Skip to content
“အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ကြသည်မှန်လျှင်၊ ဘုရားသခင်၏ လက်ယာတော်ဘက်မှာ ခရစ်တော်သည် ထိုင်နေတော်မူရာအရပ်၌ရှိသော အထက်အရာတို့ကို ရှာကြလော့။- မြေကြီးပေါ်မှာရှိသော အရာတို့ကို စွဲလမ်းသောစိတ် မရှိကြနှင့်။ အထက်အရာတို့ကိုသာ စိတ်စွဲလမ်းခြင်း ရှိကြလော့။- အကြောင်းမူကား၊ သင်တို့သည် သေသောသူဖြစ်၍ သင်တို့အသက်သည် ခရစ်တော်နှင့်အတူ ဘုရားသခင်၌ ဝှက်ထားလျက်ရှိ၏။- ငါတို့အသက်တည်းဟူသော ခရစ်တော်သည် ထင်ရှားတော်မူသောအခါ၊ ငါတို့သည်လည်း ထိုသခင်နှင့်အတူ ဘုန်းကြီး၍ ထင်ရှားကြလတ္တံ့။”
‭‭ကောလောသဲဩဝါဒစာ ၃:၁-၄
 
ကမ္ဘာကြီးပေါ်မှာ လူတွေမထင်မှတ်ထား မမျှော်လင့်ထားတဲ့ virus(covid 19 @ corona virus) ဝင်ရောက်လာတဲ့အခါ လူတွေများစွာအသက်ဆုံးရှုံးခဲ့ရပါတယ်။ ယခုလည်းပဲ ဆက်လက်တိုက်ပွဲဝင်နေရဆဲပါဘဲ။ ကုသဖို့ရာဆေးလည်းမရှိ။ (ကာကွယ်ဆေးအားစမ်းသပ်ရန်အဆိုပြုထားဟုသတင်း၌ဖော်ပြထား) သို့သော်လည်း အကောင်းဆုံး အထိရောက်ဆုံး ကာကွယ်နည်းလမ်းများမှာ အိမ်ထဲ၌နေခြင်း၊ လက်ကိုဆေးခြင်း၊ mask တပ်ခြင်း စသည့်နည်းလမ်းများပင်ဖြစ်သည်။ ယနေ့ကမ္ဘာပေါ်ရှိ လူသားအားလုံးဂရုထား လိုက်နာနေရသည့် စကားစုမှာ “stay at home” ဆိုသည့် “အိမ်ထဲမှာနေပါ” ဟူ၍ဖြစ်သည်။ ယုံကြည်သူများအနေဖြင့်လည်း ဆင်ခြင်သင့်သည့်စကားစုဆိုရင်လည်းမမှားပေ။
ကောလောသဲဩဝါဒစာ အခန်းကြီး၃ အားဖြင့် ပြန်လည်ဆင်ခြင်မိသည့်အရာမှာ ကျွန်ုပ်တို့လူသားတွေအားလုံးသည် မြေကြီးအရာကို တပ်မက်စွဲလမ်းအားကြီးကြသည်။ သေရင်ဘာမှပါမသွားဘူးဆိုသော်လည်း မြေကြီး(လောက) ရဲ့ဆွဲဆောင်မှုနောက်မှာပါနေမြဲပင်။ ခရစ်ယာန်များသည် ခရစ်တော်နှင့်အတူထမြောက်သောသူများဖြစ်သည်။ မိဘများကခရစ်ယာန်ဖြစ်လို့၊ ဘုရားကျောင်းငယ်ငယ်ထဲကတက်လို့ ဆိုပြီး သတ်မှတ်လို့မရပါ။ သခင်ခရစ်တော်၏ အသေခံ၊ အသွေးသွန်းခြင်း၊ သုံးရက်မြောက်သောနေ့၌ရှင်ပြန်ထမြောက်တော်မူခြင်းတည်းဟူသော ဧဝံဂေလိတရားအား နှုတ်ဖြင့်ဝန်ခံလျက် စိတ်နှလုံးဖြင့်ယုံကြည်သောသူသာလျင် ခရစ်ယာန် တနည်းအားဖြင့် ခရစ်တော်နောက်လိုက်သောသူ၊ နောက်တနည်းအားဖြင့်ဆိုသော် ခရစ်တော်နှင့်အတူသေ၍ လောကီတရားနုမှစုတေ့ထမြောက်သောသူဟု ဆိုနိုင်ပါသည်။
 
ထိုသို့သောသူ၏ စိတ်နှလုံးသည် အထက်အရပ်သို့ အစဉ်အမြဲ “stay at home” နေသင့်ပါသည်။ စိတ်စွဲလမ်းနေသင့်ပါသည်။ ရောဂါပိုးကြောင့် အိမ်မှာနေနေတဲ့အခါ ကိုယ့်ရဲ့ “worldly nature” လောကီသားဆန်သောစရိုက် ကိုငြင်းဆန်ဖို့ရန်၊ မစွဲလမ်းဖို့ရန်သတိပြုသင့်ပေသည်။ သခင်ခရစ်တော်နှင့်အတူထမြောက်သည်မှန်လျင် လူဟောင်း၏အကျင့်နှင့်ကိုယ်ကိုပယ်ချွတ်ပြီး သခင့်သဏ္ဌာန်အညီအစ်ပြုပြင်သော လူသစ်ကိုယူတင်ဝတ်ဆောင်သင့်ပါသည်။ ရောဂါပိုးကြောင့် mask တပ်၍လိုက်နာသကဲ့သို့ ဤအရာမှာ အထက်အရပ်ကိုစွဲလမ်းသောခရစ်ယာန်တို့ ဝတ်ဆင်ရသော အရာဖြစ်သည်။
 
ရောဂါပိုးဟာ ဆပ်ပြာကိုကြောက်တယ်လို့ပြောကြပါတယ်။ ဒါကြောင့်လည်း လက်ကိုခဏ ခဏဆေးပေးရပါတယ်။
“ထိုကြောင့် မတရားသော မေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာပူပန်ခြင်း၊ ဆိုးညစ်သော တပ်မက်ခြင်း၊ ရုပ်တုကို ကိုးကွယ်ခြင်းဖြစ်သော လောဘလွန်ကျူးခြင်းတည်းဟူသော၊ မြေကြီးပေါ်မှာရှိသော သင်တို့၏ ကိုယ်အင်္ဂါတို့ကို သေစေကြလော့။”
ခရစ်ယာန်တို့သည် သခင်ခရစ်တော်နှင့်အတူထမြောက်သည်မှန်လျင် ထိုအရာတို့ကိုဖြစ်စေတတ်သော လောကီဆန်သောသဘောတို့ကို သေစေဖို့လိုအပ်ပါသည်။ သခင့်ရဲ့ “ဆေးကြောခြင်း”(sanctification process) ကိုဝိညာဉ်တော်အားဖြင့် သင်သိမှတ်နားလည်နိုင်ပါသည်။ ဒါကြောင့် နာခံတတ်စေပါ။
ဒီကနေ့ ကပ်ရောဂါကြီးကြောင့်အိမ်ထဲမှာပဲ နေနေရလို့ လူတချို့အတွက် ဆုံးရှုံးမှူတွေ နစ်နာမှုတွေရှိကောင်းရှိနေပါလိမ့်မည်။ ခရစ်တော်နောက်သို့ ဧကန်အမှန်လိုက်သောသူတို့အဖို့ အခြေအနေတွေမလှသော်လည်း ခရစ်တော်အားဖြင့်အကျိုးသည်ကြီးလှပါသည်။ ယခုနေအိမ်သည် ပျက်တတ်ပါသည်။ လူ့သဘောလည်းထိုနည်းတူပါပင်။ ခရစ်တော်ကိုမျှော်လင့် မြော်ကြည့်သူတို့အဖို့ အနိစ္စအရာတို့၌တွေဝေမနေဘဲ ခရစ်‌‌‌တော်နှင့်အတူဘုရားသခင်၌ဝှက်ထားလျက်ရှိသော ယုံကြည်သူတို့အသက်တည်ရာ ထာဝရနေအိမ်အထက်အရပ်ကိုစွဲလမ်းလျက်၊ သခင်သည်ထင်ရှားတော်မူသောအခါ သခင်နှင့်အတူဘုန်းကြီး၍ထင်ရှားခြင်းအရာကို မျှော်လင့်လျက် ယခုပင်ဝမ်းမြောက်ကြပါစို့။
ဒါဟာ အထက်အရပ်အိမ်ကပေးထားတဲ့အလုပ်ဖြစ်ပါတယ်။
“Work given from Home above”
 
အထက်အရပ်အိမ်ကိုမျှော်လင့်လျက်
λόγος