“စည်းကမ်း” လို့ဆိုလိုက်တာနဲ့အာဏာရှိသူကချမှတ်တာပဲဖြစ်ဖြစ်၊ ကိုယ်တိုင်သတ်မှတ်တာပဲဖြစ်ဖြစ် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် စည်းကမ်းဆိုတာ ဘုရားရဲ့လမ်း၌သွားလာတတ်ဖို့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြေခံအားဖြင့်အသက်ရှင်ခြင်းသို့ဦးတည်ပါတယ်။
“ငါ့သား၊ ထာဝရဘုရားဆုံးမတော်မူခြင်းကို မမှတ်ဘဲမနေနှင့်။ သင်၏အပြစ်ကိုစစ်ဆေးတော်မူသောအခါ စိတ်မပျက်စေနှင့်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ နှစ်သက်တော်မူသောသူကို ဒဏ်ခတ်တော်မူတတ်၏။”
သုတ္တံကျမ်း ၃:၁၁-၁၂
“ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါ ဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာ ထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှ ငြိမ်သက်ခြင်းနှင့် စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။”
ဟဗွေဲဩဝါဒစာ ၁၂:၁၁
ဘယ်မိဘမျိုးကမှ မိမိသားသမီးကိုမချစ်မနှစ်သက်ဘဲနှင့်စည်းကမ်းတွေပေးထားမည်မဟုတ်ပါ။ ချစ်နှစ်သက်သောကြောင့်သာ ပေးမည်ဖြစ်သည်။ ကျူးလွန်ဖောက်ဖျက်ခဲ့သော် ဆုံးမမည်မှာဧကန်ပင်။ စကားနှင့်ဖြစ်ပါစေ ကြိမ်လုံးနှင့်ဖြစ်ပါစေ ဆုံးမသောအရာတိုင်းက ကိုယ့်ကောင်းကျိုးအတွက်ဖြစ်သောကြောင့် နားဝင်ချို၊ ပေါ့ပါးလိမ့်မည်တော့မဟုတ်။ ထိုသို့မရှိသော်လည်း မထင်မှတ်ထားသော ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကျေးဇူးရှိပါတယ်။ “စည်းကမ်းလိုက်နာဘေးကင်းကွာ”
“ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ်သောအရွယ်မှစ၍ ဆုံးမတတ်၏။”
သုတ္တံကျမ်း ၁၃:၂၄
ဒါကြောင့်မိဘတွေအနေနှင့်လည်းသားသမီးတွေပေါ် အလိုတော်နှင့်ညီသော စည်းကမ်းချမှတ်လျက် ငယ်သောအရွယ်မှစ၍ဆုံးမသွန်သင်ပေးဖို့ရန် လိုအပ်ပါသည်။ ကြိမ်လုံးသုံးသင့်သည့်အရွယ်မှာ ကြိမ်လုံးကိုသုံးပြီး၊ ပညာသမ္မာတရားနှင့်ယှဉ်သောစကားလုံးများကိုလည်း အထူးသဖြင့်သုံးဖို့အရေးကြီးပါတယ်။
“အထက်ကပေးလိုက်သော စာအားဖြင့် သင်တို့ကို ဝမ်းနည်းစေသောကြောင့်၊ ငါသည် ယခင်အခါ၌ နောင်တရှိသော်လည်း ယခုအခါ၌ မရှိ။ အကြောင်းမူကား၊ ထိုစာသည် သင်တို့ကို ခဏသာဝမ်းနည်းစေသည်ကို ငါမြင်၏။ သင်တို့ကို ဝမ်းနည်းစေသောကြောင့် ငါဝမ်းမြောက်သည် မဟုတ်။ ဝမ်းနည်းစေ၍ နောင်တရသောကြောင့် ငါဝမ်းမြောက်ခြင်းရှိ၏။ ငါတို့အားဖြင့် သင်တို့၏အကျိုး အလျှင်းမပျက်ရမည်အကြောင်း၊ ဘုရားသခင်၏ အလိုတော်နှင့်အညီ ဝမ်းနည်းစေကြ၏။-”
ကောရိန္သုဩဝါဒစာဒုတိယစောင် ၇:၈-၉
“စေတနာကဝေဒနာ” သို့အဖြစ်မျိုးမဖြစ်စေလိုပါ။ သခင်ဘုရားအားဖြင့်ဖြစ်စေ၊ မိဘအားဖြင့်ဖြစ်စေ၊ ဆရာသမားအားဖြင့်ဖြစ်စေ ကိုယ့်ကိုချစ်ခင်နှစ်သက်သောသူတွေရဲ့ဆုံးမခြင်းက သင့်ကိုဝေဒနာတွေလာပေးနေပါလားဆိုပြီး မခံစားစေချင်ပါ။ သင့်ကိုဝေဒနာရဖို့မဟုတ်ပါ။ “နောင်တ” ရဖို့ပါ။ အလိုတော်နှင့်ညီသောနောင်တရဖို့ပါ။
ဒါကြောင့် စည်းကမ်း ဆိုလျင်လိုက်နာပါ။ မလိုက်နာလို့ဆုံးမခြင်းခံရလျင် အပြစ်တင်မစောပါနှင့်။ လျစ်လျူမရှုလိုက်ပါနှင့်။
ခရစ်တော်၌ရှိသောသင်ရဲ့တန်ဖိုးကိုစည်းကမ်း ရှိခြင်းအားဖြင့် မြင်တတ်စေပါ။
ဆင်ခြင်လျက်
The Blessed Desk (ThyLogos)