ကျွန်တော်တို့ မြန်မာနိုင်ငံကို ကိုယ်ကျိုးစွန့်ရောက်လာပြီး၊ မြန်မာ ပြည်သားတွေအတွက် သမ္မာကျမ်းစာကို ဘာသာပြန်ပေးခဲ့တဲ့အပြင်၊ မြန်မာ စာပေကို မြှင့်တင်ပေးခဲ့တဲ့သူဟာ ယုဒသန်လို့ လူသိများတဲ့ အဒေါနီယန် ဂျက်ဆန်ဆိုတဲ့ အမေရိကန်နိုင်ငံသား၊ နိုင်ငံရပ်ခြား နှစ်ခြင်းသာသနာပြု တစ်ယောက်ပါ။ သူ့ရဲ့ ကိုယ်ကျိုးစွန့်ပေးဆပ်မှု အသီးအပွင့်တွေက ဘယ်လောက်ထိကြီးမားလို့လဲဆိုပြီး မေးခွန်းများမေး လာမယ်ဆိုရင် ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ နှစ်ခြင်း ခရစ်ယာန်တွေ အားလုံးနီးပါးကို လက်ညိုးထိုး ညွှန်ပြ ရပါလိမ့်မယ်။ နိုင်ငံရပ်ခြားကနေလာတဲ့ သူ တစ်ယောက်က ကမ္ဘာပေါ်ရှိ အခက်ခဲဆုံး ဘာသာစကားတွေထဲက တစ်ခုဖြစ်တဲ့ မြန်မာစာကို လာရောက် သင်ယူပြီး၊ သမ္မာကျမ်းစာကို မြန်မာလို ဘာသာပြန်ခဲ့တယ် ဆိုတော့ ကောင်းနိုင်ပါ့မလားလို့ သံသယတွေနဲ့ မမေးလိုက်ပါနဲ့၊ ဆရာကြီး ယုဒသန် ဘာသာပြန်ခဲ့တဲ့ ကျမ်းစာအုပ်ဟာ ကျမ်းစာဘာသာပြန်တဲ့ အဖွဲ့ အစည်းတွေအားလုံးကတောင် အကောင်းတကာ့ အကောင်းဆုံးလက်ရာ တွေထဲက တစ်ခု ဖြစ်တယ်လို့ အသိမှတ် ပြုရအောင်ပါပဲ။ သူဟာ မြန်မာ့ နှစ်ခြင်း ခရစ်ယာန်သမိုင်းရဲ့ ဘယ်တာ့မှ မေ့မရတော့မယ့် သူရဲကောင်း တစ်ယောက် ဖြစ်ပါတယ်။
ဆရာကြီး ယုဒသန် ကို ၁၇၈၈ ခုနှစ် ဩဂုတ်လ ၉ ရက်နေ့ မာဆက်ချူးဆက်ပြည်နယ် (Massachusetts) မေလ်ဒန်မြို့ (Malden) တွင် အမှုတော်ဆောင်ခဲ့တဲ့ ဆာဂျက်ဆင် နှင့် အာဗီဂါလ် (Judson, Sr. and Abigail) တို့ လင်မယားက ဖွားမြင်ခဲ့ကြတယ်။ သူဟာ ငယ်စဉ်က တည်းက အဘက်ဘက်မှာ ထူးချွန်တဲ့သူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သုံးနှစ် အရွယ်လောက်ကတည်းကနေ ယုဒသန်ဟာ အမိနိုင်ငံရဲ့စာကို ကောင်းကောင်း ဖတ်နိုင်နေခဲ့ပါပြီ။ အသက် ၁၂ နှစ်သား အရွယ်ရောက်တော့ ဂရိ (Greek) ဘာသာစကားကို ပိုင်ပိုင်နိုင်နိုင် သူလေ့လာနိုင်ခဲ့ပြီးပါပြီ။ ဒီလိုနဲ့ သူဟာ အဘက်ဘက်မှာ ထူးချွန်ခဲ့တဲ့အတွက်ကြောင့် အသက် ၁၆ နှစ် အရွယ်မှာ ကောလိပ်ကျောင်းတစ်ခုမှာ ပညာ တက်ရောက်သင်ကြားဖို့ ပညာ သင်ဆု ရခဲ့တယ်။ ကောလိပ်ကျောင်း ရောက်သွား တော့လည်း သူ့ကို လူတိုင်းက “စာကြမ်းပိုး” ဆိုပြီး နာမည်ပေးရလောက်အောင် စာနဲ့မျက်နှာ မခွာခဲ့ပါဘူး။
တခြားနာမည်ကြီး သာသနာပြုများစွာနဲ့ ယုဒသန်ကို နှိုင်းယှဉ် ကြည့်မယ် ဆိုရင် သူ့ဘ၀အစပိုင်းတွေမှာ တမူထူးခြားခဲ့ပါတယ်။ အများ အားဖြင့် အခြားနာမည်ကြီး သာသနာပြုတွေကတော့ ငယ်ရွယ်စဉ်က တည်းက ဘုရားသခင်ရဲ့ခေါ်သံကို ကြားသိခဲ့ပြီးတော့ ဆက်ကပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ယုဒသန်ကတော့ သာသနာပြုဆရာတစ်ပါးရဲ့သား ဖြစ်ခဲ့ပေမယ့် သူတက်ရောက် ပညာသင်ကြားခဲ့တဲ့ကောလိပ်ကျောင်းမှာ ခင်မင်မိတ်ဖွဲ့ခဲ့တဲ့ အပေါင်းအသင်းတွေကြောင့် ပျက်ဆီးခဲ့ရတယ်။ အထူးသဖြင့် ဂျကုတ်အာမစ် (Jacob Eames) ဆိုတဲ့ သူနဲ့အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်သွားကြတဲ့ နောက်မှာတော့ သူ့ဘ၀က လုံး၀ပြောင်းလဲသွားခဲ့တယ်။ အသက်၂၀ နှစ် အရွယ်ရောက်လာတဲ့ အချိန်မှာ သူ့သူငယ်ချင်း ဂျကုတ်အာမစ်လိုဘဲ လူသိ ရှင်ကြား ဘုရား မရှိဘူးလို့ ကြေငြာခဲ့ပါတယ်။ ယုဒသန်ဟာ ထူးချွန်တဲ့ သူတစ်ယောက် ဖြစ်ခဲ့တဲ့အတွက် ကျောင်းပြီးသွားတဲ့အချိန်မှာ အင်္ဂလိပ် သဒ္ဒါပြဌာန်းစာအုပ်နဲ့ အမျိုးသမီးတွေအတွက် သင်္ချာပြဌာန်းစာအုပ်တွေ ကိုလည်း ရေးသားပြုစုနိုင် ခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ကျောင်း တစ်ကျောင်း ကိုလည်း ဦးဆောင်တည်ထောင် နိုင်ခဲ့ပါတယ်။ အဲဒီနှစ်တွေမှာ သူ့ရဲ့ဘ၀ကို လွှမ်းမိုးမောင်းနှင်ခဲ့တာကတော့ ပြင်သစ် ဒဿနစာပေတွေပါပဲ။
တစ်နေ့တော့ သူ့ရဲ့ယုံကြည်ချက်ကို သေချာခိုင်လုံစေဖို့ဆိုပြီး ခရီး တစ်ခုဆီ ယုဒသန် ထွက်သွားခဲ့တယ်။ သူကိုယ်တိုင်ကလည်း လေ့လာစူးစမ်းရတာကို အထုံဝါသနာခဲ့ပါတယ်။ ဒီလိုနဲ့ လမ်းခရီးမှာ မှောင်ရီပျိုးလာတော့ တည်းခိုခန်းတစ်ခုမှာ ဝင်တည်းဖို့ ဆုံးဖြတ်ခဲ့တယ်။ တည်းခိုခန်း မန်နေဂျာက သီးသန့်ခန်းတွေ မရှိတော့တဲ့အကြောင်းနဲ့ ကျန်အခန်းတစ်ခန်းကလည်း အ သည်းအသန်ဖျားနေတဲ့ လူနာနေတဲ့ အခန်းနဲ့ ကပ်ရပ်ဖြစ်နေလို့ ယုဒသန်ကို အဆင်ပြေပါ့မလားဆိုတဲ့ ပုံစံနဲ့ရှင်းပြခဲ့တယ်။ ယုဒသန်ကလည်း “တည်းလို့ ရရင် ပြီးတာပါဘဲ” ဆိုပြီး လွတ်နေတဲ့အခန်းကို ယူလိုက်တယ်။ ဒီလိုနဲ့ သူတည်းတဲ့ အခန်းဘေးက လူနာဟာ တညလုံး ညည်းညူနေခဲ့တယ်။ သေခြင်းတရားကို အရမ်းကြောက်နေတဲ့ပုံစံနဲ့ ငိုကြွေးနေခဲ့တာဖြစ်တယ်။ အဲဒီ ညတော့ ယုဒသန်တစ်ယောက် အိပ်မရခဲ့ပါဘူး။ “သေရမှာကို ဒီလူ ဘာလို့အဲ့လောက်ကြောက်နေရတာလဲ၊ သူသေသွားရင်ကော ထာ၀ရကာလ ဘယ်ကို ရောက်မှာလဲ၊ ဒီလူမှာ ခရစ်ယာန်ဘာသာ မှာရှိတဲ့ မျှော်လင့်ချက်မျိုး မရှိ လို့လား” ဆိုပြီးတော့ သူ့ကိုယ်သူလည်း မေးခွန်းတွေ ပြန်လည်မေးပြီး ချင့်ချိန် နေခဲ့တယ်။ မနက်ရောက်လာတော့ ကပ်ရပ် အခန်းမှာ တည်းခိုနေတဲ့ လူနာရဲ့ အသံက တဖြည်းဖြည်းချင်း တိတ်ဆိတ် သွားခဲ့တာပေါ့။ မိုးလင်းလို့ တည်းခိုခန်း မန်နေဂျာကို မနေ့ညက လူနာရဲ့အကြောင်း မေးကြည့်မိတော့ ပြန်ကြား လိုက်ရတဲ့အဖြေက ယုဒသန်ကို အလွန်အမင်း ထိတ်လန့်စေခဲ့တယ်။ သူကြားလိုက်တဲ့သတင်းကတော့ အဲဒီလူနာဟာ သေဆုံးသွားပြီ ဆိုတဲ့သတင်းပါဘဲ။ ယုဒသန်ကို ပိုပြီး ထိတ်လှန့်ခြောက်ခြားသွားစေတဲ့ သတင်းစကားကတော့ သေသွားတဲ့လူနာဟာ ဂျကုတ်အာမစ်ဆိုတဲ့သူ့ကို ဘုရား မရှိဘူးလို့ ယုံကြည် လာအောင်ဦးဆောင်ခဲ့တဲ့ ကောလိပ်ကျောင်းနေဘက် အခင်ဆုံးသူငယ်ချင်း ဖြစ်နေလို့ပါဘဲ။ သူဘာတွေ ဆက်လုပ်ဦးမှာလဲ။
သူငယ်ချင်းကောင်းတစ်ဦးဆုံးပါးသွားတဲ့ အဖြစ်ဆိုးကြောင့်ရှေ့အနာဂတ်အတွက် တွေးပူသွားရှာတဲ့ ယုဒသန်တစ်ယောက် ဒီတစ်ကြိမ် အိမ်အပြန် ရောက်ရောက်ခြင်းဘဲ အင်ဒိုဘာ (Andover Theological Seminary) ဆိုတဲ့ ကျမ်းစာကျောင်းတစ်ကျောင်းမှာ ကျောင်းတက်ဖို့စာရင်း သွားသွင်းခဲ့ ပါတယ်။ အဲဒီကျောင်းမှာပဲ ပြူရီတန်သောမတ်စ် (Puritan Thomas Boston) ရဲ့ စာအုပ်တစ်အုပ်ကို ဖတ်ရင်းနဲ့ ဘုရားသခင်ရဲ့ ကယ်တင်ခြင်းကို နားလည်ခဲ့သလို လုံးလုံးလက်ခံယုံကြည်ခဲ့တယ်။ အမှုတော်မြတ်မှာ ပါဝင်ဖို့ သူ့အသက်တာကိုလည်း ဆက်ကပ်ခဲ့တယ်။ “အရှေ့အရပ်က ကြယ်” ဆိုတဲ့ ဘူချာနန် (Buchanan) ရဲ့ စာအုပ်ကလည်း နိုင်ငံရပ်ခြားသာသနာပြုဖို့ ယုဒသန်ကို တွန်းအားပေးခဲ့တဲ့ စာအုပ်တစ်အုပ် ဖြစ်ခဲ့ပါတယ်။
၁၈၀၉ ခုနှစ်ကနေစလို့ အရင်က ဘုရားမရှိဘူးလို့ ကြွေးကြော်ခဲ့တဲ့ လူငယ်လေးတစ်ယောက် ဘုရားသခင်ရဲ့ မြင့်မြတ်လှသော သတင်းကောင်းကို မကြားမသိသေးတဲ့သူတွေအတွက် ပေးဆပ်အသက်ရှင်မယ့် သာသနာပြုသူ တစ်ဦး ဖြစ်ချင်လာတော့တယ်။ အဲဒီနှစ်ပိုင်းတွေမှာ စိတ်တူကိုယ်တူ မိတ်ဆွေ သူငယ်ချင်းတွေနဲ့လည်း သူဆုံတွေ့ခဲ့ရတယ်။ အဲဒီလိုနဲ့ နှစ်အတော်ကြာ သာသနာနယ်မြေအတွက် တံခါးဖွင့်ပေးဖို့ ဘုရားသခင်ထံပါး အတူတကွ ဆုတောင်းခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်ထိ အမေရိကန်မှာ နိုင်ငံရပ်ခြားကိုသာသနာပြု စေလွှတ်တဲ့ အဖွဲ့အစည်းမျိုး မရှိခဲ့သေးလို့ပါပဲ။ အဲဒီလို ဝမ်းနည်းဖွယ် အခြေအနေနဲ့ ပတ်သက်လို့ ယုဒသန်က ဆောင်းပါး တစ်ခုမှာ “ကျွန်တော်တို့ ယုံကြည်သူတွေ ဒီလောက်ထိ ကြီးလေးတဲ့ အပြစ် ဒဏ်မျိုးကို ကိုယ်အပေါ်ကို ဘာကြောင့် ကျစေရတာပါလိမ့်။ အခု ကြည့် ကမ္ဘာလူဦးရေရဲ့ ၄ ပုံ ၃ သုံးပုံထံ ခရစ်တော်ရဲ့ အစားထိုး အသေခံပေးခြင်း အကြောင်းပြောဖို့ ကိုတော့ လျစ်လျူရှုပြီးတော့ သိသိကြီးနဲ့ သေခြင်းတရား ဆိုတဲ့ ဘယ်တော့မှ ပြန်နိုးမလာတော့မယ့် အိပ်စက်ခြင်းနဲ့ အိပ်စက်စေတယ်။ ကျွန်တော်တို့ အားလုံး ကိုယ့်အသိုက်မှာ ပျော်နေကြပြီးတော့ တစ်လောကလုံး ဘုရားကို မသိတဲ့အတွက် ပျက်စီးကြမယ့် အဖြစ်ကို ထိုင်ကြည့်နေရက် ကြတယ်” လို့ ပျောက်ဆုံးသော ဝိညာဉ်တွေအတွက် လောင်ကျွမ်းနေတဲ့ နှလုံးသားနဲ့ အမေရိ ကန်နိုင်ငံရဲ့ အေးစက်နေတဲ့ အခြေအနေကို ဖော်ပြ ခဲ့တယ်။ အခုချိန်ထိ သူတို့ မိတ်ဆွေတွေ ဆုအတူတောင်းခဲ့တဲ့နေရာ လေးဟာ “အမေရိကန် နိုင်ငံရဲ့ နိုင်ငံရပ်ခြား သာသနာပြု မွေးဖွားရာနေရာ” ဆိုပြီး အမည်တွင် နေဆဲပါပဲ။
ဒီလိုနဲ့ သုံးနှစ်တိုင်တိုင် ကြာခဲ့တဲ့နောက်မှာတော့၊ ရက်အတိအကျ ပြောရမယ်ဆိုရင် ၁၈၁၂ ခုနှစ် ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာ ယုဒသန်နဲ့ သူ့ရဲ့ ဇနီးပူပူနွေးနွေးလေး အဲန်ဟက်ဆာလ်တင်း (Anna Haseltine) တို့ကို အမေရိကန်ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားသာသနာပြုအဖွဲ့အစည်း (the first American Board for Foreign Missions) က အိန္ဒိယနိုင်ငံကို သာသနာပြုဖို့စေလွှတ်ခဲ့ကြတယ်။ အမေရိကန်ကနေ ရေကြောင်း ခရီးနဲ့ ယုဒသန်တို့ လင်မယား အိန္ဒိယနိုင်ငံကို၄ လကြာခရီးနှင်ခဲ့ ကြတယ်။ ၄ လ ကြာမျှ ရေကြောင်းခရီးဟာ လွယ်ကူခဲ့တာရယ်လို့ မရှိခဲ့ပါဘူး။ သို့သော် ဘုရားသခင်က သူတို့အပေါ် ကောင်းမြတ်ပြီး ကွယ်ကာပေးခဲ့ပါတယ်။ အဲဒီ ရေကြောင်းခရီးမှာပဲ ယုဒသန်ဟာ သိပ်နားမလည်တဲ့ နှစ်ခြင်းမင်္ဂလာနှင့် ပတ်သက်ပြီး သမ္မာကျမ်းစာရဲ့ သွန်သင်ချက်ကို ဖြည်းဖြည်းချင်း နားလည်ခဲ့တယ်။ တကယ်တော့ အဲဒီအချိန်ထိ သူတို့လင်မယား နှစ်ယောက်လုံး ရေနှစ်ခြင်း မင်္ဂလာကို သမ္မာကျမ်းစာအရ ရေထဲမှာ နှစ်ယူခြင်းအားဖြင့် ယူခဲ့ကြတာ မဟုတ်ပါဘူး။
အဲဒီလို ၄ လလုံးလုံး ရေကြောင်း ခရီးဆက်လာပြီးတဲ့ နောက်မှာ အိန္ဒိယနိုင်ငံ စီရမ်ပူမြို့ (Serampore) ကို ရောက်ရှိခဲ့ကြတယ်။ အဲဒီမှာ ရောက်နှင့်နေတဲ့ အခြားနိုင်ငံက နှစ်ခြင်းသာသနာပြုဆရာ ဝီလီယန်ကယ်ရီ (William Cary) နှင့် လက်တွဲ သာသနာထမ်းဆောင်ခဲ့တယ်။ အဲဒီလိုနဲ့ ယုဒသန်ဟာ နှစ်ခြင်းမင်္ဂလာနှင့် ပတ်သက်ပြီး သူ့ရဲ့ယုံကြည်ချက်တွေနဲ့အတူ မေးခွန်းတွေကို သာသနာပြု ဆရာ ဝီလီယန်ကယ်ရီ နဲ့ တိုင်ပင်ကြည့်တဲ့အခါ သမ္မာကျမ်းစာက သွန်သင်ထားတဲ့ ရေနှစ်ခြင်းမင်္ဂလာက ယေရှုရှင်နှင့်အတူ အသေခံပြီး သုံးရက်မြောက်နေ့မှာ ပြန်လည်ထမြောက်ပါတယ် ဆိုတာကို သက်သေခံတဲ့အနေနဲ့ ရေထဲမှာလုံးလုံးနှစ်ယူရမယ်ဆိုတဲ့ အကြောင်းကို ကောင်းကောင်း နားလည်သဘောပေါက်ခဲ့ကြတယ်။ ဒါနဲ့ပဲ သူတို့ လင်မယားနှစ်ယောက်လုံးက သမ္မာကျမ်းစာအတိုင်း ရေနှစ်ခြင်း မင်္ဂလာကို အိန္ဒိယ နိုင်ငံမှာ ခံယူခဲ့ကြတယ်။
အမေရိကန်ကနေ ယုဒသန်နဲ့အဲန်တို့နှစ်ယောက်လုံး ထွက်လာတုန်း ကတော့ ကွန်ဂရီဂေးရှင်းနာလ်လစ် (Congregationalist) အနေနဲ့ သာသနာပြုဖို့ ထွက်လာခဲ့ကြပေမယ့် အိန္ဒိယနိုင်ငံရောက်တော့ ကျမ်းစာက သွန်သင်ထားတဲ့ ကျမ်းချက်တွေကို ယုံကြည်ခံယူပြီးတဲ့နောက် နှစ်ခြင်းသာသနာပြုတွေ အဖြစ်ပြောင်းလဲသွားခဲ့ကြတယ်။ ဒီလို ဆုံးဖြတ်ချက်မျိုးက အလွန်ရိုးရှင်းပြီး သမ္မာကျမ်းစာနဲ့ ကိုက်ညီပါတယ်ဆိုပေမယ့် ယုဒသန်တို့လင်မယားကို သာသနာပြုရန် စေလွှတ်တဲ့ အမေရိကန်နိုင်ငံ သာသနာပြုအဖွဲ့အစည်းနဲ့ မိသားစု အပေါင်းအသင်းတွေရဲ့ အမြင်စောင်းမှုကို ခါးသီးစွာခံစားခဲ့ရတယ်။ သာသနာ ပြုဖို့ စေလွှတ်လိုက်တဲ့ အဖွဲ့အစည်းကလည်း ယုဒသန်တို့လင်မယားကို ထောက်ပံ့မှုတွေ မပေးတော့ဘူးလို့ အတိအလင်း ကြေငြာချက် ထုတ်ပြန်ခဲ့တယ်။ အဲလို ဝမ်းနည်း စရာအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ယုဒသန်ရဲ့ ဇနီးသည်က သူမရဲ့ သူငယ်ချင်း နန်စီ ဆီပို့တဲ့စာမှာတော့ “ချစ်ရပါသော နန်စီ (Nancy) ရေ … ဒို့လင်မယားကတော့ နှစ်ခြင်းခရစ်ယာန် တွေအဖြစ်ခံယူလိုက်ပြီ။ တကယ်တော့ ငါတို့နှစ်ခြင်းဘက်ကို တမင်ပြောင်းမယ်ဆိုတဲ့ ဆန္ဒရှိလို့တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သမ္မာကျမ်းစာက ဒို့ကို သွေးဆောင်ခဲ့တဲ့အတွက်ပါ။ ဒို့တွေရဲ့ နာမည်ကျော်ကြားမှုတွေ၊ ဒို့ကို အထင်ကြီးမှုတွေနဲ့ သူငယ်ချင်း အပေါင်းအသင်းတွေရဲ့ ချစ်ခြင်းမေတ္တာတွေကိုပါ ဆုံးရှုံးရမယ်၊ အထင်သေးခံရမယ်၊ သစ္စာမဲ့တဲ့လူတွေလို့ သတ်မှတ်ကြမယ် ဆိုတာတွေကိုလည်း ကြိုသိခဲ့ပါတယ်” လို့ ရင်နှစ်ဖွယ် ရေးသားခဲ့ပြီး စစ်မှန်တဲ့ သမ္မာတရားဘက်က ရပ်တည်ပြီး နာကျင်စွာစွန့်စားခဲ့ကြတာကို တွေ့မြင်ရပါတယ်။
ဒီလိုနဲ့ ၂ နှစ်တာ လုံးလုံး ဘယ်သူ့ဆီကမှ အထောက်အပံ့မရဘဲ ယုံကြည်ခြင်း တစ်ခုတည်းနဲ့ အိန္ဒိယနိုင်ငံမှာ ဆက်ကပ် သာသနာပြုခဲ့ကြ တယ်။ အဲဒီနှစ်တွေမှာ အထောက်အပံ့မရတဲ့အပြင် တရားဒေသနာ ဝေငှတာကိုလည်း အပြင်းအထန် ပိတ်ပင်တားဆီးခြင်းတွေနဲ့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရတယ်။ အဲဒီလို တိုက်လှန်ကြတဲ့ သူတွေဟာ နယ်ခံ မယုံကြည်သူတွေ မဟုတ်ခဲ့ပါဘူး။ ကိုလိုနီနယ်ချဲ့ပြီး ရောက်လာကြတဲ့ ဗြိတိန် စီးပွားရေးသမား တွေနဲ့ ခေါင်းပုံဖြတ်အမြတ်စားနေကြတဲ့ အနောက်တိုင်းသား သူဌေးတွေကသာ လောဘဇောတတ်ခဲ့ကြပြီး ယုဒသန်တို့လို သာသနာပြုတွေက သူတို့ ရဲ့စီးပွားရေးကို အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးစေမယ်လို့ တဘက်သက် စွပ်စွဲတားမြစ် ပိတ်ပင်ခဲ့ကြတာပါ။ ဒီလိုနဲ့ ယုဒသန်နဲ့ ဇနီးသည် အဲန်တို့ အတွက် သတင်းကောင်းဝေငှဖို့ အခွင့်အလမ်းတွေ ပိတ်ပင်ခဲ့ရတယ်။ ဘယ်လိုပဲဖြစ်နေခဲ့ပါစေ သူတို့တွေ အရှုံးမပေးခဲ့ကြဘူး။
ဒီလိုနဲ့ ဘုရားသခင်က ယုဒသန်တို့လင်မယားအတွက် ၁၈၁၃ ခုနှစ် မှာ မြန်မာနိုင်ငံမှာ သာသနာပြုဖို့ လမ်းဖွင့်ပေးခဲ့တယ်။ ၁၈၁၃ ဇွန်လိုင်လ ၁၃ ရက်နေ့မှာ ရန်ကုန်ဆိပ်ကမ်းကို ရောက်ရှိခဲ့ကြတယ်။ ကြားသာ ကြားဖူး ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သိထားတဲ့အရာဆိုလို့ ဝီလီယာန်ကယ်ရီရဲ့သား ဖီလစ် (Felix) ဆီကကြားထားတဲ့ “ရန်ကုန်မှာ ရှိတဲ့အိမ်တွေက ရှုတ်ယှက် ခတ်နေတာဘဲ၊ လမ်းတွေမှာလည်း ဒုစရိုက်သမားတွေချည်းပဲ၊ အခွန်ကောက် တာကလည်း လွန်ရော၊ ပြစ်ဒဏ်ပေးတာကလည်း ကြောက်ခမန်းလိလိ၊” ဆိုတဲ့ စိတ်ပျက်ဖွယ်ရာ သတင်းတွေကလွဲပြီး ဘာကိုမှ မသိခဲ့ကြပါဘူး။ တကယ်တမ်း ရန်ကုန်ရောက်သွားတဲ့အချိန်မှာ ဖိလစ်ပြောခဲ့တာထက်ကို အရာရာ ခက်ခဲကြမ်းတမ်းနေခဲ့တယ်။ သူတို့လင်မယား ငှါးနေခဲ့တဲ့ အိမ်က တော့ မိုးမလုံလေမလုံတဲ့အပြင် ယိုင်နဲ့အိမ်တိုင်တွေနဲ့ပါ။ အလေးအပင် စွန့်ဖို့တောင် သီးသန့်ရေ အိမ်ရယ်လို့ မရှိခဲ့ပါဘူး။ နေ့စဉ်နဲ့အမျှ လူတွေကို မြင်နေရတယ်၊ စကားပြောသံတွေကို ကြားနေရတယ်ဆိုပေမယ့်၊ သူတို့တွေ ဘာကိုမှနား မလည်ခဲ့ပါဘူး။ သူတို့ လင်မယားရဲ့အခြေအနေက စွံ့အ၊ နား မကြားတဲ့ ဘ၀နဲ့ဘာများ ထူးခြားဦးမလဲနော်။ အဲဒီလို အခက်အခဲတွေကြား ကနေ သူတို့တွေ မြန်မာ့သမိုင်းမှာတင် မဟုတ်ဘဲ၊ ကမ္ဘာ့သမိုင်းမှာ ခရစ်တော် အတွက် သမိုင်းသစ်ကို အစပြုထွင်းထုခဲ့ကြတယ်။
ရောမဩဝါဒစာစောင် ၁၀ : ၁၄ - ၁၅
"... မယုံကြည်လျှင် အဘယ်သို့ ပတ္ထနာပြုနိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ ကြားနိုင်မည်နည်း။- လူကို မစေလွှတ်လျှင် အဘယ်သို့ ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ငြိမ်သက်ခြင်း၏ ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကို ကြားပြောသော သူ၏ခြေတို့သည် အလွန်တင့်တယ်စွတကားဟု လာသတည်း။"
အဲဒီအချိန်က မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ကနေ စေလွှတ် ထားတဲ့ သာသနာပြုတွေများစွာ ရှိနေခဲ့ပါပြီ။ ဒါပေမယ့် ယုဒသန်က မြန်မာနိုင်ငံကို ပထမဦးဆုံးရောက်လာတဲ့ နှစ်ခြင်းသာသနာပြု ဆရာတစ်ဦးဖြစ်ခဲ့တယ်။ ရန်ကုန်ကို ရောက်လျှင်ရောက်ချင်းပဲ ယုဒသန်တစ်ယောက် အောက်ကျို့ခံပြီး မြန်မာစာကို နှစ်နဲ့ချီ နေ့ညမပျက် အပတ်တကုတ် ကြိုးစားသင်ယူခဲ့တယ်၊ မြန်မာလို ကျမ်းစာဘာသာပြန်ပေးမယ် ဆိုတဲ့ စိတ်ဓာတ်အားမာန် အပြည့်နဲ့ ပေါ့။ ဒီလိုနဲ့ တဖြည်းဖြည်းချင်း ယုဒသန်တို့ လင်မယား ရန်ကုန်မှာ အထိုင်ကျ လာခဲ့တယ်။ မြန်မာလို အနည်းငယ် ရေးသားလာနိုင်ကြတော့ ဝေစာတွေ ရေးတယ်၊ ဖြန့်ဝေခဲ့တယ်။ ၃ နှစ်လောက် မြန်မာဘာသာကို သင်ယူခဲ့ပြီးတဲ့ နောက်မှာတော့ ဂျက်ဆင်ဟာ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကိုလည်း အံ့ဖွယ် ပြုစုနိုင်ခဲ့တယ်။ ဒီလိုနဲ့ ရန်ကုန်ရောက်တာ ၆ နှစ်လောက်ကြာတော့မှပဲ “မောင်နော” ဆိုတဲ့ သူတစ်ယောက်ပဲ ယုဒသန်တို့လင်မယားရဲ့ သာသနာပြုခြင်းကြောင့် ခရစ်ယာန်ဘာသာသို့ပြောင်းလဲခဲ့တယ်။
အဲဒီနေ့ဟာ ဇွန် ၂၇ ရက် ၁၈၁၉ ခုနှစ် မြန်မာလူမျိုးတစ်ဦး ပထမ ဆုံးပြောင်းလဲပြီး နှစ်ခြင်းခံခဲ့တဲ့ နေ့ရက်။ ဘယ်တော့မှ မေ့မရနိုင်တော့မယ့် နေ့ပေါ့။ ဒီလိုနဲ့ “မောင်လှ”၊ “မောင်ပြ” စသည်ဖြင့် တစ်ယောက်ပြီးတစ် ယောက် ခရစ်တော်ကို ယုံကြည်သက်ဝင်သူအဖြစ်သို့ ပြောင်းလဲလာခဲ့ကြတယ်။ ပြောင်းလဲတဲ့သူများလာတော့ ရန်ကုန်မြို့ မှာ အဲဒီ သတင်းက ပြန့်သွားတော့တယ်။ မြို့လယ်က ဇရပ်လေးမှာ ထိုင်ပြီး သူဟော တဲ့ တရားဒေသနာကို လူတွေ စိတ်ဝင်စားလာကြသလို၊ အချို့ဆိုရင် အဲဒီ နေရာမှာ အရမ်းကိုအေးချမ်းတာပဲ လို့ပြောလာကြတယ်။ တဘက်မှာလည်း ဗုဒ္ဓဘာသာအကြီးအကဲတွေကလည်း ယုဒသန်ကို တရားမဟောတော့ဖို့ကို အမျိုးမျိုး ခြိမ်းခြောက်ခဲ့ကြတယ်။ ဒါပေမယ့် ယုဒသန်ကတော့ သူ လုပ်နေကျ အလုပ်ကို ရဲရင့်စွာ ဆက်လက် လုပ်ဆောင်ခဲ့တယ်။ ဘာလို့လဲဆိုတော့ သူလုပ်နေတဲ့အလုပ်ဟာ ဘာသာဆွယ်တာမှ မဟုတ်ဘဲ၊ သူ့အတွက် ဘုရား ပေးဝန်တာ ဖြစ်တယ်ဆိုတာကို သူ ကောင်းကောင်းသိနေခဲ့တယ်လေ။
ရန်ကုန်မြို့မှာ တဖြည်းဖြည်းနဲ့ အထိုင်ကျလာခဲ့တယ် ဆိုပေမယ့်၊ ယုဒသန်တို့လို အနောက်တိုင်းကလာတဲ့ လင်မယားနှစ်ယောက် မြန်မာနိုင်ငံ ရဲ့ရာသီဥတု ဒဏ်ကို မခံနိုင်ခဲ့ကြဘူး။ ဇနီးသည် “အဲန်း” ဟာဆိုရင် မြန်မာနိုင်ငံရဲ့ ပူလွန်းတဲ့ ရာသီဥတုဒဏ်တွေကြောင့် ဖျားနာလာတဲ့အခါ ဆရာဝန်တွေရဲ့ အကြံပေးမှုကြောင့် ပင်လယ်ခရီးသုံးလကျော် ထွက်ခဲ့ရသေးတယ်။ ယုဒသန် ဟာလည်း ကျန်းမာရေးချို့တဲ့နေတဲ့ကြားက သူ့ရဲ့ ကျမ်းစာဘာသာပြန်တဲ့ အလုပ်ကို လုံး၀ လက်မလွှတ်ခဲ့ပါဘူး။ နေ့မအားညမနား သူဟာ စံထားရ လောက်အောင် ကြိုးစားအားထုတ်ခဲ့တယ်။
တဘက်မှာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေနေတွေကြောင့် မျှော်လင့်မထားတဲ့ အတိုက်အခံတွေများစွာကိုလည်း သူတို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ကြရတယ်။ နယ်ချဲ့ဗြိတိန်တွေရဲ့ သူလျှိုဖြစ်ရမယ်လို့ ယုဒသန်ကို ထင်ခဲ့ ကြတယ်။ ဘာသာရေးဘက်ကနေ ကြည့်ပြန်တော့လည်း ဘာသာဆွယ်တဲ့သူ ဆိုပြီးတော့ စွပ်စွဲခံခဲ့ရတယ်။ အခြေအနေအရပ်ရပ်က ယုဒသန်တို့ လင်မယား အတွက် မလွယ်ကူ ခဲ့ပါဘူး။ အဘက်ဘက်ကနေ အတိုက်အခံတွေနဲ့ပါပဲ။
ဘယ်လိုပဲဖြစ်နေပါစေ ဘုရားသခင်က သူ့အပေါ်မှာ သစ္စာရှိတဲ့ ယုဒသန်တို့ လင်မယားကို တစ်နည်းမဟုတ်တစ်နည်း အကောင်းဆုံးလမ်းပြ ပြင်ဆင်ပေးခဲ့တယ်။ ၁၈၂၁ ဒီဇင်ဘာလကို ရောက်တော့ ဒေါက်တာ ဖရိုက် (Dr.Price) ရန်ကုန်ကို ရောက်လာပြီး ယုဒသန်နဲ့ လက်တွဲလုပ်ဆောင်ဖို့ ဘုရားသခင်က အံ့ဖွယ်ပြင်ဆင် ပေးခဲ့တယ်။ ဒေါက်တာ ဖရိုက် ရဲ့ ဆေးကု ကျွမ်းကျင်မှုတွေကြောင့် အင်း၀နန်းတော်မှာရှိတဲ့ ဘုရင်ကတောင် ဆင့်ခေါ် ခဲ့တယ်။ ဒီလိုနဲ့ လွတ်လွတ်လပ်လပ် တရားဒေသနာ ဟောပြောခွင့်တွေ ပိုမို ရရှိလာခဲ့တယ်။ ၁၈၁၃ ခုနှစ် မေလ ၁၂ မှာ “ဓမ္မသစ်ကျမ်း” ဘာသာပြန်တာ ကိုလည်း ယုဒသန် အပြီးသတ်နိုင်ခဲ့တယ်။ အဲဒီလို အခွင့်အရေးတွေ၊ သူတို့ရဲ့ ရူပါရုံတွေ အကောင်အထည်ပေါ်လာတာ သိပ်မကြာလိုက်ပါဘူး။ ရန်ကုန်မြို့ ကို ဗြိတိန်စစ်သား အယောက် ၅၀၀၀ က သိမ်းပိုက်လိုက်တယ်ဆိုတဲ့ သတင်း ဟာ အင်း၀နန်းတော်ကို ရောက်သွားတော့ ယုဒသန်နဲ့ဒေါက်တာ ဖရိုက်တို့ပါ အခက်တွေ့ခဲ့ရတယ်။ သူတို့နှစ်ယောက်လုံးဟာ ဗြိတိန်လူမျိုးတွေ မဟုတ်ပေမဲ့ လူဖြူ တွေပဲ၊ သူလျှိုတွေဖြစ်နိုင်တယ်ဆိုပြီး အကျဉ်းသား (၁၀၀) လောက်နဲ့အတူ ထောင်ချခဲ့တယ်။ “ဘုရားသခင် ဘယ်ရောက်နေလဲ၊ ဘုရားသခင်က သူ့ရဲ့လူ တွေကို မစောင့်ရှောက်တော့ဘူးလား” လို့ မေးခွန်းမေးစရာ ကောင်းလောက်အောင် အခြေအနေတွေအားလုံး မျက်စိတစ်မှိတ်အတွင်းမှာ ပြောင်းလဲကုန်တော့တယ်။
ယုဒသန်နဲ့အတူ သူ့ရဲ့သူငယ်ချင်းအချို့လည်း အဲဒီထောင်ထဲမှာ အဖမ်းခံခဲ့ရတယ်။ အဲဒီထောင်က “အင်းဝ လက်မရွံ့ထောင်”လို့ နာမည်ကြီးတဲ့ အတိုင်း ညှင်းပန်းနှိပ်စက်မှုတွေကတော့ အရမ်းကို ရက်စက်ကြမ်းတမ်းလွန်း ကြတယ်။ အဲဒီထောင်ရဲ့ ဆိုးချက်က မစင်စွန့်စရာအခန်း သပ်သပ်ရယ်လို့ မရှိဘူး။ အလင်းဆိုလို့ ခေါင်မိုးပေါက်အချို့ကနေ နေရောင်ခြည် စိမ့်ဝင်နိုင်တဲ့ နေရာကလွဲပြီး ဘယ်နေရာမှ အပေါက်မရှိခဲ့ပါဘူး။ လေကောင်းလေသန့် ဆိုတာကတော့ ဝေးသေး။ လူအယောက်ပေါင်း ၁၀၀ လောက်ကို မစင်တွင်း ကြီးထဲမှာ ပစ်ချထား သလိုပါဘဲ။
အဲဒီနှစ်တွေမှာတော့ ယုဒသန်ရဲ့ဇနီးသည် အဲန်းကတော့ ထောင်မ ကျရုံတမယ်ပါပဲ။ ခင်ပွန်းသည် မရှိတော့တဲ့ အသားညိုတဲ့ မြန်မာမျက်နှာ စိမ်းတွေကြားမှာ လူဖြူအမျိုးသမီးတစ်ဦးရဲ့ အဖြစ်ကို စဉ်းစားပေးကြည့်ပါဦး။ အရမ်းကိုကြမ်းတမ်းလွန်းပါလိမ့်မယ်။ ဒါပေမယ့် အဲန်း တစ်ယောက် စိတ်ဓာတ် လုံး၀မကျခဲ့ပါဘူး။ ယောင်္ကျားကို ဖမ်းသွားကြတဲ့နောက်မှာ သူမ ဘာလုပ်ရမယ်ဆိုတာ ကောင်းကောင်း သိနေခဲ့တယ်။ နောက်တကြိမ် နန်းတွင်းက စစ်သည်တော်တွေ မလာခင်မှာ ခင်ပွန်းသည် ဘာသာပြန်ပြုစုထားတဲ့ ဓမ္မ သစ်ကျမ်းအားလုံးနဲ့ ဓမ္မဟောင်းကျမ်းအချို့တို့ကို သေသေချာချာ မြေမြှပ်ဝှက်ထားခဲ့တယ်။ ဒီလိုနဲ့ အဲန်း တစ်ယောက် ခင်ပွန်းသည် လွတ်ရာလွတ်ကြောင်း နန်းတွင်းတာဝန်ရှိ ဝန်ကြီးတွေဆီသွားပြီး အသနားခံခဲ့ရတယ်။ အဲန်းရဲ့ သစ္စာ၊ သမ္မာသတိနဲ့ ကြိုးစားအားထုတ်မှုတွေက အလဟသတော့ မဖြစ်ခဲ့ပါဘူး။ အမျိုးသမီးတစ်ယောက်ရဲ့ လုပ်ဆောင်မှုတွေပါ၊ ဘာမှမဟုတ်ပါဘူးလို့ ပြီးစလွယ်ပြောလိုက်မယ်ဆိုရင်၊ ခင်ပွန်းသည် ဘာသာပြန်ထားတဲ့ ဓမ္မသစ်ကျမ်းစာ လက်ရေးမူကို အဲန်းကသာ မဝှက်ထားခဲ့ဘူး၊ ဓမ္မဟောင်းကျမ်းကို ဘာသာ ပြန်နိုင်အောင် ထောင်ထဲမှာ မျှော်လင့်ချက်မဲ့နေတဲ့ သူ့ရဲ့ ခင်ပွန်းကို ကိုယ်ကျိုး စွန့်ပြီး မထောက်မခဲ့ဘူးဆိုရင် ယနေ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အခု ချိန်ထိ သမ္မာကျမ်းစာအုပ်ကို လက်ဝယ်ကိုင်ဆောင် ထားနိုင်မယ် မထင်။ ယုဒသန်က သူ့ရဲ့ ဇနီးသည် “အဲန်း” နဲ့ ပတ်သက်ပြီး မှတ်စုတစ်ခုမှာ “ပိန်ပိန် ပါးပါးနဲ့ ကျွန်တော့်ကို လာလာကြည့်တယ်၊ ကျွန်တော့်အတွက် သူ့ဘ၀တစ်ခုလုံးကို ခင်းပေးထားတဲ့ ကျွန်တော့်ရဲ့ဇနီးသည် အဲန်း တစ်ယောက်ကြောင့် ကျွန်တော်အမြဲလို ခွန်အားရှိနေခဲ့တာ” လို့ရေးသားခဲ့တယ်။ အဲန်းရဲ့ ပေးဆပ် မှုတွေက သမိုင်းစံတင်ထိုက်ပါတယ်။ အဲဒီလိုနဲ့ ခင်ပွန်းသည် ထောင်ကျနေတဲ့ တလျှောက်မှာ အဲန်း တစ်ယောက်ဟာ မပေါ့မပါး၊ ကိုယ်ဝန်ဆောင်ကာ၊ မီးဖွား ခဲ့ပါသေးတယ်။
၁၈၂၅ ခုနှစ် မေလ ၂ မှာ “လက်မရွံ့ထောင်” ထဲမှာ ရှိကြတဲ့ ထောင်သားတွေအားလုံးကို အကြောင်းအမျိုးမျိုးကြောင့် “အောင်ပင်လယ်” ထောင်မှာ ရွှေ့ပြောင်းအကျဉ်းချခဲ့ပြန်တယ်။ လမ်းတလျှောက်မှာ တစ်နှစ်တာလုံး သံချိန်းကြိုးတွေနဲ့ ခြေထောက်က ကျစ်ကျစ်တောက် ပူနေတဲ့ သဲတောထဲမှာ ရှေ့လျှောက်လို့ မရတော့သလို နေမင်းရဲ့ အပူဒဏ်ကလည်း အတွင်း သားတွေထိ လောင်ကျွမ်းမတတ်ကို ပူလောင်နေခဲ့တယ်။ သူတို့တွေ အားလုံး ရဲ့ ခြေထောက်တွေဟာလည်း ပေါက်ပြဲလို့ သွေးသံတရဲရဲနဲ့ပေါ့။ ယုဒသန် ဆိုရင်လည်း “အောင်ပင်လယ်” ထောင်ကို အပေါင်းအသင်းတွေရဲ့ ဖေးကူပေးမှု မရှိခဲ့ဘူး ဆိုရင် လမ်းမှာတင် သေဆုံးသွားခဲ့ပါလေရဲ့။ “အောင်ပင်လယ်” ထောင် ကိုတော့ သူ့ရဲ့ဇနီးသည် အဲန်း လည်း လိုက်မသွားနိုင်တော့ဘူး။ အဲန်း မှာ ကိုယ်ဝန်အရင့်အမာကြီး ရှိနေခဲ့ပြီလေ။ ဒါပေမယ့် ပြောင်းလဲခါစ ယုံကြည်သူ တစ်ယောက်ဖြစ်တဲ့ “မောင်အင်း” ကတော့ အင်း၀မြို့ကနေ အောင်ပင်လယ် ထောင်ရှိရာဆီ အတတ်နိုင်ဆုံး အဲန်း အစား ယုဒသန်ကို ပြုစုခဲ့တယ်။ အဲဒီတုန်းက ယုံကြည်သူတွေရဲ့ ဝိုင်းဝန်းပါဝင်မှု၊ သစ္စာရှိမှုတို့ကြောင့်သာ သမိုင်း တစ်ခုဖြစ်လာတာပါ ဆိုရင်လည်း မမှားပါဘူး။
ဒီလိုနဲ့ ဘုရားသခင်ရဲ့ ကွယ်ကာပေးမှုနဲ့အတူ ကျေးဇူးတော်ကြောင့် ယုဒသန် ထောင်ကနေ လွတ်ဖို့ အခွင့်အရေး ရရှိခဲ့တယ်။ အင်္ဂလိပ်-မြန်မာ ငြိမ်းချမ်းရေး စာချုပ်ဖြစ်တဲ့ ရန္တပိုစာချုပ်ကို ချုပ်ဆိုနိုင်ဖို့ ကြားခံဘာသာပြန် ပေးမယ့်သူ အဖြစ် ရွေးချယ်ခံရတော့ ထောင်ကနေလွတ်လာခဲ့ရတယ်။ ဒီလိုနဲ့ အင်္ဂလိပ်-မြန်မာ ဆက်ဆံရေးဟာလည်း ဖြည်းဖြည်းချင်း ပြန်လည်တည်ငြိမ် လာခဲ့တယ်။ မြန်မာနန်းတော်ဘက်က ဘာသာပြန်ပေးတဲ့ ယုဒသန်ကို တာဝန် ပြီးသွားပြီဖြစ်လို့ လွတ်လပ်ခွင့်ပေးလိုက်တယ်။ ဒါပေမယ့် ဗြိတိသျှအစိုးရ ဘက်က သူတို့ရဲ့ တရားဝင်ဘာသာပြန်ပေးသူ အဖြစ်ခန့်အပ်မယ်၊ လခတွေ အလုံအလောက် ပေးမယ်၊ နောက်ပြီး နေစရာထိုင်စရာနှင့် အသက်လုံခြုံမှု အတွက် အသက်အာမခံကိုလည်း ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါသေးတယ်။ ဒါပေမယ့် ယုဒသန် က “ကျွန်တော့်မှာ ငွေရှာဖို့အချိန်မရှိဘူး။ ခရစ်တော်ရဲ့ သတင်းကောင်းကို ဟောပြောရဦးမယ်” လို့ပြောပြီး ဗြိတိန်အစိုးရရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်။
ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၃ : ၁၆
"ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။"
(ဆရာကြီး ယုဒသန်ဘာသာပြန်ကျမ်း)
၁၈၂၆ မှာ အင်း၀ကနေ ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ ဗြိတိန်-မြန်မာ စစ်ကြီးအတောအတွင်းမှာ သူ့ရဲ့ သာသာနာပြုဘက်တော်သားတွေ လည်း အိန္ဒိယနိုင်ငံ ကလာကတ္တားမြို့ဘက်ဆီ ပြောင်းရွှေ့သွားခဲ့ကြတယ်။ ရန်ကုန်မှာ ရှိတာဆိုလို့ အခြေမခိုင်တော့တဲ့ ယုံကြည်သူ သုံး၊ လေး၊ ငါးယောက် နဲ့ဖွဲ့စည်းထားတဲ့ အသင်းတော်လေးပဲ ကျန်ခဲ့တယ်။ ထောင်ကနေလွတ်လာခဲ့ပြီဆိုပေမယ့် ယုဒသန်တစ်ယောက် ရန်ကုန်မှာ အစကနေ ပြန်စနေရတယ်။ ဗြိတိသျှအစိုးရနဲ့ မြန်မာအစိုးရကြားမှာ ယုဒသန်တို့ ရုန်းကန်ခဲ့ကြရတယ်။ ဒီလိုနဲ့ အစိုးရရဲ့ အမိန့်အာဏာနဲ့ အင်း၀နန်းတော်ဘက်မှာ စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ လေ့လာရမယ်ဆိုတဲ့ အကြောင်းပေါ်လာလို့ အင်း၀နန်းတော်ဆီ လနဲ့ချီ ခရီးသွားခဲ့ရပြန်တယ်။ အဲဒီ အခေါက်မှာပဲ ကျိုက္ခမီမြို့မှာ ကျန်ခဲ့တဲ့ ချစ်လှစွာသော ဇနီးသည် ဆုံးပါးသွားခဲ့တယ်။ ၁၈၂၆ ခုနှစ် အောက်တိုဘာလ ၂၄ ရက် နေ့မှာ ဆုံးသွားခဲ့တာဖြစ်ပေမယ့်လည်း၊ နိုဝင်ဘာ ၂၄ ရက်နေ့မှသာ သတင်းကြားခဲ့ရတာဖြစ်တယ်။ ဇနီးသည် အဲန်း ဆုံးပါးသွား ခြင်းက ယုဒသန်ရဲ့နှလုံးသားကို အရမ်းကြေကွဲစေခဲ့သလို ရန်ကုန်မှာရှိတဲ့ အသင်းသားတွေကလည်း ယုဒသန်နဲ့ထပ်တူ ဝမ်းနည်းခဲ့ကြတယ်။ ဒီလိုနဲ့ နောက်တစ်နှစ် ၁၈၂၇ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှာ မိခင်မရှိတော့တဲ့နောက် သူ့ကို အမြဲတွန်းအားဖြစ်စေတဲ့ သမီးလေးပါ ဆုံးပါးသွားခဲ့ပြန်တယ်။ ဒီလို့နဲ့ မကြာပါဘူး ဇူလိုင် ၁၁ ရက်နေ့မှာ ၁၈၂၅ နိုဝင်ဘာလ ၂၅ ရက်နေ့ကတည်းက ဆုံးသွားခဲ့တဲ့ ဖခင်ရဲ့ နာရေးသတင်းကို ယုဒသန် ပြန်ကြားခဲ့ရတယ်။ အဲဒီ နှစ်ကတော့ ယုဒသန်ရဲ့ အမှောင်ဆုံးညနက်ရှည်တွေပါပဲ။ တချို့ဆိုရင် သူ့ကို ရူးသွားမယ်လို့တောင် ထင်ခဲ့ကြသေးတယ်။
“ဘုရားသခင် ဘယ်တော့မှ အမှားမလုပ်ဖူးဘူး” ဆိုတဲ့ ယုံကြည် ချက်တစ်ခုနဲ့ သူခံစားနေတဲ့ အဖြစ်အပျက်တွေအားလုံးကို တဖြည်းဖြည်းချင်း ရင်ဆိုင်ဖြတ်ကျော်ခဲ့ရင်း၊ ယုဒသန်ဟာ သစ္စာရှိရှိနဲ့ဆက်လက်ပြီး အမှုတော် မြတ်မှာ ရဲရဲဝံ့ဝံ့ ဟောပြောဝေငှခဲ့သလို၊ ဂရုတစိုက် “ဓမ္မဟောင်းကျမ်းကို ဆက်ပြီး ဘာသာပြန်ခဲ့တယ်။ အမေရိကန်နိုင်ငံက သူ့ကိုသာသနာပြုဖို့ စေလွှတ်တဲ့ နှစ်ခြင်းသာသနာပြု အဖွဲ့အစည်းကတောင် အနားယူပြန်လှည့် လာဖို့ စာပို့ခဲ့ပါသေးတယ်။ ဒါပေမယ့် ယုဒသန်ဟာ ဘယ်လို အခက်အခဲတွေ ကြုံပါစေ မြန်မာနိုင်ငံမှာပဲ ရှေ့ဆက်သွားမယ်လို့ ဆိုပြီး ၈ နှစ် လုံးလုံး တစ်ယောက်တည်း ဆက်လက်ရုန်းကန်ခဲ့တယ်။ ကျမ်းစာဘာသာပြန်ရင်းနဲ့ ကရင်လူမျိုးတွေကြားထဲမှာ အသင်းတော်များစွာကိုလည်း သူ အစပြုနိုင်ခဲ့ တယ်။ သစ္စာရှိတဲ့ ယုဒသန်ကို ဘုရားသခင်က ပစ်မထားခဲ့ဘူးလေ။ အဲဒီလိုနဲ့ ဂျော့ဘို့ဒ်မန်းတို့လင်မယားနဲ့ ၁၈၂၇ ကနေ စပြီး ကရင် ပြည်နယ်ဘက်မှာ အခြေချလက်တွဲ သာသနာပြုခဲ့တယ်။ နှစ် အနည်းငယ်ကြာတော့ ယုဒသန်ရဲ့ လုပ်ဖော်ဆောင်ဘက် ဂျော့ဘို့ဒ်မန်း ဟာလည်း ဆုံးသွားခဲ့တယ်။ ယုဒသန်ရဲ့ အမှုတော်လမ်းခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်နေပါစေ ၁၈၃၄ ခုနှစ် ဇန်နဝါရီ ၃၁ မှာ ဇွဲမလျော့ တတ်တဲ့ ယုဒသန်ဟာ “ဓမ္မဟောင်းကျမ်းကို အပြီးသတ် ဘာသာပြန်နိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ ဘာသာပြန်ဆိုထားတဲ့ သမ္မာကျမ်းစာအုပ်ကို အကြိမ်ကြိမ်အခါခါ ၇ နှစ်လုံးလုံး စစ်ဆေးပြီးတဲ့နောက် ပထမဦးဆုံး မြန်မာကျမ်းစာအုပ်ကို ၁၈၄၀ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ ပုံနှိပ်ထုတ်ဝေ နိုင်ခဲ့တယ်။ ဒါကြောင့် ယနေ့တိုင်အောင် အနောက်တိုင်းသား လူဖြူတစ်ဦး ဘာသာပြန်ထားတဲ့ သမ္မာကျမ်းစာဟာဆိုရင် မြန်မာစာပေရဲ့ စံပြဖြစ်ခဲ့သလို ခရစ်ယာန်များအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ထာ၀ရအမွေအနှစ် ဖြစ်ခဲ့တာပေါ့။
၁၈၃၄ ခုနှစ်မှာ ခင်ပွန်းသည်ဆုံးသွားပြီး မုဆိုးမအဖြစ်နဲ့ သစ္စာရှိရှိ ၃ နှစ်လုံးလုံး ခင်ပွန်းသည် ဂျော့ရဲ့ ကြဲခဲ့တဲ့ သာသနာမျိုးစေ့တွေကို ကလေး တဖက်နဲ့ ရေလောင်းပေါင်းသင်ခဲ့တဲ့ စာရာဘို့ဒ်မန်းနဲ့ ယုဒသန် အိမ်ထောင် ပြုခဲ့ကြပြန်တယ်။ သားသမီး (၇) ယောက်မွေးဖွားခဲ့ပေမယ့် တတိယမြောက် သား လူသာဂျက်ဆင် (Luther Judson) ကတော့ မွေးကတည်းကနေ အသက် ပါမလာရှာဘူး။ ဒုတိယမြောက်သား နဲ့ စတုတ္ထမြောက် သားလေး တွေလည်း အသက် ၂ နှစ် အရွယ်လောက်မှာ သေဆုံးသွား ခဲ့ကြတယ်။
အသက်အရွယ် ရလာပြီဖြစ်တဲ့ ယုဒသန်ဟာ အဆုတ်မကောင်း တော့တဲ့အတွက် ကလာကတ္တားမှာ ဇနီးသည်နဲ့အတူသွားပြီး အနားယူခဲ့ ပါသေးတယ်။ ဇနီးသည်ဖြစ်တဲ့ စာရာကလည်း အတိတ်က ရုန်းကန်ခဲ့ရတဲ့ ဒဏ်တွေကို ပြန်ခံစားခဲ့ရတယ်။ ယုဒသန်ကတော့ ပြန်ပြီးကျန်းမာလာခဲ့ပေမယ့် ဇနီးသည်ရဲ့ကျန်းမာရေး အခြေအနေကြောင့် အမေရိကန်ကို ပြန်ဖို့ဆုံး ဖြတ်ခဲ့ကြတယ်။ အငယ်သုံးယောက်ကို မြန်မာနိုင်ငံမှာ သာသနာပြုနေတဲ့ သာသနာပြုတွေနဲ့ အတူထားခဲ့ပြီး အကြီးသုံးယောက်နဲ့အတူ အမေရိကန်ဆီ ရေကြောင်းခရီးစခဲ့ပြန်တယ်။ ဒီလိုနဲ့ ၁၈၄၅ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့ စိန့်ဟယ်လီနာ (St. Helena) ဆိုတဲ့ ကျွန်းမှာပဲ ဇနီးသည်ဖြစ်သူ ဆုံးသွားရှာခဲ့တယ်။ ယုဒသန်ကိုယ်တိုင်ပဲ အဲဒီကျွန်းလေးပေါ်မှာ သူ့ရဲ့ဇနီးသည်ကို မြေမြှပ်သဂြိုလ်ခဲ့ရတယ်။
သူ့ကလေးအကြီး ၃ ယောက်နဲ့အတူ ၁၈၄၅ ခုနှစ် အောက်တိုဘာ လ ၁၅ ရက်နေ့မှာ အမေရိကန်နိုင်ငံ ဘိုစတွန်မြို့ကို ရောက်ရှိသွား ကြတယ်။ လူပေါင်းများစွာ ဂျက်ဆင်ရဲ့ အိမ်ပြန်ခရီးကို ကြိုဆိုခဲ့ကြပေမယ့် ရောဂါကျွမ်း နေပြီဖြစ်တဲ့ သူ့ရဲ့ အဆုတ်ရောဂါကြောင့် ကောင်းကောင်းတောင် စကားပြော မနှုတ်ဆက်နိုင်ခဲ့ပါဘူး။ သူ့ရဲ့ အိမ်ပြန်ခရီးဟာ အမေရိကန်တစ် နိုင်ငံလုံးရှိ သတင်းမီဒီယာတွေကြားမှာ အထင်အရှား ဖြစ်ခဲ့တယ်။ ဒါ့အပြင် ယုံကြည်သူ တွေဟာလည်း နိုင်ငံရပ်ခြားသာသနာပြုခြင်းရဲ့ အရေးကြီးပုံနဲ့ လိုအပ်ပုံတို့ကို မျက်မြင်ကိုယ်တွေ့သိလာကြတယ်။ သွားတဲ့နေရာတိုင်းမှာ လူတွေအားလုံးက သူ့ကို လေးစားကြည်ညိုပြီး မြန်မာနိုင်ငံမှာ ဘယ်လိုသာသနာပြုခဲ့တယ် ဆိုတာကိုပဲ မေးမြန်းနေကြတော့တယ်။ တစ်မြို့ဝင် တစ်မြို့ထွက် တရား ဒေသနာဝေငှသက်သေခံရင်း၊ အဲမလီချပ်ဘုခ် (Emily Chubbuk) ဆိုတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးလေးနဲ့ တွေ့စုံလက်ထပ်ခဲ့တယ်။ အဲဒီ အမျိုးသမီးဟာ စာပေဘက်မှာ အလွန်ထူးချွန် တဲ့ မိန်းကလေးတစ်ယောက်ပါ။ အဲဒီလို လက်ထပ်သွားတဲ့ ယုဒသန် နဲ့ အဲမလီချပ်ဘုခ်တို့ရဲ့ ရှေ့အနာဂတ် အပေါ် လူတွေက အမျိုးမျိုး ဝေဖန်ခဲ့ကြတယ်။ အဲမလီချပ်ဘုခ် ဟာ ဘေးလူ တွေမြင်ပြီး ဝေဖန်ခဲ့ကြသလို မဟုတ်ပါဘူး။ သူမဟာ ယုဒသန်အတွက် အံ့ဖွယ် အထောက်အကူဖြစ်ခဲ့ပါတယ်။
၁၈၄၆ ခုနှစ်မှာ ဇူလိုင်လ ၁၁ နေ့မှာ အားလုံးအံ့ဩသွားရလောက် အောင် ယုဒသန်နဲ့သူ့ရဲ့ဇနီးသည်တို့ မြန်မာနိုင်ငံကို ပြန်လည်ခရီးဆက်ခဲ့ကြတယ်။ မြန်မာနိုင်ငံကို ရောက်ရောက်ခြင်း ကြားရတဲ့ သတင်းကတော့ သူ ထားခဲ့တဲ့ သားသုံးယောက်ထဲက တစ်ယောက် သေဆုံးသွားတယ်ဆိုတဲ့ သတင်း။ သာမန်လူတွေ မခံနိုင်မယ့် အဖြစ်မျိုးတွေကို ယုဒသန်ကတော့ တောက်လျှောက် ရင်ဆိုင်ကြုံတွေ့ခဲ့ရပေမယ့် အရာရာကို ဘုရားသခင်ရဲ့ အလိုတော်အတိုင်း၊ ကျေးဇူးတော်ဟာ ငါ့အတွက် လုံလောက်တယ် လို့ဆိုပြီး ဆက်လက် အမှုတော်ဆောင်ခဲ့တယ်။ အဲဒီအချိန်မှာ မြန်မာနိုင်ငံမှာ မြန်မာ ဘုရင်က နန်းထိုင်အုပ်စိုးမှုကို တနိုင်ငံလုံးနဲ့ယှဉ်ပြီး အာဏာ ရှိနေပြီ ဖြစ်တဲ့ အတွက် သာသနာပြုဖို့ကလည်း ပိုမိုခက်ခဲလာခဲ့တယ်။ ဒါပေမယ့် ယုဒသန် ကတော့ တစ်နည်းမဟုတ်တစ်နည်းဆိုသလို မြန်မာအဘိဓာန်ကို ရေးသား ပြုစုခဲ့သေးတယ်။
ဒီလိုနဲ့ ယုဒသန်ရဲ့ ကျန်းမာရေးဟာ တနေ့တခြား ပိုပိုဆိုးရွား လာခဲ့တယ်။ ပင်လယ်ခရီးထွက် နားရမယ်ဆိုပြီး ခရီးထွက်ခဲ့တယ်။ အဲဒီခရီးစဉ်ဟာ ယုဒသန်ရဲ့ နောက်ဆုံးခရီး၊ မြန်မာနိုင်ငံကို ဘယ်တော့မှ ပြန်မလာ တော့မယ့် ခရီးဖြစ်တယ်ဆိုတာ ယုဒသန်မသိခဲ့ပါဘူး။ ယုဒသန်ဟာ ၃၇ နှစ်ပတ်လုံး မြန်မာပြည်ကြီးမှာ သခင်ခရစ်တော်ရဲ့ သာသနာတော်ပြန့်ပွားအောင် သစ္စာရှိရှိ အမှုတော်ထမ်းရွက်ခဲ့ပါတယ်။ အသက် ၆၁ ရှိနေပြီဖြစ်တဲ့ ယုဒသန်ဟာ ၁၈၅၀ ခုနှစ် ဧပြီလ ၁၂ ရက်နေ့၌ အဲဒီပင်လယ်ခရီးမှာ ဘယ်သူမှမသိဘဲ၊ ဈာပနာ အခမ်းအနားတောင် မရှိလိုက်ဘဲ ဘင်္ဂလားပင်လယ်အော်ကြီးထဲမှာ ခရစ်တော်၌ အိပ်ပျော်သွားခဲ့ရပါတော့တယ်။ ပင်လယ်ကြီးထဲမှာ ဂျက်ဆင်ရဲ့ အသက်မရှိတော့တဲ့ ရုပ်ခန္ဓာဟာ ဘယ်ကို မျောပါပျောက်ဆုံးသွားခဲ့လဲ ဆိုတာ ဘယ်သူမှ မသိခဲ့ကြပေမယ့် သူရေးခဲ့တဲ့ ခရစ်တော်ရဲ့သမိုင်းဟာ ခရစ်တော်ကိုယုံကြည်သူတိုင်းရဲ့ နှလုံးသားထဲမှာ ယနေ့တိုင် မျောလွင့်လို့ ………