Skip to content
ဧဖက်သြဝါဒစာ အခန်းကြီး ၅ အငယ် ၂၂ မှ ၃၃ အထိဟာ ယုံကြည်သူများ၏ “လက်ထပ်ခြင်း” ကို သေချာစွာ ဖော်ပြထားပါတယ်။“လက်ထပ်ခြင်း”ရဲ့ အနှစ်သာရ အဓိပ္ပာယ်နဲ့ ၎င်းဟာ သမ္မာတရားနဲ့အညီ ဘယ်လိုမျိုးဖြစ်တယ်ဆိုတာကိုပါ ဖော်ပြထားပါတယ်။
အရင်ဆုံးပြောချင်တာက “လက်ထပ်ခြင်း”ဆိုတဲ့အရာကို ဖန်တီးသူဟာ ဘုရားသခင် ကိုယ်တော်တိုင် ပဲဖြစ်ပါတယ်။ အဖဘုရားဟာ အသင်းတော်အတွက် သူရဲ့အကြံအစည်တော်ကို ဖွင့်မပြခင် ဇနီးမောင်နှံနှစ်ဦး အတွက် သူ့ရဲ့အကြံအစည်တော်ကို အရင်ဆုံး ဖွင့်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဇနီးမောင်နှံ နှစ်ဦးအတွက် ဘုရားရဲ့ အကြံအစည်တော်ဟာ အသင်းတော်အတွက်ထားရှိတဲ့ သူ့ရဲ့ အကြံအစည်တော်ကို ပုံဖော်ပေးနေတဲ့ အနှစ်သာရနဲ့ ပြည့်ဝတဲ့ အရာမို့လို့ပဲ ဖြစ်ပါတယ်။ ဘုရားသခင်က ကမ္ဘာဦးကျမ်းထဲမှာ ပထမဆုံး လင်မယားစုံတွဲ ဖြစ်တဲ့ အာဒံနဲ့ ဧ၀ (ယောက်ျား နဲ့ သူ့ရဲ့မိန်းမ) အကြောင်းကိုဖွင့်ပြခဲ့တဲ့ အရာဟာ “အသင်းတော်” က သူ့အတွက် ဘယ်လောက် နေရာ အနေအထားမှာ ရှိနေသလဲ ဆိုတဲ့ ပုံဆောင်ချက်ပဲ ဖြစ်ပါတယ်။
 
အခန်းငယ် ၂၂ ကနေ ဆက်လက်ဖတ်ရှုသွားမယ်ဆိုရင် ဇနီးမောင်နှံ နှစ်ဦးစလုံးကို အလှည့်ကျ သွန်သင်ထားတာတွေ့ရပါတယ်။ မိန်းမတို့သည် မိမိ ခင်ပွန်းရဲ့ အုပ်စိုးခြင်းကို ဝန်ခံရမယ်၊ ယောက်ျား တို့က ကိုယ်ခင်ပွန်းကို ချစ်ရမယ် စသဖြင့် တွေ့ရပါသည်။ အဲလိုမျိုးသွန်သင်တဲ့ စကားလုံးတိုင်းမှာ ယောက်ျား (ဦးခေါင်းနေရာ ခရစ်တော်) နဲ့ မိန်းမ (ကိုယ်ခန္ဓာ အဖြစ် အသင်းတော်) ကို သေချာစွာ ချိတ်ဆက် နှိုင်းယှဉ်ပြောထားတာကို တွေ့ရတယ်။ မိန်းမက မိမိရဲ့ခင်ပွန်းယောက်ျားရဲ့ အုပ်စိုးခြင်းကို ဝန်ခံရမယ်လို့ဆိုတဲ့အခါ အသင်းတော်က ခရစ်တော်ရဲ့ အုပ်စိုးခြင်းကို ဝန်ခံသကဲ့သို့ ဆိုတဲ့ အတိုင်းအတာအထိဖြစ်ပြီး ယောက်ျားက ဇနီးကို ချစ်ပါလို့ ဆိုတဲ့ အခါ ခရစ်တော်က သူ့ရဲ့ အသင်းတော်ကို အသက်ပေးပြီး ချစ်သကဲ့သို့ ဆိုတဲ့ အတိုင်းအတာနဲ့ နှိုင်းယှဉ်ပြီး တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဒါကိုဆင်ခြင်ကြည့်ခြင်းအားဖြင့် လူယောက်ျား၊ မိန်းမ ဇနီးခင်ပွန်းကြား အပြန်အလှန်ထားရှိရမယ့် အရာတွေအားဖြင့် ပို၍ နက်နဲတဲ့၊ မမြင်နိုင်တဲ့ သန့်ရှင်းတဲ့ အရာတစ်ခုကို ညွှန်ပြနေခြင်းပဲဖြစ်ပါတယ်။
 
အခန်းငယ် ၃၂ ရောက်တဲ့ အခါမှာတော့ ကျွန်တော်တို့ ဟာ “လက်ထပ်ခြင်း” ရဲ့ နက်နဲတဲ့အပိုင်း ဖြစ်တဲ့ ဘယ်အရာကို ပုံဖော်ပေးနေသလဲဆိုတာကို သိရပါတယ်။ “ဤအရာသည် အလွန်နက်နဲသောအရာဖြစ်ပေ၏။ ထိုသို့ငါဆိုသော် ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း”။ နှုတ်ကပတ်တော်ဟာ အခုဆိုရင်တော့ လက်ထပ်ထားတဲ့ ဇနီးခင်ပွန်း တွေကိုပဲ ပြောနေတာမဟုတ်တော့ပါဘူး။ ပထမအစပျိုးပြီးပြောလာခဲ့တဲ့ လက်ထပ်ခြင်း၊ ဇနီးခင်ပွန်း အပြန်အလှန် ကျင့်ကြံရမယ့် အရာတွေအားလုံးဟာ လက်ထပ်ခြင်းအတွက် တကယ့် ဘုရားရဲ့ အကြံအစည် တော်ဖြစ်တဲ့ ခရစ်တော်နဲ့ အသင်းတော်ရဲ့ ဆက်နွယ်မှုကို ပုံဖော်ပြပေးနေခြင်း ပဲဖြစ်ပါတယ်။ 
ဒီလိုဆိုရင်တော့ လက်ထပ်ခြင်းဆိုတာကို ကျွန်တော်တို့ဟာ ကမ္ဘာဦးကနေအစပြုပြီး လေ့လာရမှာဖြစ်တယ်။
ပထမဆုံးအနေနဲ့ ဘုရားသခင်ရဲ့ ပုံသဏ္ဍာန်တော်နဲ့ အညီ ဖန်ဆင်းခဲ့တဲ့ ပထမဆုံး လူသားဖြစ်တဲ့ အာဒံကနေ အစပြုရမှာဖြစ်ပါတယ်။ တစ်ဆူတည်းသော ဘုရား ဟာ မိမိရဲ့ ပုံသဏ္ဍာန်နဲ့ တူတဲ့ တစ်ယောက်တည်းသော လူသား အာဒံကို ကမ္ဘာပေါ်မှာ ဖန်ဆင်းခဲ့ပါတယ်။ အထီးအမ သဘာ၀ (၂) မျိုးစလုံး ပါရှိတဲ့ တစ်ဦးတည်းသော လူသား အာဒံဟာ သူ့ရဲ့ဖန်ဆင်းရှင်ကဲ့သို့ ပြည့်စုံတဲ့လူသား တစ်ယောက်ဖြစ်ခဲ့ပြီး၊ လက်ရှိကျွန်တော်တို့ လူသားတွေနဲ့ လုံးဝမတူပါဘူး၊ ဘာဖြစ်လို့လဲဆိုရင် သူဟာ ပထမဦးဆုံးဖန်ဆင်းခြင်း (သို့) တိုက်ရိုက်ဖန်ဆင်ခြင်း (First step of creation or direct creation) ကနေ ဖြစ်လာလို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ ဒုတိယအဆင့် ဖန်ဆင်းခြင်း (သို့) သွယ်ဝိုက်ဖန်ဆင်းခြင်း (သို့) အမိဝမ်းမှ မွေးဖွားခြင်း(second step of creation or indirect creation ; giving birth from womb) ကနေ ဖြစ်ပါတယ်။ အာဒံရဲ့ အထဲမှာ အထီးအမ သဘာ၀ (၂) ခုစလုံးပါရှိပါတယ်။ ဘယ်လိုပုံစံပါလဲ ဆိုတာတော့ ကျမ်းစာက အတိအကျမပြောထားပါဘူး။
 
သေချာတာတစ်ခုကတော့ “အာဒံ” ဟာ သူ့ရဲ့ ဖန်ဆင်းရှင် ဘုရားနဲ့ တော့ သဏ္ဍာန်တူတယ်ဆိုတာပါပဲ။ ဘုရားဟာ လူတွေနဲ့ ဆက်ဆံတဲ့အခါ ကိုယ်တော်ကိုယ်တိုင်က ဖခင်ကဲ့သို့ ဆက်ဆံသလို မိခင် ကဲ့သို့လည်း ဆက်ဆံပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရားဟာ “ယောက်ျား (တနည်း) အထီး” ဖြစ်တယ်လို့ ပြောလို့မရသလို “မိန်းမ (တနည်း) အမ” ဖြစ်တယ်လို့လည်း ပြောလို့မရပါဘူး။ အကြောင်းကတော့ “လိင်”အားဖြင့် ယောက်ျားဖြစ်ခြင်း မိန်းမဖြစ်ခြင်း ဟာ “ပြီးပြည့်စုံခြင်း” ဆိုတဲ့ “ဖြစ်ခြင်း” ကို ငြင်းပယ်နေလို့ပဲဖြစ်ပါတယ်။
 
“တစ်စုံတစ်ယောက်ဟာ မိန်းမမဟုတ်ဘဲယောက်ျားဖြစ်ပြီး တစ်စုံတစ်ယောက်ဟာ ယောက်ျားမဟုတ်ဘဲ မိန်းမဖြစ်နေခြင်း”ဟာ တစ်ယောက်စီက ကျန်တစ်ယောက်မပါဘဲနဲ့ မပြည့်စုံနိုင်ဘူး ဆိုတာကို ဖော်ပြနေခြင်းပဲဖြစ်ပါတယ်။ ဘုရားသခင် ဆိုတဲ့ ပုဂ္ဂိုလ်တော်ဟာ သူ့ ရဲ့ဖြစ်တည်ခြင်းကိုယ်၌က ပြီးပြည့်စုံပြီးသားဖြစ်ပါတယ်။ ထိုဘုရား ပြည့်စုံဖို့အတွက် အခြားပြင်ပကနေ နောက်ထပ် တစ်စုံတစ်ခုဖြစ်စေ၊ တစ်စုံတစ်ဦးဖြစ်စေ မလိုအပ်ပါဘူး။
အလုံးစုံသော ဖန်ဆင်းဖို့လိုအပ်တဲ့ အရာအားလုံးဟာ သူရဲ့ဖြစ်တည်ခြင်းသက်သက်ထဲမှာ ရှိထားပြီးဖြစ်ပါတယ်။ အလွယ်ပြောရရင် ဘုရားဟာ ကလေးတစ်ယောက်ကို ဖန်ဆင်းဖို့ ဘုရားအမ တစ်ပါး မလိုပါဘူး။ သူဟာ သူကိုယ်တိုင်ထဲကပဲ လူသား အာဒံကို သူရဲ့ ပြည့်စုံခြင်းထဲကနေ သူ့ရဲ့ပြီးပြည့်စုံတဲ့ ပုံသဏ္ဍာန် နဲ့ အညီ ဖန်ဆင်းပေးလိုက်တဲ့အခါ ထိုလူသားအာဒံဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ဘယ်လူသားနဲ့မှ မတူတဲ့ တိုက်ရိုက်ဖန်ဆင်းခြင်းရဲ့စွမ်းရည်နှင့် ပြည့်စုံ ခြင်းကို ပိုင်ဆိုင်ထားတာ ပဲဖြစ်ပါတယ်။ အာဒံဟာ အဲဒီပုံစံနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ ကမ္ဘာပေါ်မှာ တစ်ယောက်တည်း ရှိနေခဲ့ပါတယ်။ ဘယ်လောက်ကြာခဲ့လဲ ဘယ်သူမှ မသိပါဘူး။ သေချာတာတော့ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ မြေတိရိစ္ဆာန်တွေ ၊ ကောင်းကင်ငှက်တွေ အကုန်လုံး သူ့ဆီကို ရောက်လာပြီး တစ်ကောင်ချင်း စီကို သူတစ်ယောက်တည်း နာမည်ပေးခဲ့တယ်။ ဘယ်လောက်ကြာလဲ ဘယ်သူမှ မသိပါဘူး။ အဲဒီအချိန်အထိ အာဒံနဲ့ တော်တဲ့ (သင့်တော်တဲ့) အထောက်အမ မရှိခဲ့ပါဘူး။ အဲဒီမှာ ဘုရားက အာဒံဟာ တစ်ယောက်တည်း ရှိနေတာ မကောင်းဘူးလို့ ဆိုပြီး သင့်တော်မယ့် အထောက်အမ ကို လုပ်ပေးဖို့ကြံစည်တော်မူခဲ့ပါတယ်။
အဲလို ဘုရားက အာဒံအတွက် အထောက်အမ လုပ်ပေးဖို့ ကြံစည်တဲ့အခါ အာဒံကို လုပ်ခဲ့သလိုမျိုး မြေမှုန့်ကိုယူပြီး အာဒံ နောက်ထပ်တစ်ယောက် မဖန်ဆင်းခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြီးပြည့်စုံ တဲ့ ဘုရားရဲ့ သဏ္ဍန်တော်နဲ့အညီ ဖန်ဆင်းခံထားရတဲ့ အာဒံဟာ ပြီးပြည့်စုံပြီးသားဖြစ်နေလို့ သူ့အတွက် သူမဟုတ်တဲ့တစ်ခြားပြင်ပကနေလာတဲ့ အထောက်အမ တစ်စုံတစ်ခုကိုမှ မလိုသော ကြောင့်ပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဘုရားက အာဒံကို အိပ်စေပြီး အာဒံရဲ့ အထဲမှာနဂိုကတည်းက ရှိနေပြီးသားဖြစ်တဲ့ အာဒံရဲ့နံရိုးတစ်ချောင်းကို ထုတ်ယူလိုက်ပါတယ်။ အဲလိုထုတ်ယူလိုက်ခြင်းအားဖြင့် အာဒံရဲ့ “တစ်ဦးတည်းအားဖြင့် ပြီးပြည့်စုံနေခြင်းဆိုတာဟာ”အဆုံးသတ်သွားပြီး အထောက်အမနှင့် ပေါင်းစည်းခြင်းအားဖြင့် ပြီးပြည့်စုံခြင်းကို စတင်ခံစားသိရှိခဲ့ပါတယ်။ အာဒံဟာ သူ့ရဲ့ နဂိုမူလ ပြီးပြည့်စုံခြင်းကို ထိုနံရိုးနဲ့ ပေါင်းစည်းမှသာ ပြန်လည် ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုနံရိုးအားဖြင့် လူမိန်းမကို ဖန်ဆင်းတော်မူတဲ့ အခါ မှာ လိင်ကွဲခြင်း (ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း) သီးသန့်ဖြစ်သွားပြီး လူ လင်မယားအဖြစ် ဘုရားရှေ့တွင် ထမ်းပိုးတင်ကာ လက်ထပ်ခြင်း ပဋ္ဋိညာဉ်စတင်ခဲ့ပါသည်။ အာဒံဟာ ဧဝကိုကြည့်လိုက်တိုင်း သူရဲ့ခန္ဓာကိုယ်ကို သူပြန်မြင်နေရသလို ဧဝဟာလည်း အာဒံကိုကြည့်လိုက်တိုင်း သူမရဲ့ ဖြစ်တည်မှု အရင်းအမြစ်ကို မြင်နေရမှာဖြစ်ပါတယ်။ ယောက်ျားဟာ မိမိရဲ့ ဇနီးမယားကို ချစ်ခင်ကြင်နာ၊ တန်ဖိုးထား၊ ဂရုစိုက်ရတဲ့ အဓိက အကြောင်းပြချက်တစ်ခုကတော့ သူမဟာ သူ့ရဲ့ခန္ဓာကိုယ်ဖြစ်နေလို့ပဲဖြစ်ပါတယ်။“ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည် ” “ထို သူနှစ်ဦးဟာ တစ်ဦးတည်း ဖြစ်ရမည်ဆိုတဲ့ အဓိကအကြောင်းအရင်းကတော့ သူတို့ နှစ်ဦးဟာ အရင်ကတည်းက တစ်ဦးတည်း ဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။”
 
ထိုနည်းတူ ခရစ်တော်နဲ့ အသင်းတော်ရဲ့ ပြန်လည်ပေါင်းစည်းခြင်းသည်လည်း တူညီတဲ့ အကြောင်းအရင်းရှိပါတယ်။ အဲဒါကတော့ အသင်းတော် (ယုံကြည်သူများ) ဟာ ရှေးမဆွကတည်းက ခရစ်တော်ထဲမှာ ရွေးကောက်တော်မှုခြင်းခံထားရခဲ့ပြီး ကိုယ်တော့်အထဲမှာ ရှိနှင့်နေခဲ့ပြီး ဖြစ်လို့ပဲဖြစ်ပါတယ်။
“ဤကမ္ဘာမတည်မရှိမီ ငါတို့ကို ခရစ်တော်၌ ရွေးကောက်တော်မူသည်နှင့်အညီ” (ဧဖက် ၁ : ၄)
တမန်တော်ကြီးရှင်ပေါလုဟာ ခရစ်တော်နဲ့ အသင်းတော်ရဲ့ နက်နဲတဲ့အရာကို စတင်ပြီး သင်ပေးတဲ့ အခါမှ “လက်ထပ်ခြင်း” အကြောင်းကနေ အစပြုခဲ့ပါတယ်။ မိန်းမဟာ သူမ လင်ယောက်ျားရဲ့အုပ်စိုးခြင်းကို ဝန်ခံရမယ်၊ တစ်ခြားယောက်ျားတွေလုံး၀ မပါပါဘူး။ မိန်းမဟာ သူမ လင်ယောက်ျားရဲ့ အုပ်စိုးခြင်းကို ဘာကြောင့် ဝန်ခံရပါသလဲ ဆိုတာကတော့ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်ဟာ အဖခမည်းတော်ဘုရားရှေ့တော်မှောက်ကို တိုးဝင်တဲ့အခါ ခန္ဓာကိုယ်ဖြစ်တဲ့ အသင်းတော်ကို ကိုယ်စားပြုပေးနေပါတယ်။ ခမည်းတော်ရှေ့တော်မှာ ဦးခေါင်းက (ခရစ်တော်) ကိုယ်စားပြုတဲ့ အတိုင်း ခန္ဓာကိုယ် (အသင်းတော်) က ဝန်ခံရပါတယ်။ တကယ်လို့ မိန်းမဟာ မိမိ လင်ယောက်ျားရဲ့ အုပ်စိုးခြင်းကို ဝန်မခံတဲ့အခါ အသင်းတော်က ခရစ်တော်ရဲ့ အုပ်စိုးခြင်းကို ဝန်ခံတယ်ဆိုတဲ့ ပုံဆောင်ချက်ဟာ ပျက်ယွင်းသွားမှာဖြစ်ပါတယ်။
 
လောက လူတွေရဲ့ လောကီဆန်ဆန် အတွေးများကတော့ လက်ထပ်ခြင်း ထဲမှာ ယောက်ျား မိန်းမ တန်းတူ ညီမျှ ဖြစ်သင့်တယ်ဆိုပြီး စဉ်းစားဆုံးဖြတ်ကြပါတယ်။ ဘာကြောင့်လဲ ? လောကသားတွေလက်ခံထားတဲ့ လက်ထပ်ခြင်းဟာ ဘာကိုမှ ပုံဆောင်မထားပါဘူး။ ပုံဖော်ချက်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်သူတွေရဲ့ လက်ထပ်ခြင်းကတော့ ခရစ်တော်နဲ့ အသင်းတော်ကို တိုက်ရိုက် ပုံသက်သေဖြစ်စေတဲ့အတွက် အိမ်ထောင်ရှင် ခရစ်ယာန်ဇနီးခင်ပွန်း ၂ဦးစလုံးဟာ သမ္မာတရားနဲ့ ညီတဲ့ သန့်ရှင်းသောအသက်တာကို သန့်ရှင်းသောဝိညာဉ်တော်ဘုရား လမ်းပြခြင်းအားဖြင့် သမ္မာသတိ ရှိစွာ လျှောက်လှမ်းတတ်ဖို့ အလွန်ပဲအရေးကြီးပါတယ်။ သမ္မာကျမ်းစာက ပြောတဲ့ လက်ထပ်ခြင်းဟာ ဘုရားသခင်ကိုယ်တော်တိုင် ထမ်းပိုးတင်တော်မူတဲ့ အရာဖြစ်လို့ လောကီနဲ့ ဆိုင်တဲ့အရာတစ်ခု မဟုတ်ပါဘူး။ လူကလည်း ခွဲခွာလို့ မရပါဘူး။ လက်ထပ်ခြင်းဟာ ဘုရားနဲ့ဆိုင်တဲ့ အရာပဲဖြစ်ပါတယ်။
“ဘုရားသခင် တွဲဖက်၍ ထမ်းပိုးတင်တော်မူသောအရာ (လက်ထပ်ထိမ်းမြားခြင်း) ကို လူမခွဲမခွာစေနှင့်” (ရှင်မာကု ၁၀ : ၉)
 
ဘုရားကိုယ်တိုင်က လက်ထပ်ခြင်း ဆိုတာကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ ခရစ်တော်က သူ့ရဲ့ အသွေးတော်နဲ့ ရွေးဝယ်ထားတဲ့ အသင်းတော်ကို သူဘယ်လောက်ချစ်ကြောင်း၊ ဘယ်လိုချစ်ကြောင်း ကို လောကသားတွေ မျက်မြင်သိနိုင်ဖို့ လက်ထပ်ခြင်း ဆိုတာကို လောကမှာ ပုံသက်သေအဖြစ်ထားပေးထားတာပဲဖြစ်ပါတယ်။
လောကီသားတွေ ရဲ့ လက်ထပ်ခြင်းကို အရိုးရှင်းဆုံး ဖွင့်တဲ့ အဓိပ္ပာယ်ကတော့ မတူတဲ့ ဘဝနှစ်ခု၊ လူနှစ်ဦး ပေါင်းစည်းခြင်းဖြစ်ပြီး ခရစ်ယာန်တွေအတွက် လက်ထပ်ခြင်းကတော့ “ပြီးပြည့်စုံတဲ့ အာဒံတစ်ဦးတည်း အဖြစ် ပြန်လည်ပေါင်းစည်းခြင်း” ပဲဖြစ်ပါတယ်။ “ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကို စွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝှဲသဖြင့် ထိုသူတို့သည် တသားတကိုယ်တည်းဖြစ်ရလိမ့်မည်။”သန့်ရှင်းသူတို့ မင်္ဂလာဆောင်ခြင်းအမှုဟာ ခရစ်တော်နဲ့ အသင်းတော်ရဲ့ ရင်းနှီးကျွမ်းဝင်မှု (relationship) ကိုပုံဆောင်တဲ့အတွက် ထိုအရာဟာ သဘောတူညီမှုတစ်ခု၊ သာမန်စာချုပ်တစ်ခု နဲ့ လူနှစ်ဦးအတူတူပေါင်းသင်းနေထိုင်တယ်ဆိုတာထက် အများကြီးပိုလေးနက်ပါတယ်။ လက်ထပ်ခြင်း ဟာ အသွေးနဲ့ သစ္စာပြုတဲ့ ပဋ္ဋိညာဉ်တစ်ခုပဲဖြစ်ပါတယ်။
 
သခင်ဘုရားရဲ့အသွေးတော် ပဋ္ဋိညာဉ်ထဲမှာ ရှေ့ဦးစွာ ရှိထားပြီးမှသာ အသင်းတော်ဟာ သခင်ဘုရားနဲ့ တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်းကို ဆက်ဆံနိုင်မှာဖြစ်သလို အလားတူပဲ ထိမ်းမြားလက်ထပ်ခြင်းပဋ္ဋိညာဉ် ထဲမှာရှိထားပြီးမှသာ ဇနီးခင်ပွန်း နှစ်ဦးဟာ လိင်ဆက်ဆံခြင်းကို ပြည့်ဝစုံလင်စွာ မွေ့လျော်ခံစားဖို့ပဲဖြစ်ပါတယ်။ အကြင်လင်မယားနှစ်ဦးစလုံးအတွက် သစ္စာသံဝါသ ပြုခြင်းဟာ ခန္ဓာကိုယ်သာယာမှု တစ်ခုတည်းအတွက်သာမဟုတ်ဘဲ စိတ်နှလုံး ၂ ခုပေါင်းစည်းခြင်း အပြန် အလှန်တန်ဖိုးထားခြင်း၊ နားလည်ခွင့်လွှတ်ခြင်း၊ ယုံကြည်စိတ်ချခြင်း စတာတွေကိုပါ တည်ဆောက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဇနီးခင်ပွန်း ၂ ဦးစလုံးဟာ လိင်ဆက်ဆံတဲ့အခါ မိမိတို့ ကိုယ်မှာဝတ်ထားတဲ့ အဝတ်အစားအဖုံးအကွယ်တွေကို ဖွင့်ထားသလို ၂ ဦးစလုံးရဲ့ စိတ်နှလုံး (နှလုံးသား) ကိုလည်း ဖွင့်ထားဖို့ လိုပါတယ်။ ဒီအရာအားလုံးဟာ ချစ်ခြင်းမေတ္တာကိုအခြေခံပြီး ဖြစ်လာတာပဲဖြစ်ပါတယ်။ ထိုအရာသည်ပင်လျှင် စီရင်ခြင်း၊ ရှက်ကြောက်ခြင်းနဲ့ ကင်းလွတ်တဲ့ ကောင်းချီးတစ်ခုပဲဖြစ်ပါတယ်။
“ခပ်သိမ်းသောသူတို့၌ မင်္ဂလာဆောင်ခြင်း အမှုနှင့် သစ္စာသံဝါသပြုခြင်း (ကာမဆက်ဆံခြင်း) အမှုသည် အသရေ ရှိစေလော့” (ဟေဗြဲ ၁၃ : ၄)
“Marriage is honorable among all, and the bed undefiled” (Hebrews 13:4)
 
ထိုနှုတ်ကပတ်တော်ကို ဆင်ခြင်တဲ့အခါ သံဝါသပြုခြင်း ဆိုတဲ့ စကားလုံးရှေ့မှာ သစ္စာ ဆိုတဲ့ စကားလုံး ကို တွေ့ရပါတယ်။ ဒါကြောင့် “သစ္စာသံဝါသပြုခြင်း” လို့ပြောထားခြင်းဟာ မိမိရဲ့ သံဝါသပြုခြင်း (တနည်း) ကာမဆက်ဆံခြင်းဟာ လက်ထပ်ထားတဲ့ မိမိရဲ့ကြင်ဖော်နှင့်သာ သစ္စာရှိစွာ ပြီးမြောက်စေရမယ် ဆိုတာဖြစ်တယ်။ ထပ်ပြီးတော့မှ “သစ္စာသံဝါသပြုခြင်း” ဆိုတဲ့ အရာ မလာခင် အရင်ဆုံး “မင်္ဂလာဆောင်ခြင်း အမှု” ဆိုတဲ့ အရာ အရင်လာပါတယ်။ သဘောကတော့ မိမိရဲ့ကြင်ဖော် နှင့်သစ္စာရှိရှိ သံဝါသပြုခြင်း သည်ပင်လျှင် “မင်္ဂလာဆောင်ခြင်းအမှု ဦးစွာပြီး မြောက်မှသာ ထိုအရာ(သံဝါသပြုခြင်းအမှု) ၌ မွေ့လျော်ခြင်းကို ပြုရမှာဖြစ်တယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်”
(အရှင်းဆုံး ပြောရရင် လက်မထပ်ဘဲ အတူနေခြင်း၊ (Living together) အမှုတွေကို လုံးဝရှောင်ကြဉ်ရမှာဖြစ်ပါတယ်)
ဘုရားသခင်ဟာ လောကမှာ ယုံကြည်သူတွေအတွက် မင်္ဂလာဆောင်ခြင်းကို ထားခြင်းဟာ လောကီသားတွေ မမြင်နိုင်တဲ့ ခရစ်တော်ရဲ့ အသင်းတော်ကို ချစ်တဲ့ အချစ်နဲ့ အသင်းတော်က ခရစ်တော်ထံ ဝန်ခံခြင်းကို ပုံသက်သေအဖြစ်မြင်စေဖို့ ထား ထားခြင်းပဲဖြစ်ပါတယ်။ ဘုရားက Sex ကို ဖန်တီးခဲ့တာပါ။ ဒါပေမဲ့ အရေးအကြီးဆုံးအချက် Sex ကို လက်ထပ်ခြင်းဆိုတဲ့ ပဋ္ဋိညာဉ်ထားရှိထားတဲ့ အဝန်းအဝိုင်းထဲမှာပဲ မွေ့လျော်စေဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ Sex ဟာ လင်မယားနှစ်ဦးရဲ့ ပေါင်းစည်းခြင်း တစ်သားတစ်ကိုယ်တည်းဖြစ်ခြင်း Union ကိုတည်မြဲစေပါတယ်။
 
အဲလိုသန့်ရှင်းပြီး နက်နဲတဲ့ အနှစ်သာရနဲ့ ပြည့်ဝတဲ့ “အရာ” ကို ကမ္ဘာဦးကတည်းက ရန်သူစာတန်က အဓိကပစ်မှတ် ထားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ရန်သူဟာ သူရဲ့ တိုက်ခိုက်ခြင်းကို လူမိန်းမကနေ အစပြုခဲ့ပါတယ်။ ထိုအရာဟာ လူမိန်းမ ဧဝအတွက် ရန်သူရဲ့ အပြစ်သွေးဆောင်ခြင်းဖြစ်ခဲ့ပြီး အာဒံအတွက် တော့ ဘုရားသခင်ရဲ့ စုံစမ်းစစ်ဆေးခြင်း ဖြစ်ခဲ့ပါတယ်။ ရန်သူဟာ လူမိန်းမ ကို အရင်ဆုံး သွေးဆောင်ခဲ့တယ်။ လူမိန်းမ ဧ၀ ဟာ မစားရဘူးလို့ ပညတ်ထားတဲ့ အသီးကိုစားခဲ့ပြီး သူမရဲ့ ခင်ပွန်း အာဒံကိုလည်းစားစေတဲ့အခါ အာဒံဟာ သူသိပ်ချစ်တဲ့ ဧ၀ (တနည်း) သူ့ရဲ့ ခန္ဓာကိုယ်ဟာ အပြစ်ကြောင့်သေရတော့မှာကို သိနေခဲ့ပါတယ်။ ဒါပေမဲ့ သူသိပ်ချစ်တဲ့ ဧ၀ (သူ့ရဲ့ ခန္ဓာကိုယ်) သေသွားရင် သူလည်းပဲ သူမနဲ့အတူလိုက်ပြီး သေမယ်လို့ “ဆုံးဖြတ်ချက်”ချခဲ့ပြီး သူမပေးတဲ့ အသီးကိုစားခဲ့ပါတယ်။
ပထမဆုံး လူသားအာဒံရဲ့ အမှား (တနည်း) စုံစမ်းစစ်ဆေးခြင်းအားရှုံးနိမ့်မှုကတော့ သူဟာ ဘုရား (လက်ဆောင်ပေးသူ) ထက် ဧ၀ (လက်ဆောင်) ကို ပိုပြီး ချစ်ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျမ်းစာမှာ ဧဝဟာ ရန်သူရဲ့ လှည့်စားခြင်းကိုခံရလို့ ထိုအသီးကို စားခဲ့တာဖြစ်ပြီး အာဒံကတော့ သိရက်နဲ့ ဆုံးဖြတ်တာဖြစ်ခဲ့တယ်ဆိုတာကို တွေ့ရပါတယ်။
>> (ထာဝရအရှင်ဘုရားသခင်ကလည်း သင်သည် အဘယ်သို့ ပြုပြီးသနည်းဟု မိန်းမအားမေးတော်မူလျှင် ၊ မိန်းမက မြွေသည် ကျွန်တော်မကို လှည့်စား၍ ကျွန်တော်မသည် စားမိပါပြီဟု လျှောက်လေ၏။ ကမ္ဘာ ၃ : ၁၃)
>> (ယောက်ျားကိုလည်း ထိုအပင်၏ အသီးကိုမစားရဟု ငါပညတ်သော်လည်း၊ သင်သည်မယား၏ စကားကို နားထောင်၍ (တနည်း – ချစ်၍ ဆုံးဖြတ်သောကြောင့်) စားမိသောကြောင့်… ကမ္ဘာ ၃ : ၁၇)
ဧဝဟာ အလှည့်စားခံခဲ့ရသလို အာဒံဟာလည်း သူချစ်တဲ့ သူ့မယားနဲ့အတူ သေဖို့ ဆုံးဖြတ်ခဲ့ရာက လူသားမျိုးနွယ်တစ်ခုလုံး ကျဆုံးခြင်းဖြစ်ခဲ့ရပါတယ်။ ဘုရားထံမှ လူသားမျိုးနွယ်တစ်ခုလုံးနဲ့ သက်ရှိသတ္တဝါအားလုံးကို အုပ်စိုးခြယ်လှယ်ခွင့် ရရှိထားခဲ့တဲ့ အာဒံရဲ့ ကျဆုံးခြင်းနဲ့ အတူ အပြစ်တရားကြောင့် ဝင်ရောက်လာတဲ့ သေခြင်းတရားဟာ ဝမ်းနည်းစရာတွေ နဲ့ ပြည့်နှက်နေတဲ့ ပရမ်းပတာဖြစ်ခြင်း အကျိုးဆက်တွေကို လူသားမျိုးနွယ် သက်ရှိသတ္တဝါအားလုံးထံ သယ်ဆောင်လာခဲ့ပါတယ်။
ဘုရားသခင်ရဲ့ အမြင်မှာတော့ လူသား နှစ်ဦးကိုသာ မြင်ပါတယ်။“ပထမဆုံး လူသား အာဒံ” နဲ့ “နောက်ဆုံး လူသားအာဒံ” ပဲဖြစ်ပါတယ်။
 
ထိုသူနှစ်ဦးဟာ လူသားမျိးနွယ်အားလုံးကို ကိုယ်စားပြုနေသလိုမျိုးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေ နဲ့ ဘုရားက မစားရလို့ပညတ်ထားတဲ့ အသီးကို ကျွန်တော်တို့ကိုယ်တိုင် စားဖို့အခွင့်အရေးတောင်မရလိုက် ပါဘူး။ အာဒံ အသီးစားလိုက်လို့ သူကျဆုံးသွားတဲ့အခါ ကျွန်တော်တို့ဟာလည်း သူ့အထဲကနေ ကျဆုံးမှုကို ဆက်ဆံနေခဲ့ပြီးသားဖြစ်ပါတယ်။ ဘုရားဟာ မမွေးသေးတဲ့ အမျိုးအတွက် အမှန်တကယ် ပဲ အလေးအနက်ထား ဂရုစိုက်ပါတယ်။ ကျမ်းစာတစ်ချက်မှာ ဟေဗြဲသြဝါဒစာကိုရေးသူဟာ လေဝိဟာ အာဗြဟံ အားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီလို့ ပြောထားပါတယ်။ အကြောင်းမူကား၊ မေလခိ ဇေဒက်သည် အာဗြဟံကိုတွေ့သောအခါ လေဝိသည် မိမိ အဘ (အာဗြဟံ) ၏ ကိုယ်၌ရှိသတည်း။
(ဟေဗြဲ ၇ : ၉ )
လေဝိက မွေးတောင်မမွေးသေးပါဘူး။ ဒါပေမဲ့ ဘုရားက ထည့်စဉ်းစားပေးပါတယ်။ အာဗြံဟံ က ပေးခဲ့တာကို သူ့ရဲ့ အနာဂတ်မျိုးဆက်ကလည်း အာဗြဟံအထဲကနေ ပေးတယ်လို့ ဘုရားက သတ်မှတ်ပေးတာပဲဖြစ်ပါတယ်။ အဲဒီ concept ဟာ မျိုးစေ့ (အမျိုးအတွက်) မှန်နေရင် အပြစ်တရားအတွက်လည်း မှန်နေပါတယ်။ အာဒံဟာ အပြစ်လုပ်ခဲ့ပြီး အာဒံနည်းတူ မလုပ်ခဲ့တဲ့သူတွေအတွက်လည်း ဒီ အပြစ်မျိုးစေ့ဟာ ထည့်စဉ်းစားခြင်းခံနေရတာပဲဖြစ်ပါတယ်။ သို့သော်လည်း ကျေးဇူးတော်ကြွယ်ဝတဲ့ ဘုရားဟာ ကာလအချိန်စေ့စုံခြင်းသို့ရောက်တဲ့အခါ မှာ ဘုရားသခင်ဟာ သူ့ရဲ့တစ်ပါးတည်းသော သားတော် ယေရှုကို အပျိုစင် မာရိရဲ့ ဝမ်းထဲသို့ စေလွှတ် တော်မူခဲ့ပါတယ်။
 
“ယေရှု” လို့နာမတော်ရှိပြီး ထိုပုဂ္ဂိုလ်လူသားဟာ ဒုတိယနဲ့ နောက်ဆုံး အာဒံအဖြစ်လည်း ဤလောက သို့ ကြွလာခဲ့တာဖြစ်ပါတယ်။
ယေရှု ဟာလည်း ပထမဆုံး လူသား အာဒံကဲ့သို့ ပြီးပြည့်စုံတဲ့ လူသားတစ်ယောက်ဖြစ်ပြီး သူဟာ လူသားအားဖြင့် လူ့သဘာဝအလျောက် မေထုန်သံဝါသအားဖြင့် မွေးဖွားခြင်းမဟုတ်ဘဲ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် အပျိုစင် ဝမ်းမှ ဖွားမြင်ခဲ့ပါတယ်။
ဖွားမြင်ခြင်းဟာ သာမန်မဟုတ်ပါဘူး။ အံသြဖွယ်ဖြစ်ပါတယ်။ လောက အဖေ မရှိပါဘူး။ ကောင်းကင်အဖ ဆီကနေ ရောက်လာတာဖြစ်ပါတယ်။ ကောင်းကင်အဖဆီကနေ တိုက်ရိုက်ရောက်လာတာ ဖြစ်လို့ လောကအဖေရဲ့ အသွေးနဲ့ ကင်းရှင်းတဲ့အတွက် ယေရှုရဲ့ အသွေးထဲမှာ လောက ညစ်ညူးခြင်းအပြစ် တစ်စွန်းတစ်စမျှမရှိပါဘူး။ ဒီနေရာမှာ ကျွန်တော်တို့ဟာ အသစ်ပြုပြင် ဖန်ဆင်းခြင်း လုပ်ငန်းစဉ်အတွက် စွမ်းရည် (potential) ကို တွေ့မြင်ရပါတယ်။
(၂ ကော ၅ : ၁၇)
 
ဖန်ဆင်းခြင်း ကာလမှာ ကျဆုံးသွားတဲ့ ပထမ အာဒံရဲ့ အကျိုးဆက်တွေအားလုံးကို ပြန်လည်ရွေးနှုတ်ဖို့ ဘုရားရဲ့ ရွေးနှုတ်ခြင်းအကြံအစည်တော်ထဲက နောက်ဆုံးအာဒံဟာ မြေကြီးပေါ်ကို ရောက်လာခဲ့ပြီဖြစ်ပါတယ်။ သူဟာ ၃၃ နှစ်ခွဲ မြေကြီးပေါ်မှာ ကျင်လည်ခဲ့ပြီး သူနဲ့ သင့်တော်တဲ့ အထောက်အမ တစ်ယောက်မျှ မတွေ့ခဲ့ မရှိခဲ့ပါဘူး။ (တနည်း) သခင်ယေရှုဟာ မည်သည့် မိန်းမတစ်ယောက်ယောက်နဲ့မှ အိမ်ထောင်မပြုခဲ့ပါဘူး။ မြေခွေးမှာ တွင်း ရှိတယ်။ ငှက်မှာ အသိုက်ရှိပေမဲ့ လူသား (နောက်ဆုံးအာဒံ)အတွက် ခေါင်းချရန် နေရာပင်မရှိခဲ့ပါဘူး။ ဒါပေမဲ့ ပထမလူသားအာဒံအတွက် သူရဲ့ နံရိုးကိုထုတ်ပြီး အထောက်အမကို ရှာပေးခဲ့တဲ့ ဘုရားဟာ နောက်ဆုံးအာဒံဖြစ်တဲ့ ယေရှုအတွက် ကားတိုင်လမ်းကို စီစဉ်ထားခဲ့ပါတယ်။
 
“အိုအဘ၊ အလိုတော်ရှိလျှင် ဤခွက်ကို အကျွန်ုပ်မှ လွှဲတော်မူပါ။ သို့သော်လည်း အကျွနု်ပ်အလို ရှိသည်အတိုင်း မဖြစ်ပါစေနှင့်၊ ကိုယ်တော်အလိုရှိသည်အတိုင်း ဖြစ်ပါစေသော” နောက်ဆုံးအာဒံ ဖြစ်တဲ့ ယေရှုဟာ ခမည်းတော်ရဲ့ အလိုတော်ကို ဝန်ခံပြီးတဲ့နောက်ဆုံး မှာ သူ့အတွက် ခေါင်းချရာနေရာရရှိခဲ့ပါတယ်။ သူချစ်တဲ့ သတို့သမီးနဲ့ ပြန်လည်ပေါင်းစည်းဖို့ သွေးသစ္စာ ကတိပြုဖို့အတွက် ကားတိုင်အထက်မှာ နေရာကျခဲ့ပါတယ်။ ပထမအာဒံကို နံဘေးမှ နံရိုးကိုထုတ်ယူ ခဲ့သလို လက်ဝါးကပ်တိုင်မှာ လဲလျောင်းနေတဲ့ ခရစ်တော်ရဲ့ နံဘေးတော်ကို ဖောက်ဝင်သွားတဲ့ လှံချက်ရာကနေ စီးကျလာတဲ့ အသွေးတော် ပဋ္ဋိညာဉ်အားဖြင့် ပဋ္ဋိညာဉ်တရားအသစ် ရဲ့ အသင်းတော်ဟာ မွေးဖွားလာခဲ့ပါတယ်။
 
အခုဆိုရင် နောက်ဆုံး အာဒံဟာ ကားတိုင်ပေါ်ကနေ သူ့ရဲ့ ခမည်းတော်ပေးတဲ့ သတို့သမီး (အသင်းတော်) ကို မြင်ခဲ့ရပါပြီ။ ကရာနီကုန်းပေါ်က ကားတိုင် (၃) ခု ပေါ်က လူသုံးယောက်ကို ကြည့်လိုက်ပါ။ ညာဘက်တစ်ယောက် က အပြစ်ကြောင့် သေသွားပါတယ်။ ဘယ်ဘက်က တစ်ယောက်ကလည်း အပြစ်ထဲမှာပဲ သေသွားပါတယ်။ အလယ်က တစ်ယောက်ကတော့ အပြစ်အတွက် အသေခံခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ဟာ ပထမလူသားအာဒံနဲ့ နောက်ဆုံးလူသားအာဒံ (သခင်ယေရှု) ရဲ့ ခြားနားချက်ကို တွေ့ရမှာဖြစ်ပါတယ်။
ပထမအာဒံက တော့ သူချစ်ရတဲ့ သူ့မိန်းမ သေတော့မှာမို့လို့သူလည်း အတူတူလိုက်ပြီး သေခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးအာဒံကတော့ သူ့ချစ်ရတဲ့ သတို့သမီးက သေနေတာဖြစ်လို့ သူ့အသက်နဲ့ လဲပြီး အသေခံပေးခဲ့တာဖြစ်ပါတယ်။ ဒီအရာသည်ပင်လျှင် ခရစ်တော်နဲ့ အသင်းတော် ရဲ့ ပတ်သက်ဆက်နွယ်မှုကို ဇနီးခင်ပွန်းရဲ့ ပတ်သက်ဆက်နွယ်မှုအားဖြင့် သရုပ်ဖော်မြင်တွေ့နိုင်ဖို့ အတွက် ဘုရားက လက်ထပ်ခြင်းကို လောကမှာ ထားပေးထားတာပဲဖြစ်ပါတယ်။
 
မေတ္တာဖြင့်
John Wick