ပါ၏။ ဘွားစကပင် ကိုယ်အသား တဝက်ပျက်သော အသေကောင်ကဲ့သို့ သူသည် မဖြစ်ပါစေနှင့်” တောင်းပန်ခဲ့တယ်ဆိုတာကို တွေ့ရပြန်တယ်။ မိရိအံကျတော့ သူမပြစ်မှားမိကြောင်း ဝန်ခံတောင်းပန်တာမျိုးတော့ ဒီကျမ်းချက်ထဲမှာ မတွေ့ရပါဘူး။ ဒါကြောင့်မို့ အာရုန်ဟာ ဘုရားသခင်ရဲ့ အလိုတော်နှင့်အညီ ဝန်ချတောင်းပန်ခြင်းကို ပြုခဲ့တဲ့အတွက် တရားစီရင်ခြင်း မခံရတာဖြစ်နိုင်ပါတယ်။ (အပြစ်အတွက် ဝန်ချတောင်းပန်ခြင်းကတော့ ဘုရားသခင်ရဲ့ အလိုတော်လည်း ဖြစ်ပေတယ် -၁ယော ၁း၉)။
နောက်ထပ် ဖြစ်နိုင်ချေတစ်ခုကတော့ (ဒီဖြစ်နိုင်ခြေကတော့ အာရုန်ရဲ့ ဝန်ချတောင်းပန်ခြင်းအပြီးမှ ဖြစ်တန်စွမ်းတစ်ခုသာ ဖြစ်ပါတယ်) – အာရုန်ဟာ ယဇ်ပရောဟိတ်မင်းကြီးတစ်ယောက် အဖြစ် ဘုရားသခင် ခွဲခန့်ခံရသူ ဖြစ်ပါတယ်။ တကယ်လို့များ အာရုံသာ နူနာပြစ်ဒါဏ်ခံခဲ့ရမယ်ဆိုရင်ဖြင့် ဣသရေလူမျိုးအားလုံးအတွက် ကိုယ်စားပြု ယဇ်ပူဇော်ပေးမယ့်သူ ရှိတော့မှာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကျွန်တော်တို့ အထက်က ပြောခဲ့သလိုပဲ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအရာမှာ ဂရုဏာတော် စီးဆင်းလျက်ရှိနေတယ်ဆိုတာကို မြင်ရပါတယ်။
ဆိုတော့က မိရိအံကို ဘုရားသခင် တရားစီရင်ခဲ့တယ်။ မှန်တယ် – နူနာရောဂါဆွဲကပ်စေခဲ့တယ်။ နူနာဆိုတာက နာတာရှည် ရောဂါတစ်ခုပါ။ သို့သော် အခန်းငယ် ၁၅ “မိရိအံကို နှင်ထုတ်၍ သူသည် ခုနစ်ရက်ပတ်လုံး တပ်ပြင်မှာ နေရ၏။ မိရိအံအနာမပျောက်မှီတိုင်အောင် လူများတို့သည် ခရီးမသွားဘဲ နေကြ၏” အရ မိရိအံကို တပ်ပြင်မှာ ခုနစ်ရက်ထားပြီး၊ အနာမပျောက်မှီတိုင်အောင် ဣသရေလလူတို့ကို ခရီးမဆက်စေခဲ့တာ တွေ့ရတယ်။ ဒါဆိုရင် ဒီနေရာမှာလည်း ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအရာမှာ ကရုဏာတရားကို မြင်တွေ့ရပြန်ပါတယ်။ နှစ်ရှည်ကြာဆွဲကပ်နိုင်တဲ့ရောဂါ (တစ်သက်စာတောင် ဖြစ်နိုင်တဲ့ရောဂါ) ကို တစ်ပတ်သာ ခံစားစေတဲ့ဘုရား၊ သီးသန့်ဖယ်ထုတ်ထားပေမဲ့ သူ့လူတွေကို မိရိအံ မပါပဲ ခရီးမဆက်စေခြင်းက အပြစ်ပေးပေမဲ့ သနားခြင်း ကရုဏာနဲ့ ချန်မထားခဲ့တဲ့ ဘုရား ဆိုတာကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါတယ်။
ဒါကြောင့် အဖြစ်အပျက်ပေါ်မှာ ညီမျှခြင်းချပြီး မေးခွန်းထုတ်တဲ့ လူသားတွေအတွက်တော့ ဒီအဖြစ်အပျက်ဟာ မတရားသလိုမြင်နေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့အစကတည်းက ကျွန်တော်တို့ကို မတရားသဖြင့်ကို ချစ်တော်မူခဲ့လို့ လက်ရှိအချိန်အထိ နေထွက်ခြင်း နေဝင်ခြင်းတွေကို မြင်နေရတာပါ။ ပြန်သတိရလိုက်ပါ။ ကျွန်တော်တို့ အခုလို ဘုရားက တရားရဲ့လား လို့ မေးခွန်းထုတ် နေနိုင်တာကိုက ဘုရားက ကျွန်တော်တို့ကို တရားခဲ့လို့မဟုတ်ပါဘူး ၊ သနားခဲ့လို့ပါ။
သင်ဟာ အဖြစ်အပျက်တစ်ခုကို သိမြင်ပြီး ဘုရားသခင်ဟာ တရားမျှတမှု မရှိဘူး လို့ ခံစားလာရတိုင်း အဲဒီ တရားစီရင်ခြင်းအမှု၌ သည်းခံတော်မူသော သနားခြင်းဂရုဏာတော် အတွက် အခုပဲ ကျေးဇူးတော်ချီးမွမ်းလိုက်ပါ။
“ထာဝရဘုရားသည်သနားတော်မူ၍ ကရုဏာတော်သည် မကုန်သောကြောင့် ငါတို့သည် ဆုံးရှုံးခြင်းသို့ မရောက်ဘဲနေကြ၏။ 23နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံရကြ၏။ သစ္စာတော်သည် ကြီးမြတ်ပါ၏။”
(ယေရမိမြည်တမ်းစကား ၃ : ၂၂ - ၂၃)
“ထာဝရဘုရားသည် သနားတတ်သောသဘော၊ ကျေးဇူးပြုတတ်သောသဘော၊ စိတ်ရှည်၍၊ ကရုဏာ ကြွယ်ဝသော သဘောရှိတော်မူ၏။ အစဉ်မပြတ် အပြစ်တင်တော်မူသည်မဟုတ်။ အငြိုးကို အမြဲထားတော်မူသည်မဟုတ်။ ငါတို့ပြစ်မှားခြင်းနှင့် အလျောက်ငါတို့၌ ပြုတော် မမူတတ်။ ငါတို့၌ ဒုစရိုက်ရှိသည်အတိုင်း အပြစ်ကို ပေးတော်မမူတတ်။”
(ဆာလံ ၁၀၃း၈-၁၀)