Skip to content
ကျွန်တော်တို့အများစုက ဘုရားသခင် အကြောင်းပြောကြတဲ့အခါမှာ ဘုရားသခင်ရဲ့ တန်ခိုးတော်အကြောင်းအရာပဲ ပြောဖြစ်လေ့ ရှိကြတယ်။ ဘုရားလို့ ပြောလိုက်ရင်လည်း သူက တန်ခိုးတော်ရှင် အရာခပ်သိမ်းကို တတ်နိုင်တယ်၊ ဘာမဆို လုပ်ပေးနိုင်တယ်၊ အကုန်လုံးပေါ်မှာ အစိုးရတယ် ဆိုတာပဲ ကြားချင်ကြတယ်။ နောက်တစ်ခုရှိသေးတာက – “ဘုရား” တကြတဲ့အခါမှာပဲ ကြည့်လိုက် တစ်စုံတစ်ခုကို လုပ်ဆောင်နိုင်စွမ်းမရှိတော့တဲ့အခါမှာ လုပ်ဆောင်ပေးမယ့်သူ (လုပ်ဆောင်ပေးနိုင်သူ) ဘုရားသခင်ကိုပဲ တကြတာများတယ်ဆိုတာ ငြင်းလို့ မရပါဘူး။
 
ဟုတ်ပါတယ်။ ဘုရားသခင်ဟာ အနန္တတန်ခိုးရှင်ဖြစ်တယ်ဆိုတာ ၁၀၀ % (ရာနှုန်းပြည့်) မှန်ပါတယ်။ သူဟာ အရာခပ်သိမ်းကို တက်စွမ်းနိုင်တယ် ဆိုတာလည်း ဟုတ်ပါတယ်။ သူသာ အကြီးမြတ်ဆုံး တန်ခိုးရှင် ဖြစ်တယ် ဆိုတာ သမ္မာကျမ်းစာထဲမှာလည်း ရှင်းလင်းစွာ ပြောထားပါတယ်။ သူ့ထက် ကြီးမြတ်တဲ့သူ မရှိတော့သလို သူ့လောက်လည်း ဘယ်သူ (ဘယ်အရာ) ကမှ တတ်စွမ်းနိုင်သူ မရှိပါဘူး။ ဘုရားသခင်ဟာ ပြိုင်စံရှားမဟုတ်ပါဘူး။ ဘုရားသခင်မှာ ပြိုင်ဘက်ကို မရှိတာပါ။ God is exclusively God ပါ။
 
ဟုတ်ပါပြီ – အခုချိန်မှာ ပြောချင်တာက ဘုရားသခင်ဟာ တန်ခိုးတော် (Power) သို့မဟုတ် တန်ခိုးတော်ရှင် (Powerful) သက်သက် မဟုတ်ပါဘူး။ သူဟာ ပုဂ္ဂိုလ်တစ်ပါး (Person) ဖြစ်ပါတယ်။ ဆိုတော့ သူ့မှာ ပုဂ္ဂိုလ်ဖြစ်ခြင်းနဲ့ ဆက်အပ်တဲ့ ဖြစ်တည်ခြင်း/ဆန္ဒတွေ၊ ဂုဏ်အင်္ဂါလက္ခဏာတွေ (Characteristics or Attributes) ရှိပါတယ်။ ဆိုတော့ သမ္မာကျမ်းစာတော်မှာ ဖွင့်ပြတော်မူထားတဲ့အတိုင်း ပြောရရင် ဘုရားသခင်ဟာ တန်ခိုးတော်ရှင် ဖြစ်သလို၊ ဉာဏ်တော်ရှင်လည်း ဖြစ်တယ်။ ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာရှင် ဖြစ်သလို၊ သန့်ရှင်းတော်မူတယ်။ ဘုရားသခင်ဟာ ကျေးဇူးတော်ရှင် ဖြစ်သလို၊ အပြစ်ကိုလည်း ဖြောင့်မတ်စွာ စီရင်တော်မူတယ်။ ဘုရားသခင်က ကောင်းမြတ်တော်မူသလို၊ အပြစ်ကို ရွံ့မုန်းတဲ့သူလည်း ဖြစ်တယ်။ ဥပမာ ၂ ခုလောက် ပေးရမယ် ဆိုရင် သူ့ရဲ့ ဖန်ဆင်းခြင်းအမှုမှာလည်း ဘုရားသခင်ရဲ့ တန်ခိုးတော်ပဲ ကျွန်တော်တို့ တွေ့ခဲ့ရတာမဟုတ်ပါဘူး၊ နောက်တစ်ခုက ကယ်တင်ခြင်းအမှုမှာလည်း ဘုရားသခင်က တန်ခိုးတော်တစ်ခုတည်းနဲ့ပဲ ကယ်တင်ခဲ့တာ မဟုတ်ပါဘူး။ သူ့ရဲ့ ကျေးဇူးတော်၊ ဂရုဏာတော်၊ စေတနာတော်၊ ခပ်သိမ်းသော ပညာတော်၊ မေတ္တာတော် နဲ့အညီ တရားတော်ကို မဖောက်ဖျက်ပဲ တရားတော်နှင့်အညီ လူကို ကယ်တင်ခဲ့တာကိုလည်း တွေ့ရတယ် (ဧဖက်၊ ၁ : ၃-၈)။ တရားတော်နဲ့အညီလို့ ပြောတဲ့အခါမှာ လူကို ကယ်တင်ဖို့ လူသားဇာတိကို သူခံယူခဲ့တယ်။ လူကိုကယ်တင်ဖို့အတွက် အချိန်ဇုံထဲကို လူသားအဖြစ် ခံယူခဲ့တယ်။ ဒါကြောင့်လည်း ငါ့အချိန်မရောက်သေး သို့မဟုတ် အချိန်စေ့ပြီ ဆိုပြီး သခင်ယေရှုကိုယ်တိုင်က အချိန်တစ်ခုအောက်မှာ နှိမ့်ချစွာ အမှုပြုနေခဲ့တာ တွေ့ရတယ်။ (ဒါနဲ့ပတ်သက်လို့ ရေးစရာ/တင်ပြစရာ အများကြီး ရှိပေမယ့် ဒီလောက်နဲ့ နားလည်မယ်လို့ ယူဆတဲ့အတွက် တင်ပြလိုတဲ့ အကြောင်းအရင်းကိုပဲ ဆက်သွားပါမယ်။)
ဒါကြောင့် ဘုရားသခင်ကို ကျွန်တော်တို့ ကိုးကွယ်ယုံကြည်တယ်လို့ပြောတဲ့အခါမှာ သူ့ရဲ့ တန်ခိုးကြီးခြင်းကိုပဲ မျှော်လင့်တောင့်တနေတယ်ဆိုရင် ကျွန်တော်တို့ရဲ့ ကိုးကွယ် ယုံကြည်မှုကို စစ်ဆေးဖို့လိုပါတယ်။ ဘုရားသခင်ကို မလိုချင်ဘဲ သူ့ရဲ့ တန်ခိုးတော်ကိုပဲ လိုချင်တဲ့ ဘုရားသခင်ကို သာပေါင်းညာစားနေတဲ့ သူတွေများ ဖြစ်နေမလားဆိုတာ စစ်ဆေးစရာပါ။ အဲဒီလိုသာဆိုရင် သင်ဟာ ဘုရားသခင်ကို ကိုးကွယ်သူမဟုတ်၊ ကိုယ့်အတ္တကိုသာ ကိုးကွယ်လို့ ကိုယ်လွတ်မြောက်ဖို့ ဘုရား ‘တ’ တယ် ဆိုရုံထက် မပိုတာကို တွေ့ရပါလိမ့်မယ်။
အထူးသဖြင့် ဒီလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြားမှာ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ တန်ခိုးတော်ကို မျှော်လင့်နေကြတာ မမှားဘူးဆိုပေမဲ့၊ တန်ခိုးတော်တစ်ခုပဲ ကြည့်နေမယ်ဆိုရင်တော့ သင် မသိလိုက်တဲ့ အချိန်မှာ သင်ဟာ ဘုရားနာမတော်ကို ဆွဲကိုင်ရင်းက (မိမိရဲ့ အတ္တသဘောကြောင့်) အစွန်းရောက် ဖြစ်သွားနိုင်ပါတယ်။ သတိပြုပါလေ။
 
အချိန်အတိုင်းအတာ တစ်ခုထိ စောင့်နေရတယ်၊ လူသားတို့ရဲ့ ကပ်ဆိုးတိုက်ထုတ်ဖို့ ဆေးဝါးတွေကို စောင့်နေရတယ်ဆိုတာက ဘုရားသခင်သည် မတတ်စွမ်းလို့ သို့မဟုတ် ခပ်သိမ်းသောအရာတို့အပေါ် အစိုးရခြင်း မရှိလို့ မဟုတ်ပါဘူး။ သူဟာ လက်ရှိအချိန်မှာလည်း အမြင့်ဆုံး ပုလ္လင်ပေါ်မှာပါပဲ။ သို့သော် ကျွန်တော်တို့ မျှော်လင့်ထားသလိုတော့ သူ အလုပ်လုပ်ချင်မှ လုပ်လိမ့်မယ်။ သေချာတာကတော့ ဘုရားသခင်ဟာ ခပ်သိမ်းသောအရာတို့ကို (Covid-19 အပါအဝင်ပေါ့) အမှုပြုတဲ့အခါမှာ သူ့ရဲ့ စုံလင်သော ဖြစ်တည်ခြင်းနဲ့ အလုပ်လုပ်နေတယ်ဆိုတာရယ် – သူပြုသမျှသောအမှုတွေဟာ တရားတော်နှင့်အညီ ကျေးဇူးတော်ကြောင့် ချစ်တော်မူသောသူတို့ရဲ့ အကျိုးအတွက် ခပ်သိမ်းသောအရာတို့ကို (Covid-19 အပါအဝင်ပေါ့ သို့မဟုတ် ကျွန်တော်တို့ဟာ Covid-19 ပိုးကူးခံခဲ့တဲ့သူ ဖြစ်ခဲ့ရင်တောင်) တညီတညွှတ်တည်းပြုစုစေရုံသာမက သူ့ရဲ့မေတ္တာတော်ထဲကနေ ကျွန်တော်တို့ကို ဘယ်အရာကမျှ မကင်းကွာစေနိုင်ဘူးဆိုတာ ….. (ရောမ၊ ၈ :၂၈-၃၉)
 
ဘုရားသခင်ကို ဆက်လက်ကိုးစားပါလေ။ ကိုယ်လွတ်ရုန်းဖို့ရန် သခင်၏ တတ်နိုင်တော်မူသော တန်ခိုးကိုသာ မြော်လင့်အားကြီးသူမဟုတ် သခင့်ဘုန်းတော်ထင်ရှားစေရန်အဖို့ သခင့်၏ အလိုတော်ကို၊ ဉာဏ်တော် နှင့် ပညာတော်တို့ကိုလည်း ဝန်ခံတိုးဝင်သူ ဖြစ်ကြစို့။ ဒါ့ပြင် အလိုတော်ကို ဝန်ခံခြင်းအမှု၌လည်း လူကြံ၍ မမီနိုင်သော ငြိမ်သက်ခြင်းကျေးဇူးကိုလည်း ခံစားနိုင်ကြပါစေ (ဖိလိ၊ ၄ : ၇)။
ဘုရားသခင်သာ ကိုးစားထိုက်ပါတယ်။