Skip to content

“နိုးထမှု” ဆိုတဲ့ စကားလုံးက ခရစ်ယာန်လောကမှာတော့ အင်မတန်မှ ခေတ်စားနေတဲ့ ဝေါဟာရဖြစ်ပါတယ်။ ဒီနေ့မှာ ကမ္ဘာလုံးဆိုင်ရာ နိုးထမှု ( Global Revival)၊ ဝိညာဉ်ရေးရာ နိုးထခြင်း ( Spiritual Revival)၊ အသင်းဝောာ်များ နိုးထခြင်း(Church Revival) စသည်အားဖြင့် ပုံစံအမျိုးမျိုးနဲ့ ကမ္ဘာ့နိုင်ငံဒေသ အသီးသီးမှာ ကျင်းပပြုလုပ်ကြ သလို မြန်မာပြည်မှာလည်း ကျင်းပပြုလုပ်ကြပါတယ်။ ခုချိန်မှာ အားလုံးက (Online Revival) ဆိုပြီး ပုံစံမျိုးမျိုးဖြင့် ကျင်းပလျက်ရှိပါတယ်။ ကျွန်တော်တို့ မိသားစု၊ လူမျိုး၊ အသင်းတော်၊ ဒေသ၊ နိုင်ငံကို နိုးထစေပါဆိုပြီး ဝိညာဉ်တော်ဘုရားခေါ်ဖိတ်ကာ ငိုကြွေးဆုတောင်းသံတွေလည်း ကြားဖူးကြမှာပါ။ အစာရှောင် ဆုတောင်းခြင်း အစီအစဉ်တွေမှာလည်း နိုးထခြင်းဆိုတာ မပါမဖြစ်တဲ့ စကားလုံး ဖြစ်ပါတယ်။ ဓမ္မသီချင်း မြောက်များစွာမှာ နိုးထမှုဆိုတာ အင်မတန် အသုံးများတဲ့ စကားလုံးလည်း ဖြစ်ပါတယ်။ တစ်ချို့ဆိုရင် နိုးထမှုကို ကြိုက်နှစ်သက်ကြလွန်းလို့ အသင်းတော်ရဲ့ အမည်ကို Revival အသင်းတော်လို့တောင် ပေးတတ်ကြ ပါတယ်။ ဒါပေမယ့်လို့ နိုးထမှု ဆိုတာ ဘာလဲလို့မေးရင် မသိတဲ့သူ အင်မတန်များနေတယ်ဆိုတာ လေ့လာတွေ့ရှိရပါတယ်။ သိတဲ့သူတွေရဲ့ အဖြေတွေက ကွဲလွဲမှုတွေ ရှိနေပြီးတော့ လွဲမှားနေတာတွေလည်း တွေ့ရှိရပါတယ်။ သခင်ယေရူခရစ်တော် က ရှမာရိအမျိုးသမီးကို ” သင်တို့သည် ကိုယ်မသိသော အရာကို ကိုး ကွယ်ကြ၏။” လို့ပြောသလိုမျိုး မဖြစ်ရအောင် နိုးထမှုဆိုတာကို ခရစ်ယာန်တိုင်း သိသင့်တဲ့ အရာပါ။ ဒါကြောင့် ကျမ်းစာကိုအခြေခံပြီးတော့ ခရစ်ယာန် သမိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ နိုးထခြင်းရဲ့ အဓိပ္ပါယ်နဲ့ ရည်ရွယ်ချက်တွေကို အတူလေ့လာဖို့ ဖိတ်ခေါ်ပါရစေ။ အားလုံးရဲ့ ဝေဖန်၊ အကြံ ပေးမှုတွေကို ကြိုဆိုပါတယ်။

နိုးထခြင်းဝေါဟာရသမိုင်းအကျဉ်း

အင်္ဂလိပ်စကားလုံးဖြစ်တဲ့ Revival (နိုးထခြင်း) ဆိုတာ ပြင်သစ်စကားလုံးဖြစ်တဲ့ “Revivere” မှလာပြီး မူရင်းကတော့ လက်တင်စကားလုံး ဖြစ်တဲ့ Re(နောက်ထပ်) နဲ့ vivere( အသက်ရှင်ဖို့) ကို ပေါင်းစပ်ပြီး ” ပြန်၍အသက်ရှင်လာသည်” လို့ အဓိပ္ပါယ် ရပါတယ်။ ၁၅ ရာစုလောက်မှာစတင်သုံးစွဲခဲ့ကြပါတယ်။ ခရစ်ယာန် သမိုင်းမှာတော့ ပျူရီတန် အမှုတော်ဆောင်( Puritan Minister) ဖြစ်တဲ့ Cotton Mather (1663-1728) က နိုးထခြင်း( Revival) ဆိုတဲ့ စကားလုံးကို ပထမဦးဆုံး စတင်သုံးစွဲခဲ့ဟန်ရှိပြီး “ဘာသာရေးနိုးကြားမှု” လို့ အဓိပ္ပါယ်ဖွင့်ဆိုခဲ့ပါတယ်။

 

ကျမ်းစာနဲ့နိုးထခြင်း ( Bible and Revival)

ဓမ္မဟောင်းကျမ်းက ဟေဗြဲ(Hebrew) စကားလုံးဖြစ်တဲ့ חָוָה( chayah) နဲ့ ‎מִחְיָה(Michyah)ကို ရှင်သန်စေသည် (Revive)၊ ပြည်လည် ရှင်သန်စေခြင်း(Revival)၊ ပြန်ပြီး အသက်ဝင်‌နေသည် (Reviving) လို့ အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ဓမ္မသစ်ကျမ်းမှာတော့ နိုးထခြင်း(Revival) ဆိုတဲ့ စကားလုံးမတွေ့ရပါဘူး။ ဒါပေမယ့် နိုးထမှုရဲ့ အယူအဆနဲ့ သက်ဆိုင်တဲ့ ဂရိစကားလုံးဖြစ်တဲ့ ἀνακαινόω (anakainoo) ကိုတော့ တွေ့ရပါတယ်။ မြန်မာလိုတော့ “အသစ်ပြုပြင်ပြောင်းလဲ” လို့ အဓိပ္ပါယ်ရပြီး (၂ ကော ၄:၁၆၊ ရောမ ၁၂:၂၊

တိတု ၃:၅) တွေမှာ သုံးနှုန်းထားတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျမ်းပညာရှင်များနဲ့ သမိုင်းပညာရှင်များက နိုးထခြင်း(Revival) ရဲ့ ယူဆချက်တွေက ဓမ္မဟောင်းကျမ်းမှ ဘုရားသခင်ရဲ့ လူမျိုးများဖြစ်တဲ့ ဣသရေလ (အစ္စရေး) လူမျိုးတွေရဲ့ အပြစ်ကြောင့်ဖြစ်စေ၊ အုပ်ချုပ်တဲ့ ဘုရင်တွေကြောင့်ဖြစ်စေ ဘုရားသခင်ကို မကိုးကွယ်ဝောာ့ခြင်း၊ နှုတ်ကပတ်တော် မနာခံခြင်း၊ မလိုက်လျှောက်ခြင်းတွေကနေ ပြန်လည် ပြုပြင်ပြောင်းလဲပြီး နောင်တ တရားနဲ့အတူ ဘုရားသခင်အတွက်ကိုအသစ်ပြန်လည် အသက်ရှင်ခြင်းမှ လာတာဖြစ်ကြောင်း ယုံကြည်လက်ခံထားကြပါတယ်။ ဥပမာ။ ။ ရှင်ဘုရင်ယောရှိ ပညတ္တိကျမ်းစကားကိုကြားပြီး နောင်တတရားရရှိပြီး မိမိအဝတ်ကို ဆုတ်ကာ ဘုရားသခင်ရဲ့မျက်နှာတော်ကိုရှာပြီး ယုဒပြည်သူပြည်သားများကို နိုးထမှု(Revival) ဖြစ်စေခဲ့တာ တွေ့ရပါတယ်။ ( ၄ ဓမ္မရာဇဝင် ၂၂:၁- ၂၃:၃၀)

“နိုးထခြင်း” ဝေါဟာရအဓိပ္ပါယ်ဖွင့်ဆိုချက်

နိုးထခြင်း (Revival) ဆိုတာ ပြန်လည်သက်ဝင်နိုးကြားလာခြင်း၊ အားပြန်လည်ကောင်းမွန်လာခြင်း၊ ပြန်လည် အသုံးဝင်လာခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆို ကြပါတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ “ဘာသာရေးအုံကြွ နိုးကြားလာခြင်း” လို့လည်း အဓိပ္ပါယ်ဖွင့်ကြပါတယ်။ ဒီ ဘာသာရေးပြန်လည် ထွန်းကားလာစေဖို့ လှုံ့ဆော်သော သူကိုတော့ Revivalist လို ခေါ်ကြပါတယ်။ ကျမ်းပညာရှင်ဖြစ်တဲ့ J.I Packer ကတော့ “နိုးထခြင်း(Revival) ဆိုတာ အရာရာတိုင်းမှာ ဘုရားသခင်ပေးခဲ့တဲ့ ကျေးဇူးတော်၌သာ အမြဲ မူတည်နိုင်ဖို့ အရှိန်အဟုန်ပြင်းစွာဖြင့် နက်ရှိုင်းတဲ့ အတွင်းနှလုံးသားကို တို့ထိရန် ဘုရားသခင်ကြွလာခြင်းပါ။” လို့အဓိပ္ပါယ် ဖွင့်ဆိုခဲ့ပါတယ်။

Billy Graham ကို အလွှမ်းမိုးဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Stephen F. Olford ကတော့ “နိုးထခြင်း(Revival) ဆိုတာ အမြင့်ဆုံးသော ဘုရားသခင်က အမှားပြန်လည်ကျူးလွန်ကြတဲ့ သူ့ရဲ့လူတွေကို နောင်တတရားရရှိစေပြီး၊ နာခံခြင်းနဲ့ ယုံကြည်ခြင်းတို့နဲ့အတူ ပြန်လည်ပြုပြင်ပေးခြင်း ဖြစ်ကြောင်း” ပြောဆိုခဲ့ပါတယ်။ Charles Finney ကတော့ “နိုးထခြင်း(Revival)ဆိုတာ မှားယွင်းခြင်းများမှ အသင်းတော်ကို ပြန်လာခြင်း နဲ့ အပြစ်သားများရဲ့ ပြောင်းလဲမှုဖြစ်တယ်” လို့ဆိုပါတယ်။ ဒါကြောင့် နိုးထခြင်း(Revival) ဆိုတာ ဘုရားသခင်ဘက်သို့ ‌ပြန်လည် ခြေဦးလှည့်ခြင်း ဖြစ်ပြီး အလိုတော်အတိုင်း လိုက်လျှောက် အသက်ရှင်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် တစ်ဦးချင်း ပြု ပြင်ပြောင်းလဲခြင်းဖြစ်ပြီး နောက်မှ မိသားစု၊ အသင်းတော်၊ လူမျိုးတို့ကို အလိုဝောာ်နဲ့ အညီ ပြုပြင် ပြောင်းလဲခြင်း ဖြစ်ပါတယ်။

နိုးထခြင်းရဲ့သမိုင်း (History Of Revival)

နိုးထခြင်း(Revival) ဆိုတာ Pietism လို့ခေါ်တဲ့ လွန်စွာဘာသာတရား ကိုင်းရှိုင်းသည့် ဝါဒမှစတင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီ ဝါဒကို ၁၇ ရာစုမှာ ဂျာမနီနိုင်ငံမှာရှိတဲ့ Lutheran အသင်းဝောာ်မှ ကျမ်းတတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Philipp Spener ကစတင်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။ Pietism ဝါဒရဲ့ ရည်ရွယ်ချက်က တစ်ဦးချင်းစီ မှန်ကန်တဲ့ ခရစ်ယာန်အသက်တာဖြင့် အသက်ရှင်ဖို့ အဓိကဖြစ်ပြီး ကျမ်းစာသွန်သင်‌ပေးခြင်း၊ ဆုတောင်းခြင်း တို့ကို ဦးစားပေးလုပ်ဆောင်ရပါတယ်။ Philipp Spener က ၁၆၇၀ ခုနှစ်မှာ Collegia Pietatis အဖွဲ့စတင်ခဲ့ပြီး အိမ်မှာကျမ်းစာသင်ယူခြင်း( Bible Study) နဲ့ ဆုတောင်းခြင်းကို စတင်ဦး‌ဆောင်ခဲ့ပါတယ်။ Spener က သူ့ရဲ့မိခင်အသင်းတော်ဖြစ်တဲ့ Lutheranမှ အမှုတော်ဆောင်များကို ကျမ်းစာကိုမှန်ကန်စွာ ပိုင်းခြားဖို့ ကျမ်းပညာရပ်များကို စနစ်တကျ သင်ယူဖို့နဲ့ ကျမ်းစာကို လက်တွေ့လိုက်နာ ကျင့်သုံးဖို့ အမြဲလိုလို တိုက်တွန်းခဲ့သူ ဖြစ်ပါတယ်။ ၁၆၉၁ ခုနှစ်နောက်ပိုင်းမှာတော့ Pietism လှုပ်ရှားမှုကြီးက Lutheran အသင်းတော်များအတွင်း သာမက Protestants အသင်းတော်များကိုလည်း အကျိုးသက်ရောက်မှု များစွာ ရှိစေခဲ့ပါတယ်။ ဂျာမနီနိုင်ငံမှ ဥရောပတိုက်နဲ့ အမေရိက အထိကို ပျံ့နှံ့သွားခဲ့ပါတယ်။

နိုးထခြင်း(Revival) ဆိုတာ ကျွန်တော်တို့ ထင်သလို လူအများကြီးကနေ စတင်ခဲ့တာ မဟုတ်ပါဘူး။ August Francke( 1663-1727) က အုပ်စုဖွဲ့ကာ ကျမ်းစာလေ့လာခြင်း( Bible Study)ကို Leipzig တက္ကသိုလ်မှာ စတင်ပြီး နိုးထခြင်းကိုဦးဆောင်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အခြားတက္ကသိုလ်များကို နိုးထမှုဖြစ်စေပြီး ကျမ်းစာကို ကောင်းမွန်စွာ လေ့လာခဲ့ကြပါတယ်။ Halle တက္ကသိုလ်ကတော့ Pietism နိုးထမှုကို အဓိက မွေးထုတ်ပေးတဲ့ ကျောင်းတော်ကြီး ဖြစ်ခဲ့ပါတယ်။ India နိုင်ငံကို သာသနာပြုခဲ့ပြီး လူပေါင်း ၃၅၀ ဦးပြောင်းလဲ စေခဲ့ပြီး၊ Tamil Grammar ကို ရေးသားပြုစုခဲ့တဲ့ Bartholomew Ziegenbalg( 1682- 1719) လည်း Halle တက္ကသိုလ်မှ မွေးဖွားပေးလိုက်တဲ့ ကျောင်းသားဖြစ်ပါတယ်။

ဒီနိုးထခြင်းမှ ၁၇၄၂ ခုနှစ်မှာတော့ Moravian အသင်းတော်ကို မွေးဖွားခဲ့ပြီး သာသနာပြု ၁၇၅ ဦးကို နိုင်ငံပေါင်းစုံ ကို စေလွှတ်ခဲ့ကြပါတယ်။ ဒီ အသင်းတော်ကို Count Nicolas von Zinendorf (1700- 1760) က ဦးဆောင်ခဲ့ပါတယ်။ ၂၄ နာရီကြာ ဆုတောင်းခြင်း အစီအစဉ်နဲ့ ကျမ်းစာလေ့လာခြင်းတို့ကို မရပ်မနား ပြုလုပ်ခဲ့ပြီး နှစ်ပေါင်းတစ်ရာကြာသည်အထိ နိုးထမှု ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ဒီသေးငယ်တဲ့ အဖွဲ့အစည်းလေးက နှစ်ပေါင်း ၆၅ နှစ်ကြာပြီးနောက် သာသာနာပြုပေါင်း ၃၀၀ ကျော်ထပ်မံစေလွှတ်ခဲ့ပြီး အင်္ဂလန် နဲ့ အမေရိက တို့မှာ ကြီးမားစွာ နိုးထမှုဖြစ်စေခဲ့ပါတယ်။

အင်္ဂလန်မှာ Anglican အသင်းဝောာ်ရဲ့ အမှုတော်ဆောင် လူငယ်လေးဖြစ်တဲ့ Griffith Jones ( Morning Star of Revival) က (၁၀)နှစ်ကျော် နိုးထမှုအတွက် တရားဟောတိုက်ပွဲဝင်ခဲ့ပြီး ကျမ်းစာ လေ့လာသင်ကြားပေးခဲ့ကာ တစ်ပည့်ပေါင်း ၁၅၀,၀၀၀ ဦး မွေးထုတ်ပေးခဲ့ပြီး နိုးထမှုကို အရှိန်အဟုန်ပြင်းစွာဖြင့် ပြန်နှံ့စေခဲ့ပါတယ်။ ၁၇၂၇ ခုနှစ်မှာတော့ Princeton တက္ကသိုလ်တည်ထောင်ခဲ့တဲ့ William Tennent ရဲ့သားဖြစ်သူ Gilbert Tennent ( Presbyterian အသင်းဝောာ်) မှ အမေရိကကိုကြီးမားစွာ ပထမနိုးထစေခဲ့ပါတယ်။ ၁၇၃၄ ခုနှစ်မှာ Jonathan Edwards ဦးဆောင်မှုဖြင့် နှစ်ခြင်းအသင်းတော်များနဲ့ အခြားပြည်နယ် များစွာမှာ နိုးထမှုတွေဖြစ်ခဲ့ပြီးနောက် ဓမ္မပညာ ရှင်များစွာ ကိုယ်တိုင်မွေးထုတ်ပေးခဲ့ပါတယ်။ ဓမ္မအတွေးအခေါ်(Theology)ပညာ ရပ်များစွာ တည်ဆောက်ပေးခဲ့ပြီး၊ ကျမ်းစာ လေ့လာနည်းများစွာ သင်ကြားပေးခဲ့ပါတယ်။ သူရဲ့လူသိများတဲ့ ဓမ္မအတွေးအခေါ် ကတော့ ( New England Theology) ဖြစ်ပြီး အမေရိကန်သမိုင်းမှာ အရေးကြီးဆုံး ဓမ္မအတွေးအခေါ် ပညာရှင်အဖြစ် မှတ်တမ်းတင်ခံသူလည်း ဖြစ်ပါတယ်။ စာအုပ်များစွာရေးသားခဲ့ပြီး ယနေ့ချိန်ထိ သူ့စာအုပ်များက သာသနာ့လုပ်ငန်းနဲ့ မြောက်များစွာသော ဓမ္မပညာရှင်များ၊ အမှုတော်များနဲ့ ယုံကြည်သူများကို လွှမ်းမိုးနေဆဲပါ။

John Wesley (1703-1791) နဲ့ အတူ ညီဖြစ်တဲ့ Charles Wesley (1707-1788) တို့က Holy Club ဆိုပြီးတော့ Oxford တက္ကသိုလ်မှာ ကျမ်းစာလေ့လာ( Bible Study) ဖို့ စတင်ဖွဲ့စည်းခဲ့ကြပါတယ်။ George Whitefield လာပါဝင်ခဲ့ပြီး နာမည်‌ပြောင်ဖြင့် Methodists လို့ခေါ်ဆိုခဲ့ကြပါတယ်။ အကြောင်းကတော့ နည်းစနစ်တကျကျမ်းစာလေ့လာမှု (Methodical Bible Study)ကြောင့် Methodists လို့ခေါ်ကြခြင်း ဖြစ်ပါတယ်။ John Wesley က အင်္ဂလန် သမိုင်းကို ပြောင်းလဲစေခဲ့တဲ့ Revivalist တရားဟောဆရာ ဖြစ်တဲ့အပြင် (၁၈)ရာစုရဲ့ နိုးထမှုပိုင်ရှင်အဖြစ် တင်စား ခေါ်ဝေါ်တတ်ကြပါတယ်။ ခြေလျင်ဖြင့် ခရီးသွား တရားဟောတဲ့အပြင်ကို မြင်းဖြင့် မိုင်ပေါင်း ၂၅၀,၀၀၀ ကျော်ခရီးနှင်ပြီးလည်း တရား‌ဟောခဲ့သူပါ။ တရားဒေသနာပေါင်း (၄၀,၀၀၀) ကျော်ဟောပြောပြီး၊ စာအုပ်ပေါင်း ၂၃၃ အုပ်ရေးသားခဲ့ပါတယ်။ မြောက်များစွာသော ဂျာနယ် ( Journals) အတွဲများနဲ့ ကျမ်းစာတစ်အုပ် လုံး ရှင်းလင်းချက်(Commentary) ကိုလည်း ရေးသားထုတ်ဝေခဲ့ပါတယ်။ အင်္ဂလန်မှာတရားဟောဆရာ ၇၅၀ ဦး၊ Methodists ပေါင်း ၇၆,၉၆၈ ဦး နဲ့ အမေရိကန်မှာ တရားဟောဆရာ ၃၅၀ ဦး၊ Methodists ပေါင်း ၅၇,၆၂၁ ဦးကိုချန်ထား ခဲ့နိုင်ပါတယ်။ ဒါ့အပြင် သူ့ညီအရင်းဖြစ်တဲ့ Charles အတူ Hymns သီချင်း စုစုပေါင်း ၉,၀၀၀ ရေးသားခဲ့ပြီး ဒီခေတ်ဒီချိန်ထိ အသင်းတော်များတွင် သီဆိုချီးမွမ်းနေကြတုန်းပါ။

John Wesley ရဲ့ခေတ်ပြိုင်ဖြစ်ခဲ့တဲ့ George Whitefield (1714-1770) ကိုဝောာ့ နိုးထမှုကို လောင်ကျွမ်းစေသူလို့လည်း ပြောစမှတ်ပြုကြပါတယ်။ အင်္ဂလန်၊ စကော့တလန်နဲ့ ဝေလ်(Wales) နိုင်ငံတွေမှာ Whitefield တရားမပြောတဲ့ ရွာမရှိသ‌လောက်ပါပဲ။ သူဟာ တရားဒေသနာပေါင်း ၁၈,၀၀၀ ခန့်ဟောပြောခဲ့သူဖြစ်ပြီး ၁၇၄၂ ခုနှစ် သူဟောခဲ့ Cambuslang နိုးထမှုမှာ လူပေါင်း သုံးထောင်ကျော် တက်ရောက်ပြီး အပြစ်နောင်တများနဲ့ အတူငိုကြွေးခဲ့ကြကာ အသက်တာပြောင်းလဲမှု များစွာဖြစ်ခဲ့ပါတယ်။

၁၈၅၀ ခုနှစ်မှာ D.L.Moody ( 1837-1899) က လမ်းဘေးနေတဲ့ ကလေးတွေအတွက် ကျမ်းစာလေ့လာခြင်း( Bible Study ) စတင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်း ကျမ်းစာလေ့လာသူနဲ့ တရားနာသူများလာပြီး သမ္မတ Abraham Lincoln တက်ရောက်တဲ့အထိ နိုးထမှုဖြစ်ခဲ့ပါတယ်။ Moody က လူသန်းပေါင်း ၁၀၀,၀၀၀ ဦးကို တရားဒေသနာ ဟောပြောခဲ့ပြီး Moody အသင်းတော်နဲ့ Moody Institute ကျောင်းတော်ကြီးကိုလည်း တည် ထောင်ခဲ့ပါတယ်။ နောက်ပြီး Billy Sunday နဲ့ Billy Graham တို့ရဲ့နိုးထခြင်း တရားပွဲမှ သန်းပေါင်းများစွာ အသက်တာပြောင်းလဲခဲ့ကြပါတယ်။ ၁၉ ရာစုမှာ ဖြစ်ခဲ့တဲ့ နိုးထမှုတွေကတော့ ဝေလ် နိုးထမှု(၁၉၀၄-၁၉၀၅)၊ Azusa လမ်းမ နိုးထမှု(၁၉၀၆)၊ Bolokole နိုးထမှု (၁၉၃၀)၊ Jesus People နိုးထမှု(၁၉၇၀)၊ Bario နိုးထမှု(၁၉၇၁)၊ Chile နိုးထမှု(၁၉၀၉) တို့ဖြစ်ပြီး ယနေ့အချိန်ထိ ကမ္ဘာ့နေရာဒေသများစွာမှာ Catholic အပါအဝင် အသင်းတော်များစွာ နိုးထခြင်းတွေ ဆက်လက်ဖြစ်ပွားလျက် ရှိပါတယ်။ ၁၇,၁၈,၁၉ ရာစုတွေရဲ့ နိုးထမှုက ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းတွေမှာ ဝိညာဉ်တော် စတင်လှုပ်ရှားခြင်းမှ စတင်ပြီး ကမ္ဘာ့ဒေ သများစွာကို နိုထစေခဲ့ပါတယ်။ ဒါ့အပြင် ဓမ္မ တက္ကသိုလ်ကျောင်းများစွာလည်း တည်ထောင်နိုင်ခဲ့ကြပါတယ်။

နိုးထခြင်းရဲ့ရည်ရွယ်ချက်

ကျမ်းစာနဲ့ အသင်းတော်သမိုင်းကိုလေ့လာခြင်းအားဖြင့် သိလာတဲ့ နိုးထခြင်း(Revival)ရဲ့ရည်ရွယ်ချက်ကတော့ ဘုရားသခင်ထံတော်ကို နောင်တရပြီး ပြန်လည်ဦးလှည့်ဖို့အတွက် ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဘုရားသခင်နဲ့ ဝေးကွာနေပြီးတော့ အဆက်ပြတ်တဲ့ သူက ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုပြန်လည် သတိရပြီး အမှားကိုသိ၊ အမှန်ပြင်ကာ နောင်တများနဲ့ ပြန်လည်တိုးဝင်ပြီးနောက် ထိုဘုရားနဲ့ပြန်လည်အဆက်အသွယ်ရပြီး မိဿဟာရ (Fellowship) ဖွဲ့ခွင့်ရရှိခြင်းသာဖြစ်ပါတယ်။ ဝိညာဉ်ရေးရာမှာ အားနည်းသောသူက ဝိညာဉ်ခွန်အားသစ်ဖြင့် ပြန်လည်သက်ဝင် နိုးထခြင်းဖြစ်ပါတယ်။

ဓမ္မဟောင်းရဲ့ နိုးထခြင်းကိုကြည့်ရင် ပညတ်တော်ကို ပြန်‌လည်သတိရပြီး ပညတ်တရားအတိုင်း အသက်ရှင်ခြင်းဖြစ်ပါတယ်။ ခရစ်ယာန်သမိုင်းမှာ နိုးထခြင်းသဘောသဘာဝက ကျမ်းစာသို့ ပြန်လှည့်ခြင်း( Back to the Bible) ဖြစ်ပြီး ထိုကျမ်းစာသိခြင်းမှ မိမိအသက်တာမှာ ပြန်လည် နိုးထမှုလိုအပ်ကြောင်းကို သိစေတာပါ။ နိုးထခြင်းက ကျမ်းစာလေ့လာခြင်း( Bible Study) နဲ့ ဆုတောင်းခြင်း (Praying) မှ စတင်ခဲ့ကြတာပါ။ ဒီ‌ခေတ်မှာတော့ “နိုးထခြင်း” လို့ ခေါင်းစဉ်တပ်ပြီးအစီအစဉ်တွေမှာ ခုန်ပေါက်ချီးမွမ်းနေကြတာ ကို နိုးထနေတယ်လို ထင်မှတ်နေတဲ့ သူတွေအများကြီးရှိပါတယ်။ တစ်ချို့ဆိုရင် ဘာလို့ ခုန်ပေါက်နေမှန်းတောင် မသိကြပါဘူး။ အဲလိုပြောလို့ ခုန်ပေါက်ချီးမွမ်းခြင်းက မကောင်းဘူး၊ မလိုအပ်ဘူးလို့ ဆိုလိုခြင်း မဟုတ်ပါဘူး။ ခုန်ပေါက်ကခုန်ခြင်းက နိုးထခြင်းမဟုတ်သလို တိတ်ဆိတ်စွာ ချီးမွမ်းခြင်းလည်း နိုးထခြင်းမဟုတ်ပါဘူး။  နောက်တစ်ခု နိုးထခြင်းရဲ့ ရည်ရွယ်ချက်က သတင်းကောင်း( Gospel)ကို လူတိုင်းသိစေဖို့ဖြစ်ပြီး ထိုသတင်းကောင်း( Gospel) ကလည်း နောင်တ( Repentance)နဲ့အမြဲ ယှဉ်တွဲပါတယ်။ ပြောချင်တာက ဘုရားသခင်ရဲ့နိုင်ငံတော် ကျယ်ဝန်းပြီး သူ့ဘုန်းတော်ထင်ရှားစေဖို့ ဖြစ်ပါတယ်။

နိဂုံးချုပ်မှာပြောချင်တာက “စစ်မှန်တဲ့နိုးထခြင်း” ဆိုတာ သမ္မာတရားသို့ ပြန်လာခြင်း၊ သမ္မာတရား ဆာငတ်တဲ့ နှလုံးသားရှိခြင်း၊ သမ္မာတရားကို နာခံခြင်း၊ သမ္မာတရားကို မှန်ကန်စွာ ဝေဖန်ပိုင်းခြားပြီး ဟောပြောဝေငှခြင်း၊ ပျောက်ဆုံးသော ဝိညာဉ်ကို ချစ်ခြင်း၊ ဆုတောင်းခြင်းတို့ကိုဖြစ်ပေါ်စေတဲ့ အပြင် အတွင်းနှလုံးသားမှ ပြောင်း လဲပြီး အသစ်သောအသက်တာကို မွေးဖွားစေပါတယ်။ မိမိရဲ့အသက်တာ၊ မိသားစု၊ လူမျိုး၊ အသင်းတော်မှာ ဒီအရာတွေ မရှိရင်တော့ နိုးထဖို့ စတင်ဆုတောင်းဖို့လိုပါတယ်။ ကျမ်းစာကိုလေ့လာခြင်း၊ ဆုတောင်းခြင်းများမှ ဘဝများစွာ နိုးထနိုင်ကြပါစေ။

 

မေတ္တာဖြင့်
 ရှိုင်းကိုကိုလင်း (SLT)

 

ကိုးကား

Christianity Through the Centuries Hardcover – 
by Earle E. Cairns

What is Revival? by C.H. Spurgeon

Oxford Dictionary of English Etymology

ရှေ့ဆောင် အဘိဓာန် by ဦးလွင်ဦး

ESV Study Bible

The Old Testament Concept of Revival within the New Testament by Ervin (Kairos- Evangelical Journal of Theology)

The Important of Revival by Tony Cauchi

We need Theology of Revival by Darryl Dash